သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြောင်းအလဲများနဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ


People throw turnips at the Jarramplas, a devil-like character, as he makes his way through the streets while beating his drum during the Jarramplas traditional festival in Piornal, southwestern Spain.
People throw turnips at the Jarramplas, a devil-like character, as he makes his way through the streets while beating his drum during the Jarramplas traditional festival in Piornal, southwestern Spain.
ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ DVB ခေါ် ဒီမိုကရက်တစ်မြန်မာ့အသံဟာ နော်ဝေနိုင်ငံကနေ ရုတ်သိမ်းပြီး မြန်မာနိုင်ငံအတွင်းမှာ အဓိက အခြေစိုက်တော့မှာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ရပါသလဲ။ ရှေ့အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲဆိုတာကို DVB တွဲဘက်အမှုဆောင်ညွန်းကြားရေးမှူး ဦးခင်မောင်ဝင်း နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုခင်မောင်ဝင်းတို့ရဲ့ DVB ဒီမိုကရက်တစ်မြန်မာ့အသံဟာ နော်ဝေနိုင်ငံမှာ ရုံးပိတ်ပြီးတော့ မြန်မာနိုင်ငံကို အပြီးပြောင်းရွှေ့တော့မယ်လို့ ကြားရပါတယ်။ အဲဒါ ဟုတ်ပါသလား။

ဦးခင်မောင်ဝင်း ။ ။ နော်ဝေမှာ ရုံးပိတ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ မြန်မာပြည် အပြီးရွှေ့တာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအတွင်းမှာ လုပ်ငန်းတွေ ချဲ့ထွင်တာတော့ရှိတယ်။ အထူးသဖြင့် ပရိုဂရမ် (program) အစီအစဉ် ထုတ်လုပ်ရေးအပိုင်းတွေပေါ့။ အသံလွှင့်လုပ်ငန်းတော့ အပြင်ကလည်း လုပ်မှာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အသံလွှင့်တဲ့လုပ်ငန်းကို ဘယ်ကလုပ်မှာလဲ။

ဦးခင်မောင်ဝင်း ။ ။ လောလောဆယ် ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီးတော့ လုပ်ဖို့ရှိပါတယ်။ ထိုင်းနိုင်ငံမှာ အခုဆိုရင် တရားဝင်အလုပ်လုပ်ခွင့်ရှိတယ့် သဘောရှိတော့ ထိုင်းကနေလုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ စီမံခန့်ခွဲအုပ်ချုပ်တဲ့အပိုင်းကတော့ ထိုင်း နဲ့ မြန်မာပြည်တွင်းကနေ တာဝန်ရှိတဲ့လူတွေက ခွပြီးတော့သွားနေမယ်ဆိုတော့ ထိုင်းနဲ့ မြန်မာပြည် နှစ်ခုစလုံးက တန်တူအရေးပါတယ်လို့ ပြောရမှာပေါ့။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အခြေအနေတွေ ဘယ်လိုပြောင်းလဲလာတယ်လို့ သုံးသပ်ပြီးတော့ အဲဒီဖက်ကို ရွှေ့ဖို့ဖြစ်လာခဲ့သလဲ။

ဦးခင်မောင်ဝင်း ။ ။ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် တက်လာပြီးတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ကြပေါ့။ အဲဒီမှာ မီဒီယာကဏ္ဍမှာလည်း ပြုပြင်ပြောင်းလဲရေး လုပ်ပေးခဲ့ကြတာရှိတယ်လေ။ အရင်တုန်းကဆိုရင် ကျနော်တို့ မီဒီယာကို တရားမဝင် မီဒီယာအဖြစ် ဆက်ခံရပြီးတော့ ကျနော်တို့ သတင်းထောက်တွေလည်း အဖမ်းအဆီးခံရတာတွေ အများကြီးရှိပါတယ်။ အခု အစိုးရသစ်လက်ထက်မှာ အပြောင်းအလဲလုပ်လိုက်တော့ အဲဒီအခြေအနေကနေ ပြောင်းထွက်သွားပြီးတော့ မီဒီယာလွတ်လပ်ခွင့် တစုံတရာ ဖွင့်ပေးလိုက်တာ အားလုံးလည်း အသိဖြစ်ပါတယ်။ ဒါကြောင့် အရင်တုန်းက ပြည်တွင်းဝင်လို့မရတဲ့ နိုင်ငံခြားသတင်းဌာနတွေ VOA, BBC, RFA, DVB အပါအဝင် အားလုံးအကုန်လုံး ဝင်ခွင့်ရပြီးတော့ အထဲမှာဝင်ပြီးတော့ လုပ်ဖို့ရှိပါတယ်။ အထဲမှာ လုပ်ရှားဖို့ အခြေအနေရှိသရွေ့တော့ ကျနော်တို့ အထဲမှာ လှုပ်ရှားဖို့ရှိပါတယ်။ ဒါကြောင့်မို့ အဲဒီအပြောင်းအလွှဲတွေအောက်မှာ ကျနော်တို့က ပြည်တွင်းမှာ အဓိကတော့ အစီအစဉ်တွေအပိုင်းကို အများကြီးတိုးချဲ့လုပ်ကိုင်ဖို့ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်တွင်းမှာ တစုံတရာအတိုင်းအတာအထိ အပြောင်းအလဲဖြစ်တယ်။ လှုပ်ရှားလို့ရတယ်ဆိုတော့ ဘယ်လောက်အထိ လှုပ်ရှားခွင့် ရှိပါသလဲ။ မီဒီယာလွတ်လပ်ခွင့် အပြည့်အဝရပြီလို့ သုံးသပ်ပါသလား။

ဦးခင်မောင်ဝင်း ။ ။ မီဒီယာလွတ်လပ်ခွင့် အပြည့်အဝ မရသေးဘူးလို့ပဲ ကျနော်တို့ ပြောပါတယ်။ အပြည့်အဝရအောင်လုပ်ဖို့ အများကြီး လိုအပ်ပါသေးတယ်။ အခု ကျနော်တို့ပြောတဲ့ အပြောင်းအလဲဆိုတာက မဖြစ်မနေ လုပ်ကိုလုပ်လို့ရတဲ့ အလုပ်တွေက ရှိနေပါပြီ။ အဓိကတော့ သတင်းယူတာ၊ သတင်းစုဆောင်တာ၊ သတင်းအစီအစဉ်တွေ ထုတ်လွှင့်တာ။ ဒါတွေကတော့ လုပ်လို့ရနေပြီ။ အဲဒီလုပ်လို့ရတဲ့ အပိုင်းက အထဲမှာ။ သတင်းက မြန်မာပြည်တွင်းသတင်းက မြန်မာပြည်တွင်းမှာပဲ လုပ်ရမယ်။ အဲဒီအလုပ်တွေ လုပ်လို့ရပြီဆိုကတည်းက ဝင်လုပ်တဲ့သဘော ဖြစ်ပါတယ်။ တခုလုံး လွတ်လပ်ခွင့်ရအောင်တော့ တခြား ဒီမိုကရေစီနိုင်ငံတွေမှာ ရှိနေတဲ့ မီဒီယာမျိုးဖြစ်အောင်တော့ အများကြီးလုပ်ဖို့ဆိုတာတော့ ကျနော်တို့ သိပါတယ်။ အခုလက်ရှိ လွှတ်တော်မှာ တင်ထားတဲ့ မီဒီယာဥပဒေကလည်း အငြင်းခုံစရာ၊ ဆွေးနွေးစရာ အများကြီး ရှိနေသေးတယ်ဆိုတာကို သိပါတယ်။ ကျနော်တို့ကိုယ်တိုင်က အခုအချိန်အထိ အသံလွှင့်လိုင်စင် မရသေးပါဘူး။ အဲဒီတော့ အသံလွှင်လိုင်စင် မရသေးတော့ အထဲကိုပြောင်းဖို့ မဖြစ်နိုင်သေးပါဘူး။ ကျနော်တို့ အထဲကိုပြောင်းပြီး လုပ်တယ်ဆိုတာက လုပ်လို့ရတဲ့အပိုင်းတွေကနေစပြီး လုပ်တာဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက DVB ဆိုတာ Democratic Voice of Burma ဆိုတော့ Burma vs. Myanmar ပြဿနာကလည်း ကျန်နေသေးတော့ အဲဒီကိစ္စကို ဘယ်လို ဖြေရှင်းထားပါသလဲ။

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့ DVB အနေနဲ့ အထဲမှာ မှတ်ပုံတင်ကျပြီးပါပြီ။ ကျနော်တို့ကျတဲ့ မှတ်ပုံတင်က DVB Multimedia Group လို့ ပြောပါတယ်။ ဗမာလိုကတော့ ဒီဗွီဘီ သတင်းဌာနလို့ ပြောပါတယ်။ ဒီမိုကရက်တစ်မြန်မာ့အသံလို့ မပြောတော့ပါဘူး။ အခု ဒီဗွီဘီ သတင်းဌာနလို့ ပြောပါတယ်။ ကျနော်တို့ ကျတဲ့မှတ်ပုံတင်ကလည်း DVB Multimedia Group လို့ တရားဝင်မှတ်ပုံတင် ကျထားတာရှိပါတယ်။ DVB ကတော့ ဒီအတိုင်းပဲ ဒီဗွီဘီ လို့ပဲ ဆက်သွားနေပါတယ်။

ဦးကျော်ဇံသာ ။ ။ အကျယ်ကော ရေးသလား။ Democratic Voice of Burma - Burma ဆိုတဲ့ အသုံးအနှုန်းကို ဖော်ထည့်လို့ ရေးလု့ိရပါသလား။

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့ အဲဒါ မရေးတော့ဘူး။ ကျနော်တို့ station ရဲ့ အခေါ်အဝေါ် ဒီမိုကရက်တစ်မြန်မာ့အသံ Democratic Voice of Burma လို့ မခေါ်တော့ပါဘူး။ DVB Multimedia Group အင်္ဂလိပ်လို၊ မြန်မာလိုကတော့ ဒီဗွီဘီ သတင်းဌာနလို့ ခေါ်ပါတယ်။ အဲဒါ B ဆိုတဲ့ဟာ Burma မဟုတ်ပါဘူး။ ဘာမှလည်း မဟုတ်ပါဘူး။ နံမည်တခုသာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချိန်တုန်းက ဒီဗွီဘီသတင်းဌာနဟာ မြန်မာနိုင်ငံရဲ့ သတင်းဌာနဟာ မြန်မာနိုင်ငံရဲ့ အတိုက်အခံ ဒီမိုကရေးစီ လှုပ်ရှားမှုရဲ့အသံ။ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ အာဘော်တခုအဖြစ်နဲ့ ပြည်သူတွေက အများကြီး အားပေးလက်ခံခဲ့ကြပါတယ်။ အခု မြန်မာပြည်ထဲကနေ လုပ်ရတော့ အကန့်အသတ်တွေလည်း ကျန်သေးတယ်။ မီဒီယာလွတ်လပ်ခွင့်နဲ့ အပြည့်အဝမရရှိသေးဘူးလို့

ကိုခင်မောင်ဝင်း က ပြောတော့ ဒီဗွီဘီရဲ့ အနေအထား ပုံရိပ် အပြောင်းအလဲ ဒီအတွက် မဖြစ်နိုင်ဘူးလား။

ဦးခင်မောင်ဝင်း ။ ။ အခု ကျနော်တို့ နော်ဝေကရုံးပိတ်ပြီးတော့ အထဲပြန်ပြောင်းတာပေါ့။ ဒီလို အပြောင်းအလဲလုပ်တဲ့နေရာမှာ location အရတော့ အပြောင်းအလဲ ဖြစ်သွားတာပေါ့။ အရင်တုန်းက နော်ဝေမှာ အခြေစိုက်တယ်။ အခု မြန်မာပြည်ထဲ ပြောင်းသွားတယ်။ ထိုင်းမှာလည်း ရှိတယ်။ အရင်တုန်းက မြန်မာပြည်ထဲမှာ ကိုယ်တိုင်ကိုယ်ကျ တရားဝင်လုပ်ခွင့်မရတဲ့ အလုပ်တွေ မြန်မာပြည်ထဲမှာ လုပ်ခွင့်ရနေပြီ။ အဲဒီလို အပြောင်းအလဲတွေ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ အပြောင်းအလဲ အဖြစ်မခံတဲ့အရာ ရှိပါတယ်။ အဲဒါက ကျနော်တို့ရဲ့ editorial standard နဲ့ ကျနော်တို့ တန်းဖိုးထားတဲ့ စံသတ်မှတ်ချက်တွေပါ။ အဲဒါ ဘာလဲဆိုတော့ public service broadcasting value - psbv ကို တန်းဖိုးထားပါတယ်။ အဲဒီတော့ public service broadcasting value အဓိက ဦးထိပ်ထားရမှာက publc interest ပါ။ ဟိုအရင်တုန်းကတော့ အဖြူနဲ့အမဲ။ စစ်အစိုးရနဲ့ ကျန်တဲ့လူအားလုံးက အတိုက်အခံဖြစ်နေတဲ့အတွက် ကျနော်တို့ကိုယ်တိုင်ကလည်း အစိုးရရဲ့သဘောထား၊ အစိုးရကိုလည်း မေးခွင့်လည်းမရ၊ အစိုးရမှာရှိတဲ့ သတင်းအချက်အလက်တွေကို လိုက်ခွင့်မရတော့ ကျနော်တို့က အတိုက်အခံဖက်နဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုသတင်းတွေပဲ အများကြီးဖြစ်ပါတယ်။ အခုအခြေအနေ အများကြီးပြောင်းလာတဲ့အပေါ်မှာ သမ္မတကိုယ်တိုင်က သတင်းမီဒီယာတွေ အင်တာဗျူးလုပ်ခွင့်ပေးတယ်။ သတင်းမီဒီယာတွေ ထုတ်ခွင့်ပေးတဲ့အချိန်မှာ အစိုးရရဲ့ သတင်းတွေလည်း လက်လှမ်းမိသလောက် cover လုပ်တယ်။ အဲဒီနေရာမှာ ကြည့်လိုက်တော့ လူတွေကတော့ မြင်ကောင်းမြင်မှာပေါ့ ဟိုအရင်တုန်းက အစိုးရအသံမပါဘူး။ အခု အစိုးရအသံ ပါလာပြီ။ ဒါပေမဲ့ ကျနော်တို့ သတင်းဌာန၊ သတင်းမီဒီယာတခုအနေနဲ့တော့ ဘက်ပေါင်းစုံအသံတွေပါအောင် တင်ပြတာကတော့ ဘာမှမမှားဘူး။ လုပ်သင့်တဲ့အလုပ်၊ လုပ်ကိုလုပ်ရမယ့်အလုပ်လို့ မြင်ပါတယ်။ ကျနော်တို့ ဦးထိပ်ထားတဲ့ လူထုအကျိုးစီးပွား public interest ကတော့ ဘာမှမပြောင်းပါဘူး။

ဦးကျော်ဇံသာ ။ ။ တလောတုန်းက လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထပ်ပြီးဆန္ဒပြမှုတွေ ဖြစ်တဲ့အတွက်ကြောင့် ဒေသအတွင်း local သတင်းထောက်တချို့က အဲဒီမှာ သတင်းဓါတ်ပုံတွေ ရိုက်ယူကြတယ်။ အဲဒီမှာ အာဏာပိုင်တွေက၊ ရဲတွေက ကင်မရာတွေကို လုယူပြီးတော့ အဲဒီဖလင်တွေကို ဖျက်ခိုင်းတယ်။ ဆိုတော့ သတင်းအမှန်ကို ရယူဖို့ိကိစ္စမှာ အခက်အခဲရှိတယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒီကိစ္စမျိုးကို ဒီဗွီဘီ အနေနဲ့ ကြုံရပါသလား။ ကြုံခဲ့ရရင် ဘယ်လိုသုံးသပ်ပါသလဲ။

ဦးခင်မောင်ဝင်း ။ ။ အဲဒါမျိုး အခက်အခဲကြုံတာကတော့ ကျနော်တို့ လူ့အဖွဲ့အစည်းမှ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ အရင်တုန်းကနဲ့စာရင် အရင်တုန်းကတော့ ဒါမျိုးကိစ္စတွေ cover လုပ်လို့မရဘူး။ အခုကတော့ cover လုပ်လို့ရတယ်။ အဲဒီလို cover လုပ်တဲ့ကြားက ကျနော်တို့ သတင်းထောက်တွေ ခြိမ်းခြောက်ခံရတာတို့၊ တိုက်ခိုက်ခံရတာတွေ ရှိပါတယ်။ ဥပမာ လာရှိုးမှာဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းကိစ္စတွေ သွားပြီးတော့ cover လုပ်ခဲ့တဲ့ သတင်းထောက်ဆိုလို့ရှိရင် ရိုက်နှက်တာတွေ ခံရပါတယ်။ ထို့အတူပဲ မိတ္ထီလာမှာ ဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်း သွားခဲ့တဲ့ ကျနော်တို့ သတင်းထောက်တွေလည်း အဲဒီလို ခြိမ်းခြောက်တာ ခံရပါတယ်။ အဲဒီလို ခြိမ်းခြောက်မှုတွေက အဓိကရုဏ်းတွေမှာ ပါဝင်တဲ့ အုပ်စုတွေက လုပ်သလို၊ တချို့နေရာတွေမှာ အစိုးရကလည်း ရှိပါတယ်။ အစိုးရတခုတည်းကပဲ ဒီလို ခြိမ်းခြောက်မှုမျိုးကို လုပ်နေတာ မဟုတ်ပါဘူး။ တချို့အင်အားစုတွေက အဲဒီ အဓိကရုဏ်းထဲမှာပါတဲ့ အင်အားစုတွေကိုယ်တိုင်က ခြိမ်းခြောက်တာမျိုးတွေ ခံရပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ခြိမ်းခြောက်တဲ့ကိစ္စကို ခြိမ်းခြောက်တယ်ဆိုပြီးတော့ ဝေဖန်ထောက်ပြပြီးတော့ ရေးသားတာ၊ တင်ပြတာမျိုး လုပ်ရပါသလား။ လုပ်ရဲပါသလား။ လုပ်နေပါသလား။

ဦးခင်မောင်ဝင်း ။ ။ လုပ်ပါတယ်။ ကျနော်တို့ ဝေဖန်တယ်။ ခြိမ်းခြောက်တဲ့အတိုင်းလည်း ကျနော်တို့ တင်ပြပါတယ်ခင်များ။

ဦးကျော်ဇံသာ ။ ။ အခု ပြည်သူလူထုက တချိန်တုန်းက ဒီဗွီဘီ ကို ဒီမိုကရေစီ ဘက်တော်သား အသံလွှင်ဌာနတခုအနေနဲ့ အားပေးကြတယ်လို့ သိရပါတယ်။ ဆိုတော့ အခု တိုင်းပြည်ထဲမှာ တော်တော်များများ အခြေစိုက်လုပ်လာတော့ ပရိသတ်ရဲ့ တုန့်ပြန်မှု၊ လူထုရဲ့ သဘောထား attitude က ဘယ်လိုရှိသလဲ။ အပြောင်းအလဲ တစုံတရာ ခံစားရပါသလား။

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့အနေနဲ့ ဘယ် မီဒီယာ မဆိုပါ။ တခြား မီဒီယာတွေလိုပဲ ပရိသတ်ရဲ့ အားပေးမှုကို အမြဲအကဲဖြတ်နေရမှာပဲ။ ပရိသတ်ရဲ့ အားပေးမှုမရှိတဲ့ မီဒီယာကတော့ ရေရှည်လည်း မခံဘူးလေ။ ကျနော်တို့ အောင်မြင်မှုတဲ့ မီဒီယာ ဖြစ်ချင်ရင်တော့ ပရိသတ်ရဲ့ အားပေးမှုကို အမြဲကြည့်ရမှာပဲ။ ပရိသတ်ရဲ့ အားပေးမှုဆိုတဲ့နေရာမှာ ပရိသတ်ရဲ့ အကျိုးစီးပွား၊ public interest, public service broadcasting value ဒီဟာတွေပဲ အဓိကထား လုပ်သွားဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အပြောင်းအလဲ ဖြစ်သွားနိုင်တာက အစိုးရတွေ၊ အဖွဲ့အစည်းတွေ ထောက်ပံ့တဲ့ငွေနဲ့ လည်ပတ်ရတဲ့အတွက် ကျနော်တို့ အသံလွှင့်လုပ်ငန်းမှာ commercial လို့ခေါ်တဲ့ စီးပွားရေးကြော်ငြာတွေ လုံးဝမပါဘူး။ အခုမှာတော့ အဲဒီ ငွေကြေးထောက်ပံ့မှုတွေက တဖြည်းဖြည်းရပ်တန့်ဖို့ရှိတယ့်အတွက် ကျနော်တို့က စီးပွားရေးကြေညာဖက်က ဝင်လာတဲ့အတွက် ပရိသတ်ဖက်က ကြည့်လိုက်ရင်တော့ ဒီဗွီဘီ content က အရင်တုန်းကလို hard reporting program မဟုတ်တော့ဘူး။ entertainment ဖျော်ဖြေရေးပရိုဂရမ်လိုလို ပါလာပြီးတော့ အဲဒါမျိုးတွေ ရှိလာနိုင်ပါတယ်။ ကျနော်တို့ဖက်က ထိန်းရမယ့်ဟာက ကျန်တဲ့ editorial content အပိုင်း၊ ပညာပေးနဲ့ သတင်းဖြန့်ချီရေးလုပ်ငန်းမှာ လျှော့ချမှာ မဟုတ်ဘူး။ အဲဒီလို လျှော့မချဘဲနဲ့ တဖတ်က ဝင်ငွေရမယ့် commercial နဲ့ entertainment ကိုတော့ အချိုးညီအောင်တော့ ပေါင်းစပ်သွားမယ်အပိုင်းတော့ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ အဲဒီလို commercial တွေကို အခြေခံပြီးတော့ မီဒီယာလုပ်ငန်း လုပ်မယ်ဆိုရင် လူတွေထောက်ပြကြတာက မြန်မာနိုင်ငံမှာ စီးပွားရေးုလုပ်ငန်းကို အောင်အောင်မြင်မြင် လုပ်ခွင့်ရတာဟာ လူတိုင်းသုံးနှုန်းနေတဲ့အတိုင်း ခရိုနီတွေ၊ အာဏာရှင်တဲ့လူတွေ၊ စစ်ဗိုလ်တွေရဲ့ လက်ကိုင်တုတ်တွေ၊ သူတို့တွေရဲ့ လူတွေသာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေလို့ ဆိုပါတယ်။ ကိုခင်မောင်ဝင်းတို့ လုပ်ငန်းမှာလည်း ဒီလူတွေရဲ့ commercial တွေ ထည့်သွင်းရမယ်။ ကြော်ငြာတွေ ထည့်ပေးရမယ့် အလှည့်ကြုံလာရပါလိမ့်မယ်။ အဲဒီလိုဟာတွေကို လိပ်ပြာသန့်သန့်နဲ့ ကြေညာပေးမလား။ လူထုလက်ခံမလား။

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့က အစကတည်းက commercial မီဒီယာအတွက် လုပ်ခဲ့တာ မဟုတ်ဘူး။ အဲဒီတော့ အခု commercial လက်ခံတယ်ဆိုတာကလည်း စီးပွားဖြစ်၊ ကျန်တဲ့ စီးပွားရေးသမားတွေလို စီးပွားရေးတည်ထောင်ပြီးတော့ အမြတ်အကျိုးအတွက် လုပ်နေတာ မဟုတ်ဘူး။ ကျနော်တို့ လုပ်ငန်းလည်ပတ်ဖို့အတွက် လိုအပ်တဲ့ commercial ကိုပဲ လက်ခံမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့မှာ ethnical standard အမြင့်ကြီးထားထားပါတယ်။ ဥပမာဆိုကြပါစို့ သူများ တီဗွီ station တွေမှာ မြင်နေကြ အရက်ဆေးလိပ်ကြော်ငြာတွေ။ ဒါမျိုးတွေကို ကျနော်တို့ စဉ်းစားမှာ မဟုတ်ပါဘူး။ အခု ပြည်တွင်းမှာရှိတဲ့ အသံလွှင့်ဌာနတွေမှာဆိုရင် တစ်နာရီမှာ မိနစ် (၂၀)၊ မိနစ် (၃၀) လောက် ကြော်ငြာတွေ ထည့်ပြီးတော့ commercial အကြီးအကျယ် ယူနေတဲ့ဟာမျိုး ကျနော်တို့ လုပ်မှာမဟုတ်ပါဘူး။ ကျနော်တို့ content ရဲ့ (၁၀) ရာခိုင်နှုန်းထက်ပိုပြီး ကြော်ငြာ ဘယ်တော့မှ မထည့်ဘူး။ ပိုက်ဆံရကောင်းရတာ နည်းလိမ့်မယ်။ အဲဒါက လူထု interest ကို ရှေ့တန်းထားလို့ပါ။ အဲဒီလိုပဲ ကျနော်တို့ဆီမှာ ကြော်ငြာလာထည့်တဲ့ စီးပွားရေးလုပ်ငန်းက ဘယ်လိုမျိုး စီးပွားရေးလုပ်ငန်းလဲ။ ဒါကို ချိန်းပြီးတော့ ကျနော်တို့ ethics နဲ့ မကိုက်တဲ့ဟာတွေကို ကျနော်တို့ လက်ခံမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မီဒီယာလုပ်ငန်းကိုယ်တိုင်က ethics နဲ့ မကိုက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ထောက်ပြဖို့ တာဝန်ရှိတဲ့အတွက် အဲဒီလူတွေဆီကနေ ပိုက်ဆံတွေယူပြီးမှ ကြော်ငြာတွေကို လက်ခံတာမျိုး ရှောင်ရှားမှာ သေချာပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုခင်မောင်ဝင်း အခုန နမူနာပေးတာ ethical မဖြစ်တဲ့ဟာဆိုလို့ ဆေးလိပ်နဲ့ အရက်ဆိုတဲ့ နှစ်ခုကတော့ မှန်ပါတယ်။ ကျနော် ပြောတာက များသောအားဖြင့် မရိုးသားတဲ့ငွေတွေ၊ ခရိုနီတွေ မတရားရယူထားတဲ့ ငွေတွေနဲ့ လုပ်နေတဲ့ စီးပွားရေးတွေလည်း အများကြီး ရှိတယ်။ အဲဒီဟာတွေက ပိုတောင်များမယ်ထင်တယ်။ သူတို့တွေကို ပယ်မလား။

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့အနေနဲ့ အဲဒါမျိုးတွေ ဆွေးနွေးတာတို့၊ ပတ်သက်တာတွေ ဘာမှမရှိပါဘူး။ အခုအချိန်အထိ donor တွေရဲ့ ထောက်ပံ့ငွေနဲ့ပဲ လည်ပတ်နေသေးတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့တွေရဲ့ လုပ်ငန်းကြော်ငြာတွေကို ထည့်လာရင်ကော။

ဦးခင်မောင်ဝင်း ။ ။ ကြော်ငြာတွေကို ထည့်လာရင်တော့ တခုချင်း case by case စဉ်းစားဖို့ရှိတယ်။ ဘယ်လိုမျိုး စီးပွားရေးလုပ်ငန်းလဲ။ ဘယ်ကိစ္စအတွက် ကြေညာလာထည့်သလဲပေါ့။ အဲဒီမှာ ကြည့်ပြီးတော့ ဆုံးဖြတ်ဖို့ ရှိပါတယ်။ အခု ကျနော်တို့ဆီ လာမထည့်သေးတဲ့အတွက် ဘာမှ စဉ်းစားဆုံးဖြတ်စရာ လောလောဆယ် မရှိသေးဘူး။ လောလောဆယ် ထည့်နေတဲ့ ကြော်ငြာတွေက ပြည်တွင်းလုပ်ငန်းရှင် အသေးစားလေးတွေ၊ ဥပမာ တိုင်းရင်းဆေးလုပ်ငန်းတို့၊ ရွှေဆိုင်တို့ လုပ်ငန်းအသေးလေးတွေပဲ ရှိပါသေးတယ်။ လုပ်ငန်းရှင်အကြီးကြီးတွေ မရှိသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းတခုက မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ တကယ်လို့ ဖြစ်လာခဲ့ရင်ကော မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးဟာ နောက်ပြန်မလှည့်နိုင်တော့တဲ့ အခြေအနေမဟုတ်သေးဘူးလို့ ပြောကြတယ်။ တကယ်လို့ နောက်ပြန်လှည့်ရမ်ဆိုရင် မီဒီယာတွေလည်း နောက်ပြန်လှည့်ရမယ်ထင်တယ်။ အဲဒီလိုကျရင် ဘယ်လို ဆုံးဖြတ်ကြမလဲ။

ဦးခင်မောင်ဝင်း ။ ။ ဒီမိုကရေစီလမ်းကြောင်းတခုလုံး နောက်ပြန်လှည့်သွားမှတော့ ကျနော်တို့လည်း ဘာမှ မတတ်နိုင်ဘူးလေ။ ကျနော်တို့ တာဝန်က အဲဒီလို နောက်ပြန်လှည့်နိုင်တဲ့ အခြေအနေတွေကို မဖြစ်အောင် ဝိုင်းဝန်လုပ်ဖို့ မီဒီယာတွေမှာလည်း တာဝန်ရှိတယ်လို့ ကျနော်တို့ ယူဆပါတယ်ခင်များ။ လုပ်နိုင်တဲ့ဖက်က ဝိုင်းဝန်လုပ်ဖို့ ရှိပါတယ်။
XS
SM
MD
LG