သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာရေး


သယံဇာတကရတဲ့ အကျိုးအမြတ်တွေကို လူတစုအတွက် မဟုတ်ဘဲ လူအများစု အကျိုးခံစားနိုင်အောင် မြန်မာအစိုးရဟာ EITI - Extractive Industries Transparency Initiative သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့မှာ ပါဝင်ဖို့ ပြင်ဆင်နေတယ်လို့ သမ္မတဦးသိန်းစိန်က Financial Times သတင်းထောက်နဲ့ တွေ့ဆုံတုန်း ဇွန်လ (၁၂) ရက်နေ့က ပြောပါတယ်။ သယံဇာတ က ရတဲ့ငွေတွေ ဘယ်မှာရှိတယ်ဆိုတာ လူတိုင်းသိဖို့လိုတယ်လို့ ဆိုပါတယ်။ EITI ခေါ် သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့မှာ အစိုးရတွေ ကုမ္မဏီတွေနဲ့ အရပ်သားအဖွဲ့အစည်းတွေပါဝင်ပြီး Norway နိုင်ငံ Oslo မြို့မှာ ရုံးစိုက်ပါတယ်။

၂၀၀၂ အောက်တိုဘာလမှာ တည်ထောင်တဲ့အဖွဲ့အစည်းဖြစ်ပြီး Oslo မှာ ရုံးချုပ်ထားဖို့ ၂၀၀၆ မှာ ဆုံးဖြတ်ပါတယ်။ အရံအဖွဲ့ဝင်ဖြစ်ဖို့အတွက် သတ်မှတ်ချက် (၅) ချက်ကို အရင်ဆုံးဖြည့်ဆည်းဖို့ လိုပါတယ်။ အရံအဖွဲ့ဝင်အဖြစ် (၂) နှစ်ခွဲ စစ်ဆေးခံပြီးတဲ့အခါမှာ စည်းကမ်းလိုက်နာတဲ့ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာပြီး (၅) နှစ်တကြိမ် စစ်ဆေးခံရပါတယ်။ အဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာရဲ့လားဆိုတာကို အစစ်ဆေးခံပြီးမှ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာနိုင်ပါတယ်။

သယံဇာတ ထုတ်ယူမှုမှာ ပွင့်လင်းမြင်သာစေဖို့အတွက် အမြဲတမ်းစစ်ဆေးနေတဲ့အဖွဲ့မှာ မြန်မာက ဘာဖြစ်လို့ ပါဝင်လိုတာလဲလို့ မေးနိုင်ပါတယ်။ အကြောင်းကတော့ ကောင်းမွန်တဲ့အုပ်ချုပ်စနစ် တည်ထောင်ချင်တဲ့ အစိုးရဟာ သယံဇာတ ထုတ်ယူမှုမှာ ပွင့်လင်းမြင်သာဖို့ လိုအပ်ပါတယ်။ အုပ်ချုပ်မှု ညံ့ဖျင်းရင် သယံဇာတအကျိုးကို ခံစားသင့်သလောက် မခံစားရတာများပါတယ်။ ပွင့်လင်းမြင်သာရေးကို ဦးစားပေးတဲ့အစိုးရကို အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းနဲ့ ရင်းနှီးမြှပ်နံှသူတွေက ယုံကြည်ကြပါတယ်။ EITI သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့ဟာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်နဲ့ တာဝန်ယူမှုကို အားကောင်းလာအောင် လုပ်ပေးတဲ့အတွက် အဖွဲ့ဝင်နိုင်ငံများမှာ နိုင်ငံရေးနဲ့ စီးပွားရေးတည်ငြိမ်မှုကို ဖြစ်ပေါ်စေပြီး သယံဇာတနဲ့ဆိုင်တဲ့ ပဋိပက္ခကို ဟန့်တားနိုင်ပါတယ်။

အချိန်ရောက်ရင် EITI - သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့မှာ ပါဝင်ဖို့ ရည်ရွယ်ကြောင်း ဇွန်လ (၈) ရက်နေ့ စင်္ကာပူမှာ ကျင်းပတဲ့ မြန်မာ့ရေးရာဆွေးနွေးပွဲမှာ အဲဒီတုန်းက စက်မှုဝန်ကြီးဖြစ်တဲ့ ဦးစိုးသိန်းက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုပါတယ်။ အဲဒီနောက် EITI ရဲ့ အကြီးအကဲ Mr. Jonas Moberg ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို သွားရောက်ပြီးတော့ စက်မှုဝန်ကြီးဦးစိုးသိန်းနဲ့အတူ ပြည်ထောင်စုဝန်ကြီး (၈) ဦးကို ဇူလိုင် (၁၆) ရက်နေ့မှာ တွေ့ဆုံဆွေးနွေးပါတယ်။ မျှော်လင့်ထားတာထက် ပိုကောင်းနေတယ်လို့ EITI အဖွဲ့က ပြောပါတယ်။ ဇွန်လ (၁၇) ရက်နေ့ ရန်ကုန်မှာ အရပ်သားအဖွဲ့အစည်း (၁၀) ခုနဲ့ ဆွေးနွေးကြောင်း သိရပါတယ်။

မြန်မာအစိုးရအနေနဲ့ EITI - သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့ထဲဝင်ဖို့ လျှောက်လွှာမတင်ရသေးပေမယ့် အဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာလိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြောင်းသိရပါတယ်။ သယံဇာတလုပ်ငန်းမှာ သိသာမြင်သာ တာဝန်သိလာဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ လက်တွဲလုပ်ကိုင်မယ်လို့ ဦးစိုးသိန်းက ပြောပါတယ်။ အင်ဒိုနီးရှားဟာ EITI စည်းမျဉ်းကိုကျင့်သုံးနေတဲ့ အရံအဖွဲ့ဝင်ဖြစ်ပြီး Timor-Leste ကတော့ ငါးနှစ်တကြိမ်အစစ်ဆေးခံနေတဲ့ တင်းပြည့်အဖွဲ့ဝင် ဖြစ်ပါတယ်။ Mongolia နိုင်ငံကလည်း တင်းပြည့်အဖွဲ့ဝင်ဖြစ်တာမို့ အာရှမှာ (၃) နိုင်ငံသာ EITI အဖွဲ့မှာ ပါဝင်ပါတယ်။

အနောက်တိုင်းမှာ Norway နိုင်ငံသာအဖွဲ့ဝင်ဖြစ်ပြီး အခြားဥရောပနိုင်ငံတွေနဲ့ အမေရိကန်က အဖွဲ့ဝင်မဟုတ်ပေမဲ့ EITI ရဲ့ လုပ်ငန်းကို သဘောပေါက်ကြပုံရပါတယ်။ EITI တင်းပြည့်အဖွဲ့ဝင် (၁၅) နိုင်ငံရှိပြီး အရံအဖွဲ့ဝင် (၂၁) နိုင်ငံ ရှိပါတယ်။ အဖွဲ့ဝင်အများစုဟာ သယံဇာတ ထုတ်ယူမှုကို အဓိကထားပြီး အဂတိလိုက်စားတဲ့ အာဖရိကနိုင်ငံတွေ ဖြစ်နေတာ တွေ့ရပါတယ်။
XS
SM
MD
LG