သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သရုပ်ပျက်ခြစားနေတဲ့ မြန်မာ့တရားစီရင်ရေးစနစ်


ပြည်သူ့လွှတ်တော် 'တရားစီရင်ရေး/ဥပဒေရေးရာနှင့် တိုင်ကြားစာများ/အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ' က လက်ခံရရှိထားတဲ့ တိုင်စာတသောင်းကျော်မှာ (၉၀) ရာခိုင်နှုန်းဟာ တရားသူကြီးတွေရဲ့ အဂတိလိုက်စားမှုဖြစ်ကြောင်း သိရပါတယ်။ ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ သူရဦးအောင်, ကို ဇန်နဝါရီလက ပြောသွားတာဖြစ်ပါတယ်။ သေဒဏ်ကျခံနိုင်တဲ့ လူသတ်မှုကို ထောင်ဒဏ်သာ ကျခံနိုင်တဲ့ လူသေမှုဖြစ်သွားအောင် ဥပဒေအရာရှိက ဖန်တီးမှု၊ ရဲနဲ့ တရားသူကြီးပေါင်းပြီး လာဘ်စားမှု၊ အပြစ်ဒဏ်သေးငယ်သွားအောင် လာဘ်ထိုးမှု စတဲ့ တရားစီရင်ရေးက အဂတိလိုက်စားမှုတွေအကြောင်း ပြောသွားပါတယ်။

စီးပွားရေးလုပ်ငန်းတွေများများတဲ့ ရန်ကုန်နဲ့ မန္တလေးမှာ တရားသူကြီးတွေအများဆုံး လာဘ်စားကြတယ်လို့ ဆိုပါတယ်။ တရားလိုဆီကရော တရားခံဆီကရော ငွေရအောင်ကြံဖန်တဲ့ တရားသူကြီးကို မကျေနပ်လို့ သင်္ယန်ကျွန်းမြို့နယ်မှာ ဇန်နဝါရီနှောင်းပိုင်းက ဒီမိုကရေစီလှုပ်ရှားသူ ကိုထင်ကျော်က တကိုယ်တော်ဆန္ဒပြပွဲ လုပ်ပါတယ်။ မြို့နယ်တရားသူကြီးနဲ့ မြေစာရင်းဌာနအမှုထမ်းတွေ လာဘ်စားတာကို ကန့်ကွက်တဲ့ဆန္ဒပြပွဲ ခင်ဦးမြို့မှာ မကြာမီကကျင်းပလို့ ဆန္ဒပြသူတွေ အရေးယူခံနေရပါတယ်။ လယ်သမားကို အကူအညီပေးသူ (၃) ဦးကို သာစည်မြို့နယ်တရားရုံးက ထောင်ဒဏ်ငွေဒဏ် ချမှတ်ပါတယ်။

Daily Eleven သတင်းထောက် မခိုင် သတင်းယူတာကို ရာဇသတ်ကြီးအရ အိမ်ကျော်နင်းမှု၊ ညစ်ညမ်းစွာ ပြောဆိုမှု၊ အသရေဖက်မှုနဲ့ တရားစွဲပြီး ကယားပြည်နယ်မှာ ထောင် (၃) လ ချလိုက်တဲ့အမှုဟာ လူသိများပါတယ်။ သတင်းလိုက်ရင်း ထောင်ကျသွားတဲ့အမှုဖြစ်လို့ မြန်မာ့တရားဥပဒေနဲ့ တရားစီရင်ရေးစနစ်ကို သတင်းသမားနဲ့ ဥပဒေပညာရှင်တွေ ဆန်းစစ်ဖို့ လိုအပ်လာပါတယ်။ အခုလည်း လက်နက်စက်ရုံသတင်း ဖော်ပြမှုနဲ့ Unity စာစောင်က သတင်းထောက်တွေ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ အရေးယူခံနေရပါတယ်။ တရားသူကြီးကို ဖိနှိပ်ရေးကိရိယာအဖြစ် အသုံးပြုနေတဲ့ခေတ်မှာ အစိုးရနဲ့ စစ်ဗိုလ်ဖက်က အမှုတိုင်းလိုလို အနိုင်ရနေပါတယ်။ ဒါကြောင့် သတင်းလိုချင်တဲ့စိတ်ကြောင့် တည်ဆဲဥပဒေကို သတိထားမိရင် ဖိနှိပ်ရေးကိုလိုနီဥပဒေတွေရဲ့ သားကောင်ဖြစ်သွားဖို့ အလားအလာများပါတယ်။

အာဏာပိုင်နဲ့ တရားသူကြီးပေါင်းပြီး အမှန်တရားကို ကပြောင်းကပြန် ဖြစ်အောင်လုပ်တဲ့ အမှုတွေအများကြီး ရှိပါတယ်။ ဒါကြောင့် စစ်အာဏာရှင်ရဲ့ ဖိနှိပ်ရေးကိရိယာအဖြစ် အသုံးပြုခံခဲ့တဲ့ တရားရုံးဟာ စစ်အုပ်စုနဲ့ ပတ်သက်တဲ့အမှုကို မှန်မှန်ကန်ကန် စစ်ဆေးပြီး စီရင်ချက်ချရဲတဲ့ သတ္တိရှိရဲ့လားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အမှုမှာ ဥပဒေပုဒ်မအမျိုးမျိုးရှာကြံပြီး တရားခံကို စွဲချက်တင်တာဟာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါတယ်။ လယ်သမားအရေး ဆောင်ရွက်တဲ့ ဒေါ်ဘောက်ဂျာ ကို ကချင်ပြည်နယ် ဖားကန့်မြို့နယ်တရားရုံးမှာ အမှု (၃) မှုနဲ့ တရားစွဲတာဟာ တမင်အကွက်ဆင်တာဖြစ်ကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းမှုးဗိုလ်ချုပ်ဘဝက ယုဇနကုမ္ပဏီ မြေသိမ်းနိုင်အောင် စီစဉ်ပေးခဲ့တာကို ဖော်ထုတ်လို့ ဒေါ်ဘောက်ဂျာ အရေးယူခံနေရတာလို့ သိရပါတယ်။

ဒီနေရာမှာ အမှု သုံးလေးမှုနဲ့ စွဲချက်တင်ပြီး စစ်ဆေးအပြစ်ပေးတာကို သတိပြုသင့်ပါတယ်။ အမှုတမှုနဲ့ မငြိစွန်းလျှင် အခြားတမှုနဲ့ ငြိစွန်းအောင် အကွက်ဆင်ပြီး အရေးယူတာ ဖြစ်ပါတယ်။ အာဏာပိုင် အဂတိလိုက်စားတာကို ထုတ်ဖော်ရေးသားသူကို အသရေဖျက်မှုနဲ့ အရေးယူတာဟာ အစိုးရရဲ့ လုပ်နည်းလုပ်ထုံးတခု ဖြစ်လာနိုင်ပါတယ်။ ရာဇသတ်ကြီး အခန်း (၂၁) မှာ အသရေဖျက်မှုအကြောင်း (၆) မျက်နှာ ရှင်းပြထားတာကို သတင်းသမားတိုင်း လေ့လာသင့်ပါတယ်။ လူတဦးကို နစ်နာသွားအောင် ပြောဆိုရေးသား စွပ်စွဲတာကို အသရေဖျက်မှုလို့ ပုဒ်မ (၄၉၉) က အဓိပ္ပါယ်ဖွင့်ဆိုပြီး ကင်းလွတ်ချက် (၁၀) ချက် ပေးထားပါတယ်။ ဒီအထဲမှာ ထင်ရှားတာကတော့ အများပြည်သူအကျိုးအတွက် စွပ်စွဲတာနဲ့ သတိပေးတာဟာ အသရေဖျက်မှု မဟုတ်ကြောင်း ဥပမာတွေနဲ့ ရှင်းပြထားတာ ဖြစ်ပါတယ်။

ရာဇဝတ်မကင်းသော ချောက်လှန့်မှု၊ စော်ကားမှုနဲ့ စိတ်ငြိုငြင်မှုတွေကို ဖော်ပြတဲ့ ရာဇသတ်ကြီး အခန်း (၂၂) နဲ့ နိုင်ငံတော်ငြိမ်ဝပ်ရေးကိ ပျက်စေတဲ့ ပြစ်မှုတွေကို ဖော်ပြတဲ့အခန်း (၈) ဟာ ပြည်သူ့ဖက်က ကူညီဆောင်ရွက်သူတွေကို ဒုက္ခပေးနိုင်တဲ့ ဥပဒေပုဒ်မတွေ ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းကို ခြောက်လှန့်ဖို့ ရည်ရွယ်ပြီး ငါးဦး (သို့) ငါးဦးထက်ပိုပြီး စုဝေးတာကို 'ဥပဒေနဲ့ ဆန့်ကျင်သော အစုအဝေး' လို့ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။ ဒီ အစုအဝေးမှာ ပါဝင်သူကို ထောင် (၆) လအထိ ချမှတ်နိုင်ပါတယ်။ လူစုဖို့ အမိန့်ပေးတာကို မနာခံလျှင် (သို့) ရုန်းရင်ဆန်ခတ်ဖြစ်လျှင် ထောင် (၂) နှစ်အထိ ကျနိုင်ပါတယ်။

မြန်မာပြည်က တရားသူကြီးတထောင်ကျော်မှာ အမျိုးသား (၅၀၀) ကျော်နဲ့ အမျိုးသမီး (၅၀၀) ကျော် ပါဝင်ပါတယ်။ ထိပ်ပိုင်းက တရားသူကြီးတွေကို သမ္မတက ခန့်အပ်ပါတယ်။ တရားစီရင်ရေးဌာန စစ်ဗိုလ်ဦးဆောင်တဲ့ ပြည်ထဲရေးဝန်ကြီးလက်အောက် ရောက်နေတာဟာ လွတ်လပ်စွာ သီးခြားရပ်တည်ရမယ့် တရားရေးမဏ္ဍိုင်ကို အားနည်းစေပါတယ်။ တရားသူကြီးနဲ့ တရားရုံးတွေရဲ့ အဂတိလိုက်စားမှုကို ဖော်ထုတ်လိုသူတွေဟာ လွန်ခဲ့တဲ့နှစ် ဇူလိုင်လက ပြဌာန်းတဲ့ 'တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေ' ကိုလည်း အသေအချာ လေ့လာထားဖို့ လိုအပ်ကြောင်း သတိပေးလိုက်ရပါတယ်။
XS
SM
MD
LG