သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှိရေး နဲ့ မူးယစ်ဆေး


လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဘိန်းဧကတဝက်လောက် စိုက်ပျိုးခဲ့တဲ့ မိသားစုတွေဟာ အခုအခါမှာ တစ်ဧကအထိ တိုးချဲ့စိုက်ပျိုးလာတယ်လို့ မကြာမီကထုတ်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ မှုခင်းရုံးရဲ့ ၂၀၁၅ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘိန်းစိုက်ပျိုးတဲ့မြေဧက တသိန်းခွဲလောက် ရှိပါတယ်။ တရုတ်-မြန်မာ နယ်စပ်မှာ ဘိန်းခင်းတွေပျောက်သွားပြီး အတွင်းပိုင်း ပြည်သူ့စစ်ချုပ်ကိုင်တဲ့ဒေသမှာ ဘိန်းခင်းတွေ တိုးပွားလာပါတယ်။ မူးယစ်ဆေးနဲ့ လက်နက်ကိုင်အဖွဲ့ ဆက်စပ်နေတာကို ပြသတာ ဖြစ်ပါတယ်။

ရာဘ (သို့မဟုတ်) မြင်ဆေးလို့ လူသိများတဲ့ စိတ်ကြွဆေး ထုတ်လုပ်မှုလည်း တိုးပွားလာပါတယ်။ အစိုးရတပ်သြဇာခံ ပြည်သူစစ်ကြီးစိုးတဲ့နယ်မြေမှာ ဝန်ထမ်းကို လာဘ်ထိုးပြီး မူးယစ်ဆေး ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ မဆလခေတ်မှာ ကာကွယ်ရေးတပ်ဖွဲ့ကို စစ်တပ်က ဘိန်းလုပ်ခွင့် ပေးထားသလို အခုခေတ်မှာ ပြည်သူ့စစ်က လုပ်ခွင့်ရနေပါတယ်။ အာဏာတည်ဆောက်ရာမှာ အရေးပါအရာရောက်လာတဲ့ ဘိန်းမှောင်ခိုဟာ အချမ်းသာဆုံးပုဂ္ဂိုလ်တွေ ဖြစ်လာပါတယ်။ ပြည်သူ့စစ်ခေါင်းဆောင်အချို့ဆိုရင် ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတဲ့အထိ မြှောက်စားခံနေရပါတယ်။

ဝတပ်ဖွဲ့ နဲ့ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်တဲ့နယ်မြေကလွဲပြီး ရှမ်းပြည်နယ်မှာ ဘိန်းမစိုက်တဲ့နေရာ မရှိသလောက်လို့ သျှမ်းသံတော်ဆင့်သတင်းဌာနရဲ့ (၂၀၁၅) မူးယစ်ဆေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ရာသီဥတုမကောင်းလို့ အထွက်နည်းမှု၊ အရောင်းအဝယ် ကျဆင်းမှု စတာတွေကြောင့် ဘိန်းစိုက်ပျိုးရေးကနေ ရာဘဆေးပြား ထုတ်လုပ်ရေးဘက်ကို လှည့်လာကြတာလည်း ရှိပါတယ်။ ရာဘ ထုတ်လုပ်တဲ့ပုဂ္ဂိုလ်ဟာ သြဇာတိက္ကမရှိတဲ့ ဒေသခံ ဖြစ်ပါတယ်။ ဘိန်းဘုရင်လို့ နာမည်ကြီးခဲ့သူတွေ မရှိတော့ပေမယ့် ရှမ်းပြည်နယ်မှာ မူးယစ်ဆေး အများအပြား ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ စစ်တပ်နဲ့ အဆင်ပြေသူဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီး အဆင်မပြေသူဟာ ဘိန်းဘုရင်လို့ ကင်ပွန်းတပ်ခံရတဲ့ သဘော ဖြစ်ပါတယ်။ စစ်အာဏာကျယ်ပြန့်ရေးနဲ့ မူးယစ်ဆေးဟာ အမြဲတမ်း ဆက်စပ်နေပါတယ်။

လွန်ခဲ့တဲ့ (၁၅) နှစ်အတွင်း ဘိန်းပပျောက်ရေး စီမံကိန်း အကောင်အထည်ဖော်ခဲ့ပေမယ့် မအောင်မြင်တဲ့အတွက် (၂၀၁၉) ခုနှစ်အထိ စီမံကိန်း တိုးချဲ့ထားပါတယ်။ ဘိန်းအစားထိုး သီးနံှ စီမံကိန်းတွေဟာ မြို့နယ်အနံှ့ မရောက်နိုင်သေးပါဘူး။ လစာနဲ့ မစားလောက်တဲ့ ဝန်ထမ်းတွေ မူးယစ်ဆေးနဲ့ ဆက်ပြီးတော့ စီးပွားရှာနေတာ အများသိတဲ့ကိစ္စ ဖြစ်ပါတယ်။ အစိုးရတပ်ရဲ့ စစ်ဆေးရေးဂိတ် (၂) ခုနဲ့ လက်အောက်ခံ ပြည်သူစစ်ဂိတ်ကို ကျော်ဖြတ်လာနိုင်တဲ့ ကျောက်သယ်ကားတွေကို ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်မှာ စစ်ဆေးတဲ့အခါ ရာဘ မြင်းဆေးပြား (၂) သန်းကျော်နဲ့ ဘိန်းဖြူ (၁၆) ကီလို ဖမ်းဆီးရမိတယ်လို့ တအာင်း (ခေါ်) ပလောင် လွတ်မြောက်ရေးတပ်ဖွဲ့က မတ်လ က ကြေညာပါတယ်။ ရာဘဆေးပြား ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆေးမှုန်ကီလို (၆၀၀) ကျော် ကျောက်မဲမြို့နယ်မှာ ဇူလိုင်လ (၁၃) ရက်နေ့က ဖမ်းမိပါတယ်။

ဘိန်းဖြူထုတ်လုပ်ရတာ စရိတ်အကုန်အကျများပြီး အချိန်ကြာတာကြောင့် အလွယ်တကူ ထုတ်လုပ်နိုင်တဲ့ ရာဘဆေးပြား ထုတ်လုပ်သူတွေများလာတာလို့ သျှမ်းမူးယစ်ဆေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ရာဘဆေးပြားကို တောရောမြို့ပါ စားသုံးကြတာမို့ လက်လီလက်ကား ရောင်းဝယ်နိုင်ကြပါတယ်။ ဥပမာ လားရှိုးမှာဆိုရင် ရာဘအတွက် လမ်းတလမ်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ အလွယ်တကူ စားသုံးနိုင်တဲ့ ရာဘဆေးပြားကို ထုတ်လုပ်သူ များပြားလာပါတယ်။ ဘိန်းခင်းကို ဖျက်ဆီးနိုင်ပေမယ့် နေရာရွှေ့နေတဲ့ ရာဘသမားကို ဖမ်းမိဖို့ ခက်ခဲပါတယ်။ ရှမ်းပြည်နယ်အပြင် ကချင်၊ ကယား နဲ့ ချင်းပြည်နယ်မှာလည်း မူးယစ်ဆေး ထုတ်လုပ်မှု များလာပါတယ်။ ကချင်ပြည်နယ်မှာ မူးယစ်ဆေး စားသုံးမှု တိုးပွားလာတာကြောင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်နေရပါတယ်။

မြန်မာအစိုးရကတော့ ဓါတ်ပုံအများအပြားပါဝင်တဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး နှစ်ပတ်လည် အစီရင်ခံစာကို (၂၀၁၃) က ထုတ်ပါတယ်။ ထုံးစံအတိုင်း အစိုးရလုပ်ပုံကို အမွှန်းတင်ထားပါတယ်။ ဒါပေမဲ့ အစိုးရတပ်နဲ့ အခြားလက်နက်ကိုင်တွေပါဝင်တဲ့ အာဏာတည်ဆောက်ရေး လုပ်ငန်းဖြစ်နေလို့ မူးယစ်ဆေးတိုက်ဖျက်ရေး မအောင်မြင်တာလို့ သုံးသပ်ကြပါတယ်။ ကွယ်လွန်သူ လော်စစ်ဟန်နဲ့ ခွန်ဆာတို့ဟာ ဘိန်းဘုရင်အဖြစ် နာမည်ရပါတယ်။ ၁၉၈၈ မှာ စစ်အစိုးရတက်လာပြီး အပစ်အခတ်ရပ်စဲတဲ့အခါ ဘိန်းဘုရင်တွေဟာ ဒဏ်ခတ်အရေးယူခံနေရတဲ့ စစ်အစိုးရရဲ့ မဟာမိတ်ကြီးများ ဖြစ်လာပါတယ်။

ဒေသခံနိုင်ငံရေးခေါင်းဆောင်၊ စစ်ဗိုလ်၊ ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်ကိုင်၊ တရုတ်လုပ်ငန်းရှင်စတဲ့ ပုဂ္ဂိုလ်တွေဟာ မူးယစ်ဆေးဈေးကွက်မှာ အဓိက ပါဝင်သူတွေ ဖြစ်လာပါတယ်။ ဆင်းရဲသားစိုက်ပျိုးတဲ့ဘိန်းကို ဒီပုဂ္ဂိုလ်တွေက ခြယ်လှယ်ကြပါတယ်။ အာဏာတည်ဆောက်တာကို ပံ့ပိုးကူညီကြတဲ့ မူးယစ်ဆေးမှောင်ခိုဟာ စစ်တပ်ရဲ့ မဟာမိတ် ဖြစ်လာပါတယ်။ အာဏာရပါတီ ရန်ပုံငွေရှာရာမှာလည်း ဘိန်းမှောင်ခိုဟာ တတပ်တအား ဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ အဆင်ပြေတဲ့ မူးယစ်ဆေးလုပ်ငန်းရှင်တွေဟာ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးမှာ အခိုင်အမာနေရာယူထားကြပြီးဖြစ်လို့ တဖြည်းဖြည်းနဲ့ အနောက်တိုင်းကပါ အသိအမှတ်ပြုရတဲ့ အဖြစ်ကို ရောက်ရှိလာနိုင်ပါတယ်။

XS
SM
MD
LG