သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်စိမ်း ကျိန်စာ


ကချင်ပြည်နယ် ကျောက်စိမ်းမြေမှာ အစိုးရတပ်မ ၆၆ ရဲ့ လက်အောက်ခံတပ်တွေနဲ့ KIA တပ်ရင်း ၆ တို့အကြား မကြာမီက တိုက်ပွဲဖြစ်ပွားတဲ့အတွက် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရကြကြောင်း သိရှိရပါတယ်။ ဗုံးခွဲတိုက်ခိုက်ခံရတဲ့ ကျောက်စိမ်း ကုမ္ပဏီလည်း ရှိပါတယ်။ ကုမ္ပဏီလုံခြုံရေးအပါအဝင် ကျောက်စိမ်းမြေမှာ လက်နက်ကိုင်အဖွဲ့အစည်း အတော်များများ ရှိပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ် အတွင်း ကျောက်စိမ်းတူးတုန်း မြေပြိုလို့ သေဆုံးသူ ၁၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒေါ်လာ ၅၀၀ ကျော်ရင်းရင် ၁၀၀,၀၀၀ ကျော် အမြတ်ရနိုင်တာမို့ ကျောက်စိမ်းလုပ်နေတဲ့ ကုမ္ပဏီ ၇၀၀ ကျော်ရှိကြောင်း သိရပါတယ်။

ဒါကြောင့် ကျောက်စိမ်းလုပ်ကွက်ကို လက်နက်နဲ့ ကာကွယ်နေကြတာ ဖြစ်ပါတယ်။ နာမည်ကြီးသလောက် ပွင့်လင်းမြင်သာမှု အလွန်နည်းတဲ့ လုပ်ငန်းဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီ၊ ဒေသခံတပ်ရင်းနဲ့ ခရိုနီကုမ္ပဏီတွေ ပါဝင်နေတာမို့ မြန်မာအစိုးရပါဝင်တဲ့ EITI (ခေါ်) သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာမှုအဖွဲ့လည်း ဘာမှတတ်နိုင်ပုံ မရပါဘူး။ ဝ တပ်ဖွဲ့ကလည်း နာမည်အမျိုးမျိုးသုံးပြီး ကျောက်စိမ်းလုပ်ငန်းမှာ စီးပွားရှာနေပါတယ်။ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် ပူးတွဲပြီး ဖက်စပ်လုပ်ထားတဲ့ ကျောက်စိမ်းလုပ်ငန်း ၃၀၀ ကျော် ရှိတယ်လို့ ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။

ဖားကန့်ကျောက်စိမ်းမြေက လုပ်ကွက်အကောင်းဆုံးရသူထဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဇနီးကြိုင်ကြိုင်ရဲ့ သားတဦးပါဝင်နေပုံကို Seamus Martov က ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ထုတ် ဧရာဝတီသတင်းစာမှာ အသေးစိတ် ဖော်ပြထားပါတယ်။ ကျောက်စိမ်းလုပ်ကွက် အကောင်းဆုံးနေရာကို ကြိုင်ကျောက်မျက်ကုမ္ပဏီက ယူထားပါတယ်။ ဒီကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူးတွေထဲမှာ ကြိုင်စန်းရွှေ ဆိုသူ ပါဝင်ပါတယ်။ နာမည်ကိုကြည့်တာနဲ့ ဦးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ သားမှန်း သိသာပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြီးစိုးတုန်းက ကြိုင်ကျောက်မျက်ကုမ္ပဏီဆိုပြီး ကျောက်စိမ်းတွေကို ဗြောင်ထုတ်နေရာက စစ်အာဏာရှင် အနားယူသွားတဲ့အခါ Classic International ဆိုတဲ့ အမည်ကို ပြောင်းလိုက်ပါတယ်။ ဒါပေမဲ့ ကြိုင်စန်းရွှေ ကို ပိုင်ရှင်အဖြစ် မှတ်ပုံတင်ထားတာလို့ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်ကထွက်တဲ့ ကျောက်စိမ်းအားလုံး ကျောက်မျက်ရတနာပြပွဲမှာသာ ရောင်းရမယ်လို့ ၁၉၉၅ ကျောက်မျက်ဥပဒေက ပြဌာန်းပေမယ့် မှောင်ခိုလမ်းက ယူနန်ကို ရောက်သွားကြတာ များပါတယ်။ မကြာမီက နေပြည်တော်မှာ ၁၃ ရက် ကျင်းပသွားတဲ့ ကျောက်မျက်ရတနာ အရောင်းပြပွဲမှာ စုစုပေါင်း ဒေါ်လာသန်း ၁,၀၀၀ ဖိုး ရောင်းရကြောင်း သိရပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းထွက်တဲ့ တန်ဖိုး ဟာ နှစ်စဉ် ဒေါ်လာ သန်း ၅,၀၀၀ နဲ့ ၁၀,၀၀၀ ကြားမှာ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ KIO က ခွဲထွက်သူ ဗိုလ်မှူးကြီးလဆန်အောင်ဝါအုပ်စုဟာ ကျောက်စိမ်မှောင်ခိုလုပ်ငန်းမှာ နာမည်ကြီးပါတယ်။ ၁၉၉၄ အပစ်အခတ် ရပ်စဲရေးလုပ်ပြီးတဲ့ နောက်ပိုင်းမှာ စက်ကရိယာပစ္စည်းသုံးပြီး ထုတ်ယူတဲ့အတွက် ကျောက်စိမ်းလုပ်ငန်း ကြီးထွားလာပြီး စစ်အာဏာရှင်အုပ်စုက လက်ဝါးကြီးအုပ်လာပါတယ်။

၁၄ ရာစုလောက်ကတည်းက မြန်မာ့ကျောက်စိမ်းကို တရုတ်က မျက်စိကျခဲ့တာ ယနေ့အထိ ဖြစ်ပါတယ်။ ၁၈ ရာစနှောင်းပိုင်း ဆင်ဖြူရှင်မင်းလက်ထက် တရုတ်-မြန်မာ နယ်ခြားစစ်ပွဲ ပြီးဆုံးသွားတာဟာ ယူနန်-မြန်မာ ကုန်သွယ်ရေးတိုးပွားစေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာ့ကျောက်မျက် ယူနန်ကို တင်ပို့ပြီး ပိုးချည်၊ သတ္တအိုးခွက်နဲ့ ရွှေငွေကို တင်သွင်းပါတယ်။ အဲဒီခေတ်က ကားလမ်းမရှိတဲ့အတွက် လားပေါ်မှာ ကုန်တင်ပြီး ကုန်းကြောင်းခရီးကြမ်းမှာ ယူနန်သားတွေ ကုန်သွယ်ကြပါတယ်။ ကချင်ကို ကျောက်မျက်ပိုင်ရှင်အဖြစ် သတ်မှတ်ပြီး တရုတ်ကဆက်ဆံတာကို ဗမာမင်းက ကန့်ကွက်တာမျိုး မရှိပါဘူး။ ဒါပေမဲ့ အခုခေတ်မှာတော့ ကျောက်စိမ်းဈေးကွက် အလွန်ကြီးမားလာပြီး ဝင်ငွေများတာမို့ ကျောက်စိမ်းမြေနဲ့ နယ်စပ်ကို ချုပ်ကိုင်နိုင်ရေးဟာ အလွန်အရေးကြီးနေပုံ ရပါတယ်။

တရုတ်စီးပွားရေး တိုးတက်လေလေ ကျောက်စိမ်းဈေးကောင်းလေလေမို့ ဝယ်လိုအားများတဲ့ ဈေးကွက် ဖြစ်နေပါတယ်။ ဒါကြောင့် ကချင်ပြည်နယ် ကျောက်စိမ်းမြေမှာ စားခွက်လုပြီး တိုက်ကျခိုက်ကျ ဗုံးခွဲကျနဲ့ အကြမ်းဖက်တာတွေ အမြဲတမ်းလိုလို ဖြစ်ပွားနေပါတယ်။ ဗမာ့ကျောက်စိမ်း တင်သွင်းတာကို အမေရိကန်အစိုးရက ၂၀၀၈ မှာ ဥပဒေပြဌာန်းပြီး ပိတ်ပင်ထားပေမယ့် တရုတ်ပြည်က ကျောက်မျက်ဆိုင်နဲ့ ပြတိုက်တိုင်းမှာ ကျောက်စိမ်း ရှိပါတယ်။ ရှင်ဂျန်းပြည်နယ်မှာလည်း ကျောက်စိမ်းထွက်ပေမယ့် မြန်မာ့ကျောက်စိမ်းကို တန်းဖိုးအထားဆုံး ဖြစ်ပါတယ်။ အတုတွေလည်း အများကြီး ရှိပါတယ်။

စစ်အာဏာရှင်နဲ့ ပုလဲနံသင့်ပြီး ကုဋေကုဋာကြွယ်ဝနေတဲ့ သူဋ္ဌေးကြီး ဖြစ်လာသူ ၄၀ ကျော်ရှိပြီး၊ လာမယ့် နှစ်အနည်းငယ်အတွင်း ၃၀၀ လောက်အထိ တိုးပွားလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ သူဋ္ဌေးဦးရေ တိုးပွားသလို ဆင်းရဲသားဦးရေလည်း အမြဲတမ်း တိုးပွားနေပါတယ်။ ကျောက်စိမ်းလုပ်ငန်းက အလုပ်သမား အများအပြား ဘိန်းဖြူစွဲပြီး ဆေးသမားတွေ ဖြစ်ကုန်ပါတယ်။ HIV ရောဂါဆိုး အများဆုံး ဖြစ်ပွားရာဒေသလည်း ဖြစ်ပါတယ်။ ကျောက်စိမ်းထုတ်လုပ်မှုကြောင့် မြန်မာပြည်မှာ ဆင်းရဲချမ်းသာ ကွဲပြားမှု ပိုမိုနက်ရှိုင်းလာပြီး ဆေးစွဲနေတဲ့ အလုပ်သမားဦးရေး များတာမို့ ကျောက်စိမ်းကျိန်စာများ ဖြစ်နေသလားလို့ တွေးမိပါတယ်။

XS
SM
MD
LG