သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် ပဋိပက္ခ နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာအစိုးရနှင့် စစ်ရေးအခြေအနေ ပိုမိုဆိုးရွားလာနေပြီး နိုင်ငံရေးပြေလည်မှု ရရှိဖို့ကလည်း ပိုပြီးအလှမ်းဝေးလာတဲ့ KIA ပြဿနာဟာ ကျန်တဲ့ တိုင်းရင်းသားတွေနှင့် မြန်မာအစိုးရတို့အကြား ရထားတဲ့ သဘောတူညီချက်တွေကို ဘယ်လိုများ ထိခိုက်နိုင်ပါသလဲ။ တရုတ်-မြန်မာဆက်ဆံရေးကိုလည်း ဘယ်လို ထိခိုက်နိုင်သလဲဆိုတာတွေကို သမိုင်းပညာရှင်တွေဖြစ်ကြတဲ့ ဦးအောင်ခင်၊ ကမ္ဘောဇဝင်း တို့နှင့် ဦးကျော်ဇံသာက ဆွေးနွေးမေးမြန်းထားပါတယ်။

ဦးကျော်ဇံသာ။ ။ အခု ကချင်ပြည်နယ်မှာ KIA KIO နှင့်ဖြစ်နေတဲ့ ကိစ္စဟာ ပြေလည်နိုင်မဲ့ အခြေအနေမရှိတော့ အန္တရာယ်နှစ်ခု ကျနော်က ကြည့်ချင်ပါတယ်။ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနှင့်ကော ပြန်ပြီးတော့ ခွာပြဲသွားနိုင်သလား။ ဆက်လက်ပြေလည်မှု ရနိုင်မယ့် အလားအလာရှိရဲ့လား။ ပြန်ပြီး ပြဲသွားနိုင်သလား ဆိုတာတစ်ချက်ရယ်။ နောက်တစ်ချက်က တရုတ်ကနေပြီးတော့ ကချင်တို့၊ ဝတို့၊ အခုထိ ဝ ကိုလည်း အမေရိကန်က ခါးခါးသီးသီး ဖြစ်နေတော့ ဝ ကလည်း နေရာမရှိဘူး။ ဒီအချိန်မှာ မြန်မာအစိုးရက အမေရိကန်နှင့် သိပ်အလွမ်းသင့်တယ်ဆိုပြီး တရုတ်ကလည်း သိပ်မကျေနပ်သံတွေ ကြားနေရတော့ ဒီအင်အားစုတွေကို တရုတ်က နောက်က ကြိုးကိုင်ပြီးတော့ မြန်မာအစိုးရကို ဆန့်ကျင်တဲ့နေရာမှာ အသုံးချလာနိုင်သလား အဲဒီကိစ္စတွေ ဆွေးနွေးချင်တာပါ။ ဆိုတော့ ပထမဦးဆုံးကတော့ အခု ကချင်နှင့် ဖြစ်နေတဲ့ကိစ္စဟာ ပြေလည်မှု မရဘူးဆိုရင် ကျန်လက်နက်ကိုင်အင်အားစု တိုင်းရင်းသားတွေနှင့် ဖြစ်နေတဲ့ကိစ္စ ငြိမ်းချမ်းရေး အလားအလာကော ရှေ့ကိုတိုးလာနိုင်မလား ဆရာ ကမ္ဘောဇဝင်း။

ကမ္ဘောဇဝင်း ။ ။ ကျနော်ထင်တယ်။ ဒီကချင်နှင့် အဆင်မပြေဘူးဆိုရင် တခြား တိုင်းရင်းသားနှင့်လည်း အဆင်ပြေစရာ အကြာင်းသိပ်မရှိဘူး။ ပထမ ကျနော်တို့ ဒီခေတ်သစ်သမိုင်းကို ပြန်ကြည့်လိုက်မယ် ဆိုလို့ရှိရင် ဗမာကွန်မြူနစ်ပါတီ ကျသွားတဲ့အခါကြတော့ ဝ တွေကို သူတို့ နှစ်သိမ့်လာနိုင်တယ်။ အဲဒါက လက်နက်ကိုင်နေတဲ့ အထဲမှာဆိုလို့ရှိရင် အဓိက အင်အားရှိတာက ဝ ရယ်၊ ကရင်ရယ်၊ ကချင်ရယ်ပေါ့။ အဲဒီ ဝကို နှစ်သိမ့်နိုင်ပြီးတဲ့အခါကြတော့ ကချင်နှင့် သူ ၁၉၉၄ မှာ သူ peace လုပ်နိုင်တယ်။ အဲဒီ နှစ်ခုကို သူတို့ရပြီးတော့ နေတဲ့အခါကြတော့ ကရင်ကို သူ မဲတိုက်တယ်။ ကရင်က ခါးကျိုးသွားတဲ့အခါကြတော့ ကရင်က Peace ဖြစ်တဲ့အခါကြတော့ ဆက်ပြီးတော့မှ သူ ကချင်ကို သူ သဲသဲမဲမဲ တိုက်နေတာပေါ့လေ။ ကချင်ကို တိုက်ပြီးတာနဲ့ သူ ကချင်ကို နိုင်သွားပြီးလို့ သူထင်လို့ရှိလို့ရှိရင် ဝကို တိုက်မယ်။ ဆိုတော့ သူက တဖြည်းဖြည်း တဖြည်းဖြည်း တစ်ယောက်စီ တစ်ယောက်စီ သူ ဆက်လက်ပြီးတော့မှ တိုက်မယ့်သဘောက သက်ရောက်နေတယ်။ ဒါ သမိုင်းရဲ့ ဒါက ပြနေတာပေါ့။ ဒါကြောင့် ဒီတိုင်းရင်းသားတွေကလည်း ဒီအကွက်ကို မြင်တဲ့အတွက် အခု သူတို့ ကချင်နှင့် အဆင်မပြေဘူးဆိုလို့ရှိရင်တော့ ဆက်လက်၍ ဒီပြည်ထောင်စုကြီး ရပ်တည်ဖို့သော်လည်းကောင်း၊ ငြိမ်းချမ်းရေးရဖို့သော်လည်းကောင်း ခက်ခဲမယ်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဆရာ စောစောကပြောသလို ကရင်တို့ဘာတို့က အတိုက်ခံရပြီးတော့ ခါးကျိုးသွားပြီးဆိုတော့ သူတို့ကော ပြန်ပြီးတော့ တကယ်လို့ ကချင်နှင့် မပြေလည်တာတွေ့လို့ ငါတို့လည်း ပြန်ချမယ်ဆိုရင်ကော အင်အားပြန်လည် ထူထောင်နိုင်တဲ့ အလားအလာရှိပါရဲ့လား သူတို့အဖွဲ့ထဲမှာ။

ကမ္ဘောဇဝင်း ။ ။ ဒါကတော့ သူတို့ရဲ့ အတွင်းပိုင်းပေါ့။ ကရင်ထဲမှာလည်း သူတို့ အဖွဲ့နှစ်ဖွဲ့က ကွဲနေတာကိုး။ ဒီ စီပွားရေးနှင့် မျက်စိစောင်းတဲ့အဖွဲ့၊ တစ်ဖွဲ့က အခုအနိုင်ရသွားတဲ့ အခါကြတော့ ဒီနိုင်ငံရေးအရလုပ်နေတဲ့ ပုဂ္ဂိုလ်တွေ နည်းနည်း ဘေးထိုင်သွားတဲ့အခါကြမှ။ ဒါပေမဲ့ သူတို့က အင်အားရှိတာ မရှိတာတော့ ကျနော် သိပ်အတိအကျ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် နယ်စပ်နှင့် နည်းနည်းဝေးနေလို့။ ဒါပေမဲ့ သူတို့ရဲ့Moral ပေါ့။သူတို့ရဲ့ စိတ်ဓာတ်ကတော့ သူတို့ရဲ့ ဒီ ဘယ်လိုခေါ်မလဲ တိုင်းရင်းသား တစ်ဦးပြီးတစ်ဦး ဆက်လက်ပြီးတော့မှ တိုက်နေလို့ရှိရင်တော့ သူတို့ခံမှာ မဟုတ်ဘူးဆိုတာတော့ ကျနော် အဲဒီလောက်တော့ သိတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဆရာ ဦးအောင်ခင်ကကော ဘယ်လို မြင်ပါသလဲ။ တိုင်းရင်းသားတွေနှင့် အပစ်အခတ် ရပ်စဲရေး ရပ်ထားတယ်ဆိုတဲ့ဟာက ဘယ်လောက် ခိုင်လုံမှုရှိသလဲ ဆရာ။ အဲဒါကကော နိုင်ငံရေးပြေလည်မှု မပါရင် အပစ်အခတ် ရပ်စဲရေးဟာ အလားကားပဲလို့ လူတွေက ပြောနေကြပါတယ်။ ဘယ်လိုမြင်ပါသလဲ။ သူတို့ ကချင်မဟုတ်တဲ့ ကျန်တဲ့အဖွဲ့တွေနှင့် ငြိမ်းချမ်းရေးအလားအလာ ရှေ့တိုးနိုင်မယ် ထင်ပါသလား။

ဦးအောင်ခင် ။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနှင့်က သူတို့ နိုင်ငံခြားတိုင်းပြည်နှင့် ကပ် နယ်ခြားမှာနေတဲ့ ကချင်တို့၊ ရှမ်းတို့၊ ဝတို့၊ ကိုးကန့်။ နောက် ထိုင်းဘက်မှာနေတဲ့ လူတွေက။ အရင်တုန်းက ဆိုလို့ရှိရင် သူတို့က နိုင်ငံခြားတိုင်းပြည်တွေနှင့် မဆလခေတ်ပေါ့လေ ဗမာအစိုးရနှင့် ဒီလောက်ထိ ပူးပူးကပ်ကပ် မဆက်ဆံခင်ကတုန်းကတော့ ဒီတိုင်းရင်းသားအဖွဲ့တွေ အားကောင်းတယ်။ သူတို့ ဝင်ငွေလည်း ကောင်းတယ်။ နယ်ခြားက အခွန်ကောက်တာ ဘာတွေနှင့်။ ဆိုတော့ ဒီအစိုးရတက်လာပြီးတော့ ဒီအစိုးရနှင့် ပြန်ပြီးတော့ ပေါင်းသင်းတဲ့အချိန်မှာ အခုန အပစ်အခတ် ရပ်စဲရေး ဘာညာလုပ်တဲ့ အခါမှာ ဒီအစိုးရဟာ ပြန်ပြီးအားကောင်းလာတယ်။ တိုင်းရင်းသား နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေက သူတို့ အခွန်ကောက်ရတာလည်း နည်းလာတယ်။ ဆိုတော့ ဝင်ငွေလည်း နည်းလာတာပေါ့။ အိမ်နီးချင်းနိုင်ငံတွေကလည်း သူတို့ အရင်လောက် မထောက်ခံတော့ဘူး။ ထိုင်းဆိုလို့ရှိရင် မလွဲသာလို့ ဒါ အရင်တုန်းကတော့ သူတို့ ဒါကြီးကို Buffer Force ကြားနေအဖွဲ့ဆိုပြီးတော့ ဒီအတိုင်းထားတယ်။ အခုကြတော့ တဖြည်းဖြည်းနှင့် တတ်နိုင်ရင်တော့ နှင်ထုတ်ချင်တဲ့ ပုံစံမျိုးတောင် ဖြစ်နေတယ်ဆိုတော့။

ဒါကြောင့်မို့လို့ ဒီကချင်ကိစ္စမှာ တရုတ်က အရေးကြီးတယ်လို့ ကချင်ကလည်း ယူဆတယ်။ တရုတ်က လောဘကြီးတာပေါ့ဗျာ။ အရင်တုန်းက ကချင်နှင့်ပေါင်းပြီးလုပ်နေတာပဲ။ စီပွားရေးလုပ်ငန်းတွေ အများကြီးပဲ။ နောက် ဗမာအစိုးရနှင့် ပေါင်းလာကော။ ဗမာအစိုးရနှင့် ပေါင်းတာက ပိုပြီး ပိုက်ဆံရတယ်ဆိုတော့ ကချင်ကို ဂရုမစိုက်ဘဲထားတော့ ကချင်ကထပြီးတော့ ပြန်တိုက်တော့ ပြဿနာတွေ ပေါ်ကုန်တော့ တရုတ်က ဒီအထဲမှာ တရုတ်က အများကြီး တာဝန်ရှိတယ်။
အဲဒီလိုပဲ နယ်စပ်မှာရှိတ ဲ့တိုင်းရင်းသားတွေက တစ်ဖက်နိုင်ငံကို ဘယ်လောက်အထိ အားကိုးနိုင်သလဲ။ သူတို့ အရေးကြီးတာက သူတို့ ရန်ပုံငွေ တောင့်ဖို့လိုတယ်။ တိုင်းရင်းသားဆိုရင် တိုင်းရင်းသားအဖွဲ့တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ဘာဖို့ညာဖို့ဆိုတာ တိုင်းရင်းသားအဖွဲ့ထဲမှာ လက်နက်ကိုင်အင်အားစု ရှိဖို့လိုတယ်။ အဲဒီ အင်အားစု ရှိဖို့ဆိုတာလည်း ပိုက်ဆံ အရမ်းကုန်တယ်။ ရန်ပုံငွေ အများကြီးလိုတယ်။ ဒီရန်ပုံငွေကို အမြဲတမ်း ဘယ်လို ရအောင် ဘယ်လို ဖန်တီးမယ်ဆိုတာ အဲဒါ မရှိရင်တော့ သွားမှာပဲ။

ဦးကျော်ဇံသာ ။ ။ ဆရာ အခုက တရုတ်ကလည်းပဲ အစတုန်းက ကချင်နှင့်ပေါင်းပြီးတော့ စီးပွားရေးလုပ်နေတယ်။ အခု အစိုးရနှင့်ပေါင်းရင် စီးပွားရေး ပိုကောင်းမယ်လို့ ယူဆပြီးတော့ ကချင်ကို စတေးလိုက်တယ်ဆိုတဲ့ သဘောဆိုကြပါစို့။ နောက် စီးပွားရေး နယ်စပ်တခွင် ဖြတ်ပြီးတော့ ပိုက်လိုင်းတွေ ဘာတွေ လုပ်လာတယ်။ ဒါပေမဲလည်း ဒီ စီးပွားရေး အကျိုးစီးပွားကို အမေရိကန်နှင့် မြန်မာ သိပ်နီးကပ်လာတာကို အခု မြန်မာကလည်း အမေရိကန်ဘက်ကို နည်းနည်း ရင်းရင်းနှီးနှီး ဖြစ်လာတော့ တရုတ်က သူတို့စီးပွားရေး အကျိုးစီးပွားကို ဒီမဟာဗျူဟာ အကျိုးစီးပွားနှင့် ယှဉ်ပြီးတော့ မစတေးနိုင်ဘူးလား။ ကျနော် ဆိုလိုတာက အမေရိကန်နှင့် မြန်မာအစိုးရ သိပ်ကပ်သွားတဲ့အတွက်ကြောင့် ငါတို့က ကချင်တို့ကို ပြန်ကိုင်မယ်ဆိုတဲ့ သဘောမျိုးကော ဖြစ်လာနိုင်စရာ ဆရာ မြင်ပါသလား။

ဦးအောင်ခင် ။ ။ သူက ဒီလိုရှိတာပေါ့လေ။ အရင်တုန်းကတော့ တရုတ်နှင့် ဖြစ်ဖူးတာပေါ့လေ။ ဗမာတစ်ဦးတည်း ခံချတာပေါ့။ အခုတော့ ဗမာဘက်က တခြား အကူအညီလည်းရတော့ လက်နက်က ကျန်တဲ့လူဆီက ရနိုင်တယ်ဆိုပြီးတော့ ယူဆတာမျိုးလည်း ဖြစ်ရင်ဖြစ်နိုင်တာပေါ့။ တရုတ်အနေနှင့်ကတော့ ဗမာရဲ့ သူက သဘာဝပေါ့ဗျာ Natural Alliance က တရုတ်ပဲ။ တရုတ်က ကပ်နေတာကိုး။ သူနှင့်ဆက်ဆံရေးက မပြေလည်ရင် မဖြစ်ဘူး။ တစ်နည်းမဟုတ် တစ်နည်းတော့ ပြေလည်အောင် လုပ်ရမှာပဲ။ ဆိုတော့ ဒီနေရာမှာ တရုတ်ကလည်း သူ့ မဟာဗျူဟာထဲမှာ နယ်စပ်ဒေသ တည်ငြိမ်ရေးကလည်း ပါတာကိုး။ တရုတ်က ကျနော်မြင်တာ တရုတ်က အင်မတန် လောဘကြီးတာပေါ့ဗျာ။ စီးပွားရေးတစ်ခုတည်း လောဘကြီးပြီး ဒီ ပိုက်လိုင်းဆောက်တဲ့ကိစ္စလည်း ဒီလိုပဲ။ ပိုက်လိုင်းဆောက်တဲ့ကိစ္စလည်း စီးပွားရေးတစ်ခုတည်း လောဘကြီးပြီးတော့ ဆောက်ပြီးတော့ နောက်ပိုင်းမှာ ကျန်တဲ့လုံခြုံရေးပေါ့။ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားမှု၊ နယ်စပ်ဒေသတွေ။ ဒါတွေဘာတွေ သူတို့ သိပ်ပြီးတော့ ဂရုစိုက်ဖို့ မရဘူးဗျ။ မရလို့ဘဲ အခုလို ဖြစ်လာတာပဲ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဆရာက တရုတ်ဟာ မြန်မာရဲ့ Natural Alliance လို့ပြောတယ်။ ဆရာ Natural Enemy ကော ဖြစ်မနေဘူးလား။ ဆရာ ကမ္ဘောဇဝင်း။ သမိုင်းမှာ ကြည့်ရင်လည်းပဲ တရုတ်က မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာတွေ။ ဒီ တရုတ်မဟုတ်ရင်။ အရင် တရုတ်။ သူတို့ဟာ တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာ ထိပါးခဲ့တာတွေ မကြာမဏရှိခဲ့တယ် ဆရာ။

ကမ္ဘောဇဝင်း ။ ။ ကျနော့် အနေနှင့် ထင်တာကတော့ တရုတ်ဟာဆိုလို့ရှိရင် ဗမာပြည်သာ တင်မကဘူး တစ်ကမ္ဘာလုံးကို သူ ချဲ့တယ်လို့ထင်တယ်။ အခု ဒီ ကချင်ကိစ္စမှာနှင့် ပတ်သက်လို့ရှိလို့ရှိရင် သူက မီးစာ တစ်ဖက်၊ ရေမှုတ်တစ်ဖက် အဲဒီ သဘောတော့ ရှိတာပေါ့လေ။ ဆိုတဲ့အခါကြတော့ သူက အခု ကချင်တွေကို တိုက်ဖို့ကို လိုင်ဇာဆိုတာ နယ်စပ် ဟိုဘက် နီးနီးလေး အဲဒီတော သူရဲ့ Air Space ပေးပြီးတော့မှ ဒီ မြန်မာလေယာဉ်တွေ တိုက်ခွင့်ပေးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ မြန်မာတပ်ဖက်က အမြောက်တွေ တရုတ်နယ်ထဲ ကျလာတဲ့အခါကြတော့ ကန့်ကွက်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူက ဘာကိုလုပ်နေလဲဆိုလို့ရှိရင် သူက ကြားနေပေါ့ဗျာ ”ကဲ မင်းတို့ သင့်သင့်မြတ်မြတ်နှင့်နေကြ ဗမာအစိုးရကလည်း တစ်ဖက်က၊ တစ်ဖက်ကတော့ တိုင်းရင်သားအချင်းချင်း သင့်သင့်မြတ်မြတ်။ ငါကတော့ တရားသူကြီးလုပ်ပေးမယ်” ဆိုတဲ့ အဲဒီ သဘောလေးတော့ ရှိတာပေါ့။ ဒါကြောင့်မို့လို့လည်း နယ်စပ်ကို ဒီလိုင်ဇာကို မြန်မာစစ်တပ်က မသိမ်းပါဘူးဆိုတဲ့ ကတိကို ပေးလိုက်တယ်လို့တော့ ကျနော်ထင်တာပေါ့လေ။

တစ်ဖက်မှာ ကြည့်လို့ရှိရင်လည်း ဒီအမေရိကန်နှင့် ပိုပြီးတော့ နီးလာတယ်။ အထူးသဖြင့် ဒီ Cobra Gold ရဲ့ စစ်ဆင်ရေးမှာ ဗမာပါ ပါလာတယ်ဆိုတာ။ Cobra Gold က ဘယ်သူကို ရည်ရွယ်လည်း ဆိုလို့ရှိရင် တရုတ်ရဲ့ ရန်ကိုရည်ရွယ်တာ။ ရည်ရွယ်ပြီး အဲမှာ ပါလာတာကိုလည်း တရုတ်က တော်တော်လေး စိတ်ဆိုးတာ တွေ့တယ်။ အဲဒီတော့ သူလည်း ဗမာကို ဘယ်လို ကိုင်ရမလဲဆိုတဲ့ Policy ကို အတိအကျ သူဘာမှ သိပ်ပြီးမဖြစ်နိုင်သေးဘူး။ တစ်ချိန်တည်းမှာလည်း သူ ဒီ မြန်မာလေယာဉ်တွေ တရုတ်ဘက်ကနေ ပျံသန်းခွင့် ပေးလိုက်တဲ့အတွက် တရုတ်ပြည်မှာရှိတဲ့ ကချင်တွေဟာ ဆန္ဒပြလာတဲ့အခါကြတော့ တရုတ်က သူက ဘာကိုအကြောက်ဆုံးလည်း ဆိုလို့ရှိရင် သူ့ရဲ့ပြည်သူလူထုကို သူအကြောက်ဆုံးပဲ။ သ့ူ ပြည်သူလူထု ထလာမှာကို အကြောက်ဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့စနစ်က အာဏာရှင်စနစ် ဖြစ်နေတာကိုး။ အာဏာရှင်စနစ်။ ဒါကြောင့်မို့လို့လည်း သူကပြည်သူလူထု မထလာအောင် စီပွားရေးနှင့် နှစ်သိမ့်ပြီးတော့မှ အဲဒီ စီးပွားရေးအောင်မြင်အောင် အမေရိကန်တွေကို ပိုက်ဆံပေးချေးနေတာကိုး။ ဒါကို နောက်ခံ သမိုင်းကြည့်ခြင်းအားဖြင့် ပြည်သူလူထု အကြောက်ဆုံးဆိုတဲ့အခါကြတော့ ဒီတရုတ်ဘက်မှာ ရှိနေတဲ့ ကချင် မဟုတ်ဘူးလေ သူတို့က ဂျင်းဖောလို့ ခေါ်တာပေါ့ ဂျင်းဖောလူမျိုးတွေ ထလာမှာကို သူတို့က စိုးရိမ်တဲ့အတွက် မီးစာ တစ်ဖက်၊ ရေမှုတ်တစ်ဖက် နှင့် လာပြီးမှ သူ စီးပွားရေးကို သူတက်နိုင်သလောက် ခေါင်းပုံဖြတ်မယ် ဗမာကို ခေါင်းပုံဖြတ်မယ်လို့ ကျနော် အဲဒီလိုပဲ ထင်ပါတယ်။

ဦးကျောဇံသာ ။ ။ ဟုတ်ကဲ့။ ဆရာ ဦးအောင်ခင် ခင်ဗျာ။ အခု ကချင်ကိစ္စကို အစိုးရက ကိုင်တွယ်နေတာကကော တရုတ်ကို တစ်ဖက်က ထည့်တွက်ပြီးတော့ ပြေလည်အောင် ကြိုးစားသွားမလား။ တချို့ကတော့ ဒီမြန်မာအစိုးရ ကိုယ်တိုင်က တိုင်းရင်းသားတွေကို….

ဦးအောင်ခင် ။ ။ ဒီ ဗမာအစိုးရ အနေနှင့်ကတော့ တရုတ်ကို အိတ်ထဲထည့်လို့ရတယ် ဆိုရင်တော့ တိုင်းရင်းသားကို သူက အပြုတ်တိုက်မှာပေါ့။ ရေရှည်ကြတော့ တဖြည်းဖြည်းနှင့် အဲဒီလို နိုင်ငံခြားအစိုးရတွေကို ဗမာအစိုးရက သူ့အိတ်ထဲ ထည့်နိုင်လို့ရှိရင် ဒီကြားမှာရှိတဲ့ တိုင်းရင်းသားတွေက တဖြည်းဖြည်း လုံးပါးပါးလာမှာပဲ။ အခုချက်ချင်း မပြုတ်တောင်မှ ရေရှည်ကြရင် လုံးပါးပါးလာမှာပေါ့။ ရန်ပုံငွေ နည်းလာမယ်။ လက်နက်ခယမ်း နည်းလာမယ်။ အဲဒီလိုဆိုရင် သူတို့ လုပ်ရတာ ခက်လာမယ်။ အဲဒီတော့ တိုင်းရင်းသားတွေ အနေနှင့်ကလည်း ဗမာလက်အောက်မှာ တစ်ခါမှ ရောက်ဘူးတာ မဟုတ်ဘူး။ ဒါကို ကိုဘသန်းဝင်းတို့လည်း သိတယ်။ သမိုင်းတစ်လျှောက်လုံးမှာ။ ဗမာက သူ့ဘာသူ အလယ်ပိုင်းမှာ နေတာ။ တိုင်းရင်းသားတွေက အပြင်ပိုင်းမှာနေတယ်။ ဒါပေမဲ့ လွတ်လပ်ရေး ရပြီးတော့ ခဏတဖြုတ်ပေါ့ဗျ။ နှစ်ပေါင်း လေးငါးဆယ်လောက် သူတို့ လက်အောက်ရောက်သွားတဲ့ဥစ္စာကို ဒါကြီးကို ပြည်ထောင်စုကြီး ဘဲ့နှယ်ညာ့နှယ်ဆိုပြီးတော့ အတင်းလိုက်ပြီးတော့ ဖိဖို့ဆိုတာက တော်တော်ခက်တယ့်အလုပ်ပဲ။ အဲဒီတော့ ဒီဟာကြီးကတော့ အစဉ်အလာလည်း မရှိပါဘူး။ ဗမာအုပ်ချုပ်တဲ့ အစဉ်အလာဆိုတာ။ အဲဒီတော့ တိုင်းရင်သားတွေ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးပြီးတော့ ပြေလည်အောင် လုပ်နိုင်ရင်တော့ သူတို့ ဒီမိုကရေစီတွေဘာတွေ တည်ဆောက်လို့ ရတာပေါ့။ အဲဒီလို မလုပ်နိုင်ရင်တော့ ဒါစစ်တပ်ကိုပဲ အားကိုးနေရမှာပဲ။ စစ်တပ်အားကိုးတဲ့ အစိုးရက ဘယ်တော့မှ ဒီမိုကရေစီ တည်ဆောက်လို့ မရဘူး။
ကမ္ဘောဇဝင်း ။ ဆရာပြောတာ ကျနော် အားလုံး သဘောတူတယ်ဗျ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ အခု တရုတ်ရယ် အမေရိကန်ရယ် အလယ်မှာ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်။ ဒီကိစ္စနှင့် ပတ်သက်တဲ့ ရှေ့အလားအလာကော ဘယ်လို မြင်ပါသလဲ ဆရာ။

ကမ္ဘောဇဝင်း ။ ။ အမေရိကန် အစိုးရကို ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဘင်လာဒင် သေသွားပြီးပြီ အခါကြတော့ အာဖန်ဂန်နစ်စတန် စစ်ပွဲလည်း ရပ်သွားပြီးပြီအခါကြတော့ တရုတ်ကို ပြန်ပြီးတော့မှ အာရုံစိုက်လာတယ်လို့ ထင်တယ်။ တရုတ်ကိုပြန်ပြီးတော့ ထိန်းတဲ့နေရာမှာ ဗမာဟာ တော်တော်အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေတယ်ဆိုတာကို သူနားလည်တယ်။ ဒါကြောင့်မို့လို့ ဗမာကို သူ တော်တော်လေး ဦးစားပေးလာတယ်။ တချိန်တည်းမှာလည်း ဗမာက တရုတ်ရဲ့ စီးပွားရေး ခေါင်းပုံဖြတ်မှုကို မခံနိုင်တဲ့အခါကြတော့ နောက်ဆုံးကြတော့ သန်းရွှေကိုယ်တိုင်ကနေပြီးတော့မှ သိန်းစိန်ကို ပြန်ပြီး ”မင်း ဆက်လက်ပြီးတော့မှ သင့်တော်သလို လုပ်ပါ” ဆိုတဲ့ဟာ လက်ကို ပေးလိုက်ခြင်းကို ကြည့်ခြင်းအားဖြင့် ဆိုလို့ရှိရင် ကျနော်တို့ ဗမာနိုင်ငံရဲ့ ဘက်မလိုက် မူဝါဒ နိုင်ငံခြားရေး မူဝါဒကို ဘယ်လို ထိန်းသိမ်းမလဲဆိုတာ အရေးကြီးဆုံးပြဿနာ ဖြစ်လာမယ်လို့ ကျနော် ယူဆပါတယ်။ ကချင်ကိစ္စနှင့် ပတ်သက်လို့ရှိရင်တော့ တရုတ်တို့ရဲ့ လှုပ်ရှားမှုအပေါ်မှာ မူတည်ပြီးမှ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဆရာ ဦးအောင်ခင်ကော ဘယ်လိုမြင်ပါသလဲ။ တရုတ်နှင့် အမေရိကန်တို့ရဲ့ အင်အားပြိုင်ဆိုင်မှုမှာ မြန်မာနိုင်ငံဟာ ကြားညပ်နိုင်တဲ့ အနေအထားရှိပါသလား။ မြန်မာနိုင်ငံဟာ…..

ဦးအောင်ခင် ။ ။ တရုတ်ကလည်း အမေရိကန်နှင့် အများကြီး ဆက်ဆံနေတာပဲ။ တရုတ်က အမေရိကန်နှင့် မဆက်ဆံလို့ရှိရင် တရုတ်ကလည်း အခုလောက်ထိ တိုးတက်လာမှာမဟုတ်ဘူး။ ဗမာပြည်မှာလည်း အမေရိကန်ဝင်တော့ တရုတ်ကလည်း နည်းနည်းဟန့်သွားတာပေါ့။ ဒါပေမယ့် အမေရိကန်ကလည်း ဗမာပြည် ပြန်ပြီး လက်ခံတာ သူ စီးပွားရေးလုပ်ဖို့ပေါ့။ စီးပွားရေး လုပ်ဖို့ဆိုတော့ အမေရိကန်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီနှင့် စီးပွားရေးပြိုင်လုပ်တဲ့အခါမှာ အမေရိကန်ကုမ္ပဏီက လိုက်လို့မလွယ်ဘူ။ ဘာလို့လဲဆိုတော့ အမေရိကန်ကုမ္ပဏီက သူ့မှာ စည်းကမ်းသတ်မှတ်ချက်တွေက အများကြီးရှိတယ်။ လာဘ်ထိုးလို့ မရဘူး။ လာဘ်ထိုးတာကို ဒီအမေရိကန်က ဖော်လိုက်ရင် ဒီကုမ္ပဏီ ဒုက္ခရောက်သွားမယ်။ တရုတ်က အဲဒါမျိုး မရှိဘူး။ သူ့ဟာသူ လာဘ်ကို ထိုးချင်သလောက်ထိုးလို့ ရတာကိုး။ ဗမာပြည်က ဗိုလ်ကြီးတွေနှင့်တော့ အကိုက်ပေါ့။ အဲဒီတော့ အမေရိကန် စီးပွားရေး လုပ်တယ်ဆိုတာလည်း အခုမှ အစပိုင်း ရှိသေးတယ်။ တရုတ်ကို မီမယ် မမီမယ် ဆိုတာ ပြောလို့မရဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ မြန်မာနိုင်ငံအပေါ်မှာ သူတို့ နှစ်နိုင်ငံပြိုင်ဆိုင်လာမှုဟာ မြန်မာနိုင်ငံအတွက် အကျပ်အတည်း မဖြစ်စေဘူး ဆိုတဲ့သဘောပေါ့ ….

ဦးအောင်ခင် ။ ။ မဖြစ်နိုင်ပါဘူး။ ဒီဥစ္စာ။
XS
SM
MD
LG