သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်စွမ်းအင် ဖူလုံရေး


ရန်ကုန်မြို့တဖက်ကမ်း ဒလမြို့တွင် ဖယောင်းတိုင်မီးနှင့် ညစာစားနေကြသည့် မိသားတစု။ စက်တင်ဘာ ၂၄၊ ၂၀၁၃။
ရန်ကုန်မြို့တဖက်ကမ်း ဒလမြို့တွင် ဖယောင်းတိုင်မီးနှင့် ညစာစားနေကြသည့် မိသားတစု။ စက်တင်ဘာ ၂၄၊ ၂၀၁၃။

မြန်မာပြည်က စက်မှုဇုန်တွေမှာ လျှပ်စစ်စွမ်းအင် (၅၀) ရာခိုင်နှုန်းအထိ ရရှိအောင် ရှေ့လကစပြီး ဆောင်ရွက်သွားမယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီး ဒေါက်တာကံဇော် က ဖေဖေါ်ဝါရီလ (၈) ရက်နေ့က ပြောပါတယ်။ မြန်မာပြည်မှာ ဈေးကွက်စနစ်ကျင့်သုံးတာ အနှစ်အစိတ်ကျော်လာပေမယ့် လျှပ်စစ်ဓါတ်အား ချို့တဲ့နေတဲ့အတွက် စက်မှုလုပ်ငန်း မထွန်းကားနိုင်ဘဲ ဖြစ်နေပါတယ်။ စက်မှုဇုန်တွေမှာ လိုအပ်တဲ့ လျှပ်စစ်ဓါတ်အား တဝက်လောက်ပေးနိုင်အောင် အခုမှ ကြိုးစားနေရပါတယ်။ နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့တဲ့ လျှပ်စစ်စွမ်းအင်ဖူလုံရေးကို (၂၀၁၃) ကျမှ စတင်ဆွေးနွေးလာတာ တွေ့ရပါတယ်။

အရင်ကတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အမိန့်အတိုင်း တပြည်လုံးမှာ ကြက်ဆူပင်စိုက်ပြီး ဇီဝလောင်စာကိုသုံးဖို့ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ ကြက်ဆူပင်ဟာ မြန်မာပြည်ရဲ့ တခုတည်းသော ထွက်ပေါက်ဖြစ်ကြောင်း အဲဒီတုန်းက စက်မှု (၁) ဝန်ကြီးဦးအောင်သောင်းက ဟောပြောပါတယ်။ ဓါတ်ငွေ့ကို နိုင်ငံခြားရောင်းစားပြီး ကြက်ဆူပင်နဲ့ စက်မှုလုပ်ငန်းမြှင့်တင်မယ့် ချွတ်ခြုံကျ အကြံဉာဏ် ဖြစ်ပါတယ်။ ဦးသိန်းစိန် တက်လာမှ တပြည်လုံး လျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်းနဲ့ လျှပ်စစ်ဥပဒေ ရှိလာပါတယ်။

မြန်မာပြည်တပြည်လုံး လျှပ်စစ်စွမ်းအင်ရရှိရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ (၄) စောင် မနှစ်က ထုတ်ဝေထားပါတယ်။ မနီလာအခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်၊ New York အခြေစိုက် Columbia တက္ကသိုလ်၊ ဝါရှင်တန်မြို့တော် အခြေစိုက် ကမ္ဘာဘဏ်နဲ့ Castalia အကြံပေးအဖွဲ့တွေက ထုတ်ဝေတာ ဖြစ်ပါတယ်။ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ကလည်း ၂၀၀၃ မှာ အစီရင်ခံစာ ထုတ်ဝေပါတယ်။ ၂၀၃၀ မှာ လူတိုင်းစွမ်းအင် သုံးစွဲနိုင်အောင် ကြိုးပမ်းဖို့ ကုလသမဂ္ဂက ဆော်သြထားတာကြောင့် မြန်မာအစိုးရကလည်း သံယောင်လိုက်ပြီး ၂၀၃၀ မှာ တပြည်လုံး လျှပ်စစ်ဓါတ်အားသုံးနိုင်ဖို့ စီစဉ်တာ ဖြစ်ပုံရပါတယ်။ လောလောဆယ်မှာ လူဦးရေ (၃၀) ရာခိုင်နှုန်းသာ လျှပ်စစ်ဓါတ်အား သုံးနိုင်ပါတယ်။ နောက် (၅) နှစ်ကြာရင် လူဦးရေ (၅၀) ရာခိုင်နှုန်း၊ (၁၀) နှစ်ကြာရင် (၇၅) ရာခိုင်နှုန်း၊ (၁၅) နှစ်ကြာရင် ရာခိုင်နှုန်းပြည့် လျှပ်စစ်မီးသုံးနိုင်ဖို့ ကမ္ဘာဘဏ်နဲ့ အသိုင်းအဝိုင်းက ငွေကြေးထောက်ပံ့မယ့် စီမံကိန်း ဖြစ်ပါတယ်။

လူဦးရေသန်း (၅၀) ကျော်ရှိတဲ့ မြန်မာပြည်ရဲ့ လျှပ်စစ်ဓါတ်အား သုံးစွဲမှုဟာ လူဦးရေး (၅) သန်းရှိတဲ့ စင်္ကာပူရဲ့ သုံးပုံတပုံသာ ရှိပါတယ်။ ဒါပေမဲ့ လျှပ်စစ်မီးသုံးနိုင်တဲ့ အိမ်ထောင်စုဦးရေ (၂) သန်းနီးပါး နှစ်စဉ်တိုးပွားနေတယ်လို့ ဆိုပါတယ်။ ဒီနှုန်းနဲ့ဆိုရင် နောက်အနှစ် (၄၀) ကြာမှာ တပြည်လုံး လျှပ်စစ်မီးရမယ့်ပုံစံ ဖြစ်နေပါတယ်။ အစိုးရ မျှော်မှန်းတဲ့အတိုင်း (၁၅) နှစ်အတွင်း တပြည်လုံး သုံးနိုင်ဖို့ဆိုရင် လျှပ်စစ်မီးသုံးတဲ့ အိမ်ထောင်စုဦးရေ (၄) သိန်းခွဲ နှစ်စဉ်တိုးပွားဖို့ လိုအပ်ပါတယ်။ ဒီလို တိုးပွားလာတာကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ အတတ်ပညာရှင်တွေကို လေ့ကျင့်ပေးတာကတင် (၂) နှစ်ကြာပါလိမ့်မယ်။ လာမယ့် (၅) နှစ်အတွင်း မိသားစုတသန်းခွဲကို လျှပ်စစ်မီးပေးနိုင်ဖို့အတွက် ဒေါ်လာသန်း (၆၀၀) ကျော် ကုန်ကျမယ်လို့ ခန့်မှန်းတာမို့ ဒီလို ငွေကြေးထောက်ပံ့မှုမရရင် မဖြစ်နိုင်ဘူးလို့ ပြောရပါလိမ့်မယ်။

မြန်မာပြည်မှာ သုံးနေတဲ့ လျှပ်စစ်ဓါတ်အား (၇၅) ရာခိုင်နှုန်းဟာ ရေအားလျှပ်စစ်က လာတာဖြစ်ပြီး (၂၂) ရာခိုင်နှုန်းဟာ ဓါတ်ငွေ့သုံးစက်ရုံက လာပါတယ်။ ကျန် (၃) ရာခိုင်နှုန်းဟာ ကျောက်မီးသွေးသုံးတဲ့ ဓါတ်အားပေးစက်ရုံက လာတာဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ်စွမ်းအင် ထုတ်ယူမှုဟာ ရာသီအပေါ်မှာ မူတည်နေပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ ရာသီမှာ ရေအားနည်းသွားပြီး ဓါတ်အားထုတ်လုပ်မှု (၃၀) ရာခိုင်နှုန်း ကျဆင်းသွားတာမို့ မီးပြတ်တာနဲ့ မီးအားနည်းတာတွေ မကြာခဏ ဖြစ်ပွားတဲ့အတွက် စားသုံးသူကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေပါတယ်။ အခုသုံးနေတဲ့ ဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံတွေဟာ ဟောင်းနွမ်းနေပြီဖြစ်လို့ (၅၀) ရာခိုင်နှုန်းသာ ထုတ်နိုင်ပါတယ်။ ဒီကြားထဲ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးတဲ့အခါမှာ (၂၅) ရာခိုင်နှုန်းဟာ အလေအလွှင့်အဖြစ် ပျောက်ဆုံးသွားပြန်ပါတယ်။

ဒါကြောင့်မို့ (၁၅) နှစ်အတွင်း တပြည်လုံး လျှပ်စစ်ဓါတ်အား သုံးနိုင်ဖို့အတွက် လက်ရှိ ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ကို ပြုပြင်မွမ်းမံဖို့နဲ့ နောက်ဆုံးပေါ် ခေတ်မီဓါတ်ငွေ့ “တာဘိုင်း” စက်ကိုသုံးဖို့ စီမံကိန်းချတာ ဖြစ်ပါတယ်။ နိုင်ငံခြား ရောင်းစားနေတဲ့ ဓါတ်ငွေ့ထဲက ပြည်တွင်းသုံးအတွက် ခွဲပေးပြီး လုံလောက်အောင် အရင်အနှီး စိုက်ထုတ်နိုင်ရင် တပြည်လုံး မီးပေးနိုင်တဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။ မီတာခကိုတော့ စားသုံးသူပေးနိုင်တဲ့ စွမ်းရည်လိုက်ပြီး သတ်မှတ်ဖို့ လိုပါတယ်။

ရေအားလျှပ်စစ်ကတော့ မီတာခ သက်သာပေမယ့် တည်ဆောက်ရတာ အချိန်ကြာပြီး ခြောက်သွေ့ရာသီမှာ မီးမှန်မှန် မရနိုင်တဲ့ ပြဿနာ ရှိပါတယ်။ ထုတ်လုပ်တဲ့ ပမာဏကြီးရင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်ပါတယ်။ ဓါတ်အားထုတ်တဲ့နေရာနဲ့ ဖြန့်ဖြူးတဲ့နေရာ ဝေးကွာရင်လည်း အပျောက်အဆုံး များတတ်ပါတယ်။ လောလောဆယ်မှာတော့ ဓါတ်ငွေ့သုံးခေတ်မီ ဓါတ်အားပေးစက်ကိုသုံးဖို့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ ရေအားလျှပ်စစ်ဟာ ဈေးသက်သာတာမို့ ရေရှည်မှာ အကျိုးရှိနိုင်ပေမယ့် ရေအားနည်းလို့ မီးအားနည်းသွားတဲ့အခါ အခြားစက်တွေကို သုံးဖို့လိုလာပါတယ်။ ဒါကြောင့် လျှပ်စစ်စွမ်းအင် ဖူလုံရေးအတွက် ဓါတ်ငွေ့၊ ကျောက်မီးသွေးနဲ့ နေရောင်ခြည်ကိုလည်း သုံးရပါလိမ့်မယ်။

XS
SM
MD
LG