သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆင့်အတန်းကျဆင်းနေတဲ့ အထက်တန်း ပညာရေး


Education
Education
ဦးသိန်းစိန်အစိုးရရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အစီအစဉ်တွေကို အကောင်အထည်ဖော်ရာမှာ စွမ်းရည်ရှိသူ အလွန်ရှားပါးနေတဲ့ ပြဿနာကို ပြည်တွင်းပြည်ပမှာ အခုတလော ဆွေးနွေးနေကြပါတယ်။ စာနယ်ဇင်း လွတ်လပ်မှု အထိုက်အလျှောက်ရှိလာလို့ ပညာရေးချွတ်ခြုံကျမှုတွေကို သတင်းဂျာနယ်တွေမှာ ရေးသားလာကြပါတယ်။ ပညာရေး အဆင့်အတန်း နှိမ့်ကျနေတာကို အစိုးရကစပြီး အသိအမှတ်ပြုတဲ့အတွက် ပညာရေးလောကမှာ နှီးနှောဖလှယ်ပွဲတွေ လုပ်လာတာ တွေ့ရပါတယ်။

လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလက ပညာရေးနဲ့ ကျန်းမာရေး မြှင့်တင်ဖို့ နေပြည်တော်မှာ (၃) ရက် ဆွေးနွေးပွဲ ကျင်းပပါတယ်။ ရန်ကုန်တက္ကသိုလ်က ထွက်ခွါပြီး နယူးရော့ခ် Columbia တက္ကသိုလ်မှာ ၁၉၆၉ ကတည်းက ပါမောက္ခလုပ်နေသူ ဆရာ ရော်နယ်ဖင်လေးနဲ့ ၁၉၅၉ က ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ်လုပ်ခဲ့တဲ့ လန်ဒန်စီးပွားရေး အငြိမ်းစားပါမောက္ခ ဆရာလှမြင့် တို့လည်း ပါဝင်ဆွေးနွေးကြပါတယ်။ ဒီပုဂ္ဂိုလ် (၂) ဦးကိုကြည့်ရင် တချိန်က ရန်ကုန်တက္ကသိုလ်ရဲ့ ပညာရေးအဆင့်အတန်းကို အနောက်တိုင်းက လေးစားတာ သိသာထင်ရှားပါတယ်။ အာဆီယံနိုင်ငံတွေမှာ သင့်လျော်တဲ့ စီးပွားရေးလမ်းစဉ် ချမှတ်နိုင်အောင် ဆရာလှမြင့် ဦးဆောင်တဲ့ ADB ပညာရှင်အဖွဲ့က ၁၉၇၁ မှာ အကြံဉာဏ်ပေးခဲ့ပါတယ်။

မတ်လ (၁) ရက်နေ့က အရပ်သားတပိုင်းအစိုးရ သက်တမ်း (၁) နှစ်ပြည့်လို့ပြောတဲ့ သမ္မတဦးသိန်းစိန် မိန့်ခွန်းမှာ လူ့စွမ်းရည်တိုးတက်ရေးအတွက် ပညာရေးပြုပြင်ပြောင်းလဲဖို့ လိုအပ်တာကို ပြောသွားပါတယ်။ သင်ရိုးညွှန်းတမ်းနဲ့ စီမံခန့်ခွဲမှုကိုပါ ပြောင်းလဲရမယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ ကောလိပ်နဲ့ တက္ကသိုလ်ဟာ သက်ဆိုင်ရာ ဝန်ကြီးဌာနအောက်မှာ ရှိနေမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တချိန်မှာတော့ တက္ကသိုလ်တွေမှာ မိမိဘာသာအုပ်ချုပ်ပြီး စီမံခန့်ခွဲနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းကို မြှင့်တင်ဖို့အတွက် နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာ ပညာရေးဆိုင်ရာ အစိုးရအသုံးစရိတ်ကို (၂) ဆ တိုးလိုက်ပြီး ကျန်းမာရေးအသုံးစရိတ်ကိုတော့ (၄) ဆ တိုးလိုက်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောသွားပါတယ်။

နောက်တော့ အမေရိကန်နိုင်ငံက John Hopkins နဲ့ Harvard တက္ကသိုလ်၊ ပြင်သစ်က Montpellier နဲ့ Lyon တက္ကသိုလ်၊ နော်ဝေးနိုင်ငံက Oslo တက္ကသိုလ် စတဲ့ နိုင်ငံခြားတက္ကသိုလ်တွေက မြန်မာပြည်က တက္ကသိုလ်အချို့ကို အကူအညီပေးဖို့ ကမ်းလှမ်းကြောင်း သိရပါတယ်။ ဗြိတိသျှကောင်စီကလည်း မြန်မာပြည်က အင်္ဂလိပ်စာ ဆရာ၊ ဆရာမ တစ်သောင်းကို နှစ်စဉ်သင်တန်းပေးဖို့ ပညာရေးဌာနနဲ့ သဘောတူတဲ့သတင်း ထွက်လာပါတယ်။ ကိုယ်ထူးကိုယ်ထ တည်ဆောက်ဖို့ စစ်အာဏာရှင်ခေတ်က ဝါဒဖြန့်ပြီး နိုင်ငံခြားအဖွဲ့အစည်းတွေကို ပိတ်ပင်ကန့်သတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ထူးကိုယ်ထနည်းနဲ့ ခေတ်မီနိုင်ငံတော် တည်ဆောက်ဖို့ မရနိုင်တာကိုတော့ စစ်အာဏာရှင် ဉာဏ်မှီပုံ မရပါဘူး။ အခုမှ အပြည်ပြည်ဆိုင်ရာက အကူအညီကို ဖိတ်ခေါ်နိုင်ပါတယ်။

စစ်အာဏာရှင်စနစ် စတင်ကျင့်သုံးတဲ့ ၁၉၆၂ ခုနှစ်ကတည်းက ကျောင်းသားဆန္ဒပြ ကန့်ကွက်ပွဲတွေ ပျက်တောင်းပျက်တောင်း ရှိလာခဲ့ပြီး ၁၉၈၈ အရေးတော်ပုံမှာ အမြင့်ဆုံးအဆင့်ကို ရောက်သွားပါတော့တယ်။ ဒါကြောင့် ၁၉၈၈ နောက်ပိုင်းတက်လာတဲ့ စစ်အစိုးရရဲ့ ပညာရေးလမ်းစဉ်ဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဆက်နွယ်နေပါတယ်။ ကျောင်းသားငြိမ်ဝပ်ပိပြားရေးနဲ့ ဆန္ဒပြပွဲ ဟန့်တားရေးဟာ ပညာရေးလမ်းစဉ်မှာ အဓိကဖြစ်လာပါတယ်။ ကျောင်းသားတွေ အကွဲကွဲအပြားပြားနဲ့ လူစုကွဲနေဖို့အတွက် တက္ကသိုလ်နဲ့ ကောလိပ်တွေ အများအပြားပေါ်ထွက်လာပါတော့တယ်။ အရေအတွက်များသလောက် အရည်အသွေးမရှိတာဟာ လက်ရှိပညာရေးစနစ်ရဲ့ ထင်ရှားချက်ဖြစ်ပါတယ်။ လယ်ကွင်းထိုးထိုး တက္ကသိုလ်၊ မြင်မြင်သမျှ ပါမောက္ခ၊ တွေ့ကရာလူ ပါရဂူ ဆိုတဲ့စကားဟာ စစ်အစိုးရခေတ်မှာ တီထွင်လိုက်တဲ့ အထက်တန်းပညာရေးစနစ်ကို သရော်ထားတဲ့ ပြည်သူ့ရင်ဖွင့်သံ ဖြစ်ပါတယ်။

ဝန်ကြီးဌာန (၁၂) ခုအောက်မှာ တက္ကသိုလ် ၁၅၆ ခု၊ ဒီဂရီကောလိပ် (၆၄) ခု ရှိကြောင်း ပညာရေးဝန်ကြီးက ပြည်သူ့လွှတ်တော်မှာ ဇွန်လကုန်က ပြောသွားပါတယ်။ ပြည်နယ်နဲ့တိုင်းက မြို့ကြီးတွေမှာ အနည်းဆုံးတက္ကသိုလ် သုံးလေးခု ရှိပါတယ်။ ၁၉၈၈ စစ်အစိုးရ အာဏာသိမ်းစဉ်က တက္ကသိုလ်၊ ကောလိပ် (၃၂) ခုသာ ရှိပါတယ်။ အခုတော့ (၂၂၉) ခုရှိတဲ့အတွက် နှစ် (၂၀) ကျော်အတွင်းမှာ တက္ကသိုလ်၊ ကောလိပ် အရေအတွက် (၇) ဆ တိုးပွါးလာတာ ဖြစ်ပါတယ်။ အရေအတွက်များလွန်သလောက် အရည်အသွေးမှာ အလွန်အားနည်းနေပါတယ်။ PhD ပါရဂူဘွဲ့၊ ဒေါက်တာဘွဲ့ ရသူတွေလည်း များပြားလာပါတယ်။

တချိန်ကဆိုရင် PhD ပါရဂူဘွဲ့အတွက် တင်သွင်းတဲ့ ကျမ်းစာအုပ်တွေကို ဗိုလ်ချုပ်ကြီးခင်ညွှန့်ကိုယ်တိုင် စစ်ဆေးနေပုံကို အစိုးရသတင်းစာတွေမှာ မကြာခဏ တွေ့ရပါတယ်။ ဒေါက်တာဘွဲ့ရသူကို မြှောက်စားတဲ့အနေနဲ့ အခြေပညာရေး အထက်တန်းမှာ ကျောင်းအုပ်ခန့်တဲ့အတွက် ပြဿနာမျိုးစုံ ဖြစ်ရတဲ့သတင်း မကြာခဏ ဖတ်ရပါတယ်။ နှစ်ပေါင်းများစွာ ထမင်းဝအောင် မစားနိုင်သူကို ထမင်းဝအောင် လုပ်ပေးရတာဟာ အချိန်မကြာနိုင်ပေမယ့် နှစ်ပေါင်းများစွာ အရည်အသွေးကင်းမဲ့နေသူကို အရည်အချင်းရှိလာအောင် လုပ်ရတာဟာ အလွန်ခက်ခဲပြီး အချိန်ကြာညှောင်းပါတယ်။
XS
SM
MD
LG