သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြေရှင်းရမယ့် သတင်းထောက် သတ်မှု


အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး
အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ပစ်ခတ် အသေဖမ်းဆီးလိုက်တယ်ဆိုတဲ့ ကိစ္စဟာ မြန်မာနိုင်ငံ တရားဥပဒေ စိုးမိုးရေးကိုသာမက သတင်းလွတ်လပ်ခွင့်ကိုပါ ဆိုးဆိုးဝါးဝါး ထိခိုက်သွားစေတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦး၊ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူလည်းဖြစ် သတင်းသမားတဦးလည်းဖြစ်တဲ့ ဦးထက်အောင်ကျော်တို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။


ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ကိုထက်အောင်ကျော်နဲ့ စပါရစေ။ ကိုထက်အောင်ကျော်တို့က တချိန်က ၈၈ တောခိုခဲ့တဲ့ ကျောင်းသား။ နောက်ပိုင်းမှာ သတင်းထောက် ဖြစ်လာခဲ့တယ်ဆိုတော့ မြန်မာနိုင်ငံ ဒီလို အခြေအနေမျိုးမှာ အထူးသဖြင့် နယ်စပ်ဒေသမှာ activists နဲ့ နိုင်ငံရေးလှုပ်ရှားသူနဲ့ သတင်းသမားဆိုတာ ခွဲခြားရ၊ ပြတ်ပြတ်သားသား ရှိပါသလား။

ဦးထက်အောင်ကျော် ။ ။ အဲဒီလို ပြောဖို့တော့ ခက်မယ်ထင်တယ်။ ဥပမာ ကျနော်တို့ဆိုရင် ၈၈ မှာ ပါခဲ့တယ်။ ကိုပါကြီးလည်း ၈၈ မှာ ပါခဲ့တယ်။ သုံးရောင်ခြယ်အဖွဲ့မှာ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးမှာပါတယ်။ ဓါတ်ပုံတွေထဲမှာ တွေ့ရတယ်။ အခု အဖမ်းခံရတာ အသတ်ခံရတဲ့အချိန်မှာတော့ အလွတ်သတင်းထောက် ဖြစ်တယ်ပေါ့။ ကျနော်တို့လည်း လိုအပ်ချက်အရ ဗမာပြည်နိုင်ငံရေး၊ ဗမာပြည် သတင်းလောကရဲ့ လိုအပ်ချက်အရ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်မှာ နိုင်ငံရေးအရ ပြောင်းလဲဖို့လုပ်သလို၊ သတင်းမီဒီယာကလည်း နိုင်ငံရေးမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်မှာ အရေးကြီးတဲ့အတွက် တာဝန်ဝင်ထမ်းကြတယ်လို့ မြင်တယ်။ ကျနော်တို့ activist journalist ဖြစ်လာခဲ့တယ်။ တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ တော်လှန်ရေး ရှိတဲ့ နိုင်ငံတွေမှာ။

ဦးကျော်ဇံသာ ။ ။ Activist ဖြစ်ခဲ့တယ်ဆိုတိုင်း အခု သူတို့ ပစ်သတ်လိုက်ရအောင် ကြီးကျယ်တဲ့ အပြစ်တော့ မဟုတ်ဘူး ထင်ပါတယ်။ ဒီသတင်းသမားတယောက်ဟာ activist ဖြစ်ရင်လဲ ဆရာသိန်းသန်းဦး ဘယ်လို သဘောရပါလဲ။

ဦးသိန်းသန်းဦး ။ ။ ဒီဟာကတော့ ပြဿနာ မဟုတ်ဘူးဗျ။ Out of question ပဲ။ သူဟာသူ သတင်းသမားဖြစ်ဖြစ်၊ သူပုန်ပဲဖြစ်ဖြစ်၊ ဓမြပဲဖြစ်ဖြစ် ဖမ်းဆီးတဲ့အခါမှာ ပြဌာန်းချက်တွေရှိတယ်။ ညဉ်းပမ်းနှိပ်စက်ပြီးတော့ မေးမြန်းတာ၊ စစ်ကြေတာကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၃၁) အရ တားဆီးထားတယ်။ အဲဒီတော့ ကိုပါကြီးဟာ အလွတ်သတင်းထောက်လား၊ Activist လား၊ သူပုန်လားဆိုတာ ပြဿနာ မဟုတ်ဘူး။ ဒီလူကို ဘယ်လိုဆက်ဆံသလဲ။ ဆက်ဆံဆောင်ရွက်ချက်တွေက ဥပဒေနဲ့ ကိုက်ညီရဲ့လားဆိုတာကို ကျနော်တို့ ဆုံးဖြတ်ရမှာပဲ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သူ့အပေါ်ကို ဆက်ဆံခဲ့တာနဲ့ ပတ်သက်လို့ ဥပဒေလောက က အမှန်တကယ် ဖော်ထုတ်နိုင်ပါ့မလား။ သူဟာ ဘယ်လို စစ်ဆေးခြင်း ခံခဲ့ရတယ်ဆိုတာမျိုးကို ဖော်ထုတ်နိုင်မယ့် အခြေအနေရှိပါသလား။ မြန်မာနိုင်ငံ တရားစီရင်ရေးလောကမှာ။

ဦးသိန်းသန်းဦး ။ ။ အခုအနေအထားကတော့ ထူးခြားချက်လေးပေါ့။ ပြောင်းလဲလာတဲ့ အနေအထား။ ဒီလို အဖြစ်အပျက်မျိုးက ကျနော်တို့ တိုင်းပြည်မှာ စစ်အာဏာရှင် အုပ်စိုးတဲ့ တိုင်းပြည်မှာ စစ်အာဏာရှင်ရဲ့ ယဉ်ကျေးမှုပါပဲ။ ဒီလို စစ်ကြောရေးစခန်းတွေမှာ အသက်ဆုံးရှုံးခဲ့တဲ့လူတွေ အများကြီးပါ။ ကျနော်တို့ကိုယ်တိုင်လည်း ဗိုလ်ခင်ညွှန့် စစ်ထောက်လှမ်းရေး စစ်ကြောစခန်းတွေမှာ လူမဆန်တဲ့ ညဉ်းပမ်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရတယ်။ ကျနော်တို့ခေတ် ၁၉၉၀ မှာ မန္တလေးမှာ … အတွင်းရေးမှုး ဦးမောင်ကို၊ ရန်ကုန်တိုင်းက အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးမောင်ကို၊ ခရမ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့ စစ်ကြောရေး ထောက်လှမ်းရေးစခန်းမှာ အသက်ဆုံးရှုံးခံခဲ့ရတယ်။ အသတ်ခံခဲ့ရတယ်။ သေတဲ့အထိ ညဉ်းပမ်းနှိပ်စက်ခံခဲ့ရတယ်။ အဲဒီအမှုတွေ ပြန်မဖော်နိုင်ဘူး။ ဒါပေမဲ့ အခုထူးခြားတဲ့ အခြေအနေကတော့ ကျနော်တို့မှာ ဒီမိုကရေစီရှိသလိုလို ပြောနေပြီးတော့ အခု တိုင်းပြည်အုပ်ချုပ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်များက သူတို့ဟာ အရပ်သားတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်တဲ့လူတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့လူ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေးတော့ ရှိနေလို့ လူ့အခွင့်အရေး အစီရင်ခံစာတွေတောင် ရပ်ပါတော့လို့ ပြောတဲ့အချိန်မှာ ဒီလူသတ်မှုကြီးက ဘွားဘွားကြီးပေါ်လာတာ ဖြစ်တဲ့အတွက် ဒီအဆင့်မှာတော့ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးခွင့် ရမယ်ဆိုရင် သူမှာ ဘာဒဏ်ရာတွေရှိလဲ။ အလောင်းဖော်ခွင့်ရတယ်ဆိုရင် ဘာဒဏ်ရာတွေ ရှိလဲ။ ဘယ်လို အနေအထားတွေ ဖြစ်နေသလဲ။ ဒါတွေကို ကျနော်တို့ အလင်းရောင်အောက်မှာ နိုင်ငံတကာ မျက်စိအောက်မှာ စစ်ဆေးခွင့်ရမယ်လို့ ကျနော် ယုံကြည်တယ်။

ဦးကျော်ဇံသာ ။ ။ နယ်စပ်ဒေသမှာ အဲဒီလိုပဲ ကိုပါကြီးလိုပဲ လှုပ်ရှားမှုသတင်းတွေကို လိုက်နေတဲ့ သတင်းထောက်တွေရဲ့ အခုလက်ရှိ လုံခြုံရေး အခြေအနေ ဘယ်လောက်အထိ ရှိပါသလဲ။

ဦးထက်အောင်ကျော် ။ ။ ဗမာပြည်မှာက အခု ပွင့်လင်းလာတယ်။ အရင်ကတော့ ထားတော့။ ပွင့်လင်းလာတဲ့အခါမှာ သတင်းသမဂ္ဂတို့၊ ဂျာနယ်လစ်ကွန်ရက်တို့ အဖွဲ့တွေလည်း ပေါ်လာတာပေါ့။ ဂျာနယ်တိုက်တွေ ရှိသလို၊ အလွတ်သတင်းထောက်တွေ၊ ဆိုရှယ်မီဒီယာတွေလည်း ရှိတယ်အခါကြတော့ Netizens တွေလည်းရှိတော့ ဒါက လွတ်လပ်စွာ သတင်းယူခွင့် ရှိရမှာပေါ့။ အခုနပြောသလို အခုက ပြောင်းလဲနေပြီ။ နယ်စပ်မှာရှိတဲ့ အဖွဲ့တွေအားလုံးနဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးပြီးတော့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့ ဒီမိုကရေစီ သွားနေပြီ။ ဖယ်ဒရယ်ကိစ္စ ဆွေးနွေးနေပြီဆိုတဲ့အခါကြတော့ ဒီလိုမျိုးက လုံးဝမဖြစ်သင့်ဘူး။ အားလုံး ဘယ်သတင်းထောက်ပဲဖြစ်ဖြစ် လွတ်လပ်စွာ သတင်းယူခွင့်ရှိအောင် လုပ်ပေးဖို့လိုတယ်။ အစိုးရအဖွဲ့ကရော လက်နက်ကိုင်အဖွဲ့တွေက အာမခံဖို့ လိုတယ်လို့ အဲဒီလိုမြင်တယ်။

ဦးကျော်ဇံသာ ။ ။ နယ်စပ်ဒေသမှာ အစိုးရရဲ့ တရားဥပဒေ စိုးမိုးမှုက သိပ်ကြီးကြီးမားမား ထိရောက်မှု မရှိဘူးလို့ဆိုရင် ရလိမ့်မယ်လို့ ထင်ပါတယ်။ နယ်စပ်ဒေသမှာတော့ ကိုပါကြီး သေဆုံးခဲ့တဲ့ နေရာတွေမှာဆိုရင်။ ဆိုတော့ ဒီလို ကိုထက်အောင်ကျော် ပြောသလို သတင်းထောက်တွေ လွတ်လပ်စွာ သတင်းယူခွင့်နဲ့ ပတ်သက်ပြီး အာမခံချက် အပြည့်အဝရှိဖို့လိုတယ် ဆိုတဲ့ကိစ္စကို ဆရာသိန်းသန်းဦး ဘာဖြည့်ပြောလိုပါလဲ။ ပြည်တွင်းထဲမှာ အဲဒီလိုမျိုး ရှိပါသလား။

ဦးသိန်းသန်းဦး ။ ။ ယခုဟာကတော့ လောလောဆယ် သိပ်မကြာသေးခင်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ သတင်းအဖွဲ့တွေ တွေ့တော့။ ဗိုလ်ချုပ်နှစ်ယောက်ကို တာဝန်ပေးမယ်။ နောက်တခါ သတင်းယူခွင့်ရအောင် ထုတ်ပြန်ပေးမယ်။ ဒါက ကောင်းတဲ့အလားအလာပေါ့။ ကျနော်တို့ တိုင်းပြည်မှာ တခါမှ မရှိခဲ့သေးဖူးဘူး။ အဲဒီအနေအထား ပြောနေရင်တန်းလန်းနဲ့ ဒါကတော့ အောက်ခြေက ဖြစ်သွားတယ်လို့ ထင်ပါတယ်။ မထိန်းနိုင်မသိမ်းနိုင်ဘဲနဲ့ သူတို့က ကျင့်သုံးနေကြကို။ ဒီလို အလုပ်တွေက လုပ်နေကြဖြစ်နေတော့ အထက်က ထိန်းသိမ်းဖို့ အချိန်မမီလိုက်ဘဲ ဖြစ်သွားတယ်လို့ ကျနော် ယူဆပါတယ်။ အကာအကွယ်ပေးမှ သတင်းထောက်တွေရဲ့ ဘဝက အထူးသဖြင့် သတင်းယူတဲ့နေရာမှာ နယ်စပ်ဒေသတွေလို နှစ်ဖက် ဘယ်သူလက်ထဲ အာဏာရှိမှန်းမသိတဲ့ နေရာတွေမှာ တော်ကြာ ဟိုဖက်က သတ်သလို၊ ဒီဖက်က သတ်သလိုကိစ္စမျိုးတွေ ပေါ်ပေါက်လာမှာ ဖြစ်တဲ့အတွက် အဲဒီလို အစီအစဉ်မျိုးတွေတော့ ကျနော်တို့ ကြိုဆိုရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ်မှူးကြီးက ဖွဲ့ပေးတဲ့ ဗိုလ်ချုပ်နှစ်ယောက်ကို သတင်းထုတ်ပြန်ရေးဆိုပြီး ပြောလိုက်တဲ့ မကြာခင်မှာပဲ အခုကိစ္စ ဖြစ်လာတာပါ။ အဲဒီလိုဆိုတော့ ကိုပါကြီးကိစ္စကို သူတို့ဆီကပဲ သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်တဲ့သတင်းအပေါ် ကိုထက်အောင်ကျော် သတင်းသမားတဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးထက်အောင်ကျော် ။ ။ ကျနော်တို့ တွေ့ရသလောက်တော့ ထုတ်ပြန်တဲ့သတင်းက ကလိုထူးဖော - ဒီကေဘီအေနဲ့ ကျနော် သတင်းတွေကြားရတယ်။ တိုက်ပွဲတွေဖြစ်တယ်။ ဒီကေဘီအေ က အစိုးရစစ်သားတွေကို ဖမ်းတယ်ပေါ့။ အဲဒီအချိန်မှာ သတင်းယူဖို့သွားတဲ့ ကိုပါကြီးကို ဖမ်းမိပြီးတော့ ကိုပါကြီးက ဒီကေဘီအေဖက်က ဗိုလ်ကြီးအဆင့်ရှိတဲ့ ပြန်ကြားရေးတာဝန်ခံ ဘာညာပေါ့။ စစ်တပ်က ထုတ်ပြန်တဲ့အထဲမှာ တွေ့ရတယ်။ ဓါတ်ပုံကလည်း ကိုမိုးသီးတို့နဲ့ ပုံကိုတင်ပြီးတော့ သတင်းထောက်မဟုတ်ဘူး၊ ဒီကေဘီအေ က လူဆိုပြီးတော့ အဲဒီလို ဓါတ်ပုံနဲ့ တင်ထားတာကို တွေ့ရတယ်။ ပြီးတော့ ဖမ်းဆီးစစ်ဆေးနေချိန်မှာ လက်နက်ယူပြီးတော့ ထွက်ပြေးတယ်ဆိုတာကတော့ လုံးဝမဖြစ်နိုင်ဘူး။ အဲဒါက သူက သတင်းထောက် လက်နက်ယူပြီး ထွက်ပြေးတယ်ဆိုတာ အဲဒါက ဟာသ ဖြစ်နေတယ်။ အဲဒီ ဖြစ်စဉ်တခုလုံးကို ဥပဒေကလည်း ရှင်းရှင်းလင်းလင်းမရှိ၊ အပေါ်က ညွှန်ကြားချက်ကလည်း သတင်းသမားတွေနဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ ညွှန်ကြားချက်က ရှင်းရှင်းလင်းလင်း မရှိတော့ အောက်ခြေက စစ်ဆေးပြီးတော့ လက်လွန်သွားတဲ့အခါကြမှ ဖြစ်သလို ထုတ်ပြန်လိုက်ရတဲ့ ယုတ်တိမရှိတဲ့ သတင်းထုတ်ပြန်ချက်လို့ အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချိန်တည်းမှာပဲ စစ်တပ်ဖက်က ထုတ်ပြန်သလို၊ ဒီကေဘီအေ ကလည်း ပြောပါတယ်။ ကျနော်တို့ သတင်းထောက်ကမေးတယ် ကိုပါကြီး က ခင်များတို့ဆီကလားဆိုတော့ ဒီကေဘီအေ က မဟုတ်ပါဘူး၊ လုံးဝမရှိဘူးဆိုပြီး လုံးဝငြင်းပါတယ်။ အဲဒီ ပြန်ကြားရေးကောင်စီက။ အဲဒီအဖွဲ့တောင် မရှိဘူးလို့ ဆိုပါတယ်။ ဆိုတော့ တရားရုံးမှာ တကယ်တမ်း တရားဥပဒေအရ ဒီကိစ္စကို စစ်ဆေးကြမယ်ဆိုရင် ဒီလို ညဉ်းပမ်းနှိပ်စက်တာအပြင် ကိုပါကြီးဟာ သူပုန်ဟုတ်မဟုတ် ဆိုတာနဲ့ ပတ်သက်တဲ့အချက်ကို စစ်ဆေးစရာအကြောင်းတရာ ဖြစ်လာနိုင်ပါသလား။ အဲဒီလို ဖြစ်လာနိုင်တယ်ဆိုရင် အစိုးရရဲ့ စွပ်စွဲချက်၊ စစ်တပ်ရဲ့ စွပ်စွဲချက်တခုတည်းကိုပဲ အတည်ယူကြမလား။ ဒီကေဘီအေဖက်ရဲ့ ချေပချက်ကို ဘယ်လို စဉ်းစားမလဲ။ တရားဥပဒေအရ မြန်မာနိုင်ငံမှာ။

ဦးသိန်းသန်းဦး ။ ။ ကိုပါကြီးက မြန်မာနိုင်ငံသားတယောက်ဖြစ်တယ်။ မြန်မာနိုင်ငံသား တယောက်မဟုတ်ရင်လဲ လူတယောက်ကို စိတ်တိုင်းကျ License to kill, James Bond မှ မဟုတ်ဘဲ သတ်ခွင့် ဘယ်ရှိပါ့မလဲ။ အခု ကိုပါကြီးကိစ္စက သက်ဆိုင်ရာ သူ့ဇနီးကလည်း အလောင်းစစ်ဆေးခွင့်တွေ တောင်းထားတယ်။ အလောင်းဖျောက်တာ ပုဒ်မ ၂၀၁ ဥပဒေအရ ပြောရလို့ရှိရင်။ စစ်ကြောရေးမှာ ညဉ်းပမ်းနှိပ်စက်တာ ပုဒ်မ ၃၃၁။ နောက် ဒါက လူသတ်မှုဖြစ်တယ်။ ဒါတွေက ပွင့်လင်းမြင်သာတဲ့ စုံစမ်းရေးကော်မရှင်တရပ်နဲ့ စုံစမ်းမှသာ ဖြစ်နိုင်တယ်။ အဲဒီ ကော်မရှင်မှာလည်း လက်ကိုင်တုတ်တွေ မပါဝင်ဘဲနဲ့ ပြည်သူလူထု လေးစားတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွတ်လပ်တဲ့ ဥပဒေပညာရှင်တွေ ပါပြီးတော့ စုံစမ်းစစ်ဆေးမှုလုပ်မှ ဖြစ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှု တကယ်ရှိသလား။ ဥပဒေအရာမှာ နိုင်ငံသားတိုင်း တန်တူခွင့်ရှိသလား။ ဥပဒေက နိုင်ငံသားတိုင်းကို အကာအကွယ်ကို တန်တူရထိုက်တဲ့ ဟုတ်မဟုတ်ကို ဒီအမှုက အဖြေပေးမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ လက်နက်လုပြီး ထွက်ပြေးလို့ ပစ်သတ်ရတယ်လို့ ဆိုထားပါတယ်။ အဲဒီအချက်ကရော။

ဦးသိန်းသန်းဦး ။ ။ လက်နက်လုပြီး ထွက်ပြေးလဲ ခြေထောက်ပစ်လို့ ရပါတယ်။ ခြေထောက်ပစ်ပြီးတော့ လဲသွားအောင် လုပ်လို့ရပါတယ်။ ဒါတွေက ဟုတ်တယ်မဟုတ်ဘူးဆိုတာ ဘယ်သူမှ မသိဘူး။ ဒါက သူတို့ ထုတ်ပြန်ချက်သက်သက်ပဲ ဖြစ်တယ်။ ဒါကို စုံစမ်းစစ်ဆေးမှရမယ်။ နောက်ပြီးတော့ အမှုက ဖြစ်ဖြစ်ချင်း ကိုပါကြီးကို စက်တင်ဘာလကုန်မှာ ဖမ်းတယ်။ အဲဒီလို ဖြစ်သွားရင် ချက်ချင်းထုတ်ပြန်ပေါ့။ အခုက မိသားစုက ပျောက်လို့လိုက်ရှာ။ ဟိုက ဒီဖက်လွှဲချ၊ နယ်ဝန်ကြီးက တဖက်ကလွှဲချ၊ တပ်က ဒီလွှဲချ။ ဟို ဖမ်းသွားတဲ့လူက ကျနော်မသိဘူး သူဖမ်းပေးတာ။ အဲဒီလို ကသောင်းကနင်းတွေ ဖြစ်ပြီးမှ သတင်းထွက်လာတော့မှ ထုတ်ပြန်တဲ့အတွက် ကျနော်တို့ ဥပဒေစကားနဲ့ ပြောရင်တော့ After-thought နောက်မှ အကြံရပြီးတော့ ထုချေတာပေါ့။ စောစောစီးစီးက ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းဆိုရင် တမျိုးပေါ့။ ကျနော်တို့ ဖမ်းလိုက်တယ်။ ဒီအချိန်မှာ ဒီလိုထွက်ပြေးလို့ ဒီလိုဖြစ်သွားပါတယ်လို့ ဦးအောင်ထုတ်ခဲ့ရင်တော့ ဒီဟာ လက်ခံဖွယ်အကြောင်းရှိတယ်။

ဦးကျော်ဇံသာ ။ ။ ကိုထက်အောင်ကျော်ကို ကျနော် မေးချင်တာက အဲဒီလိုဆိုရင် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်စွာရယူခွင့်၊ သတင်းထောက်တွေရဲ့ အလားအလာ ဘယ်လိုဖြစ်လာမလဲလို့ စဉ်းစားမိပါလဲ။ ကိုထက်အောင်ကျော်က တိုင်းပြည်ထဲပြန်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲ အကြိတ်အနယ်ယှဉ်ပြိုင်တဲ့အခါမှာ မှန်တဲ့ဟာကို စုံစမ်းစစ်ဆေးပြီးတော့ အမှန်အတိုင်း ပြောနိုင်မယ့် အခွင့်အရေးမျိုး ရနိုင်မယ်လို့ ထင်ပါလား။

ဦးထက်အောင်ကျော် ။ ။ အားလုံးသိတဲ့အတိုင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တယ်။ သိသာစွာ မီဒီယာ ပြောင်းလဲမှုလို့ ပြောကြတယ်။ အပြင်က ဦးကျော်ဇံသာတို့ ဗွီအိုအေ၊ ဒီဘီဗွီတို့ အထဲတောင် ရောက်သွားပြီဆိုတော့ ဒီလိုမျိုး ပြန်ကြတာတွေရှိတယ်။ အထဲမှာ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ခွင့်ရတယ်။ စာပေစီစစ်ရေးတွေ မရှိတော့ဘူး။ ဒါတွေကြောင့်မို့ မီဒီယာ လွတ်လပ်ခွင့်က ဦးသိန်းစိန်အစိုးရလက်ထက်မှာ သိသာစွာ တိုးတက်မှုလို့ ပြောကြတယ်။ ဒါပေမဲ့ အခု ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ အခုနှစ်ထဲမှာ သတင်းထောက်တွေ အဖမ်းခံရတယ်။ ယူနီတီဂျာနယ်ပုဂ္ဂိုလ်တွေဆိုရင် ဆယ်နှစ်လောက် ချခံရတယ်။ Bi မွန်းတည်နေ ဆိုရင်လည်း ငါးနှစ်လား၊ သုံးနှစ်လား ချထားတယ်။ ဦးရဲထွဋ် ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်က ဂျာနယ်တွေကို တရားစွဲတယ်။ အခြေအနေက ပထမပိုင်းမှာ ကောင်းပေမဲ့ အခု ၂၀၁၄ ထဲမှာ အတော်လေးဆိုးလာတယ်။ ဆိုးလာပြီး အခုဆိုရင် ပိုဆိုးသွားပြီ၊ သတင်းထောက်ကို သတ်တဲ့အမှုဆိုတော့။ မဆလခေတ်၊ နဝတခေတ်က ဆိုးတယ်ဆိုပေမဲ့ ထောင်ထဲထည့်ပြီး နှိပ်စက်တာပဲရှိတယ်၊ သတ်တာမရှိဘူး။ အခုက သတင်းထောက်ကို သတ်တယ်ဆိုတော့ အခြေအနေက လုံးဝကို နောက်ပြန်ဆုတ်သွားတယ်လို့ ပြောလို့ရတယ်။ တော်တော်ကြီး မေးခွန်းထုတ်စရာလို့ မြင်တယ်။ ရှေ့အလားအလာ မကောင်းဘူးလို့ မြင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ လွတ်လပ်စွာ သတင်းယူခွင့်ဆိုတာ တော်တော်လေးကို ပြန်စဉ်းစား သုံးသပ်ရမယ့် အခြေအနေ ဖြစ်လာပြီလို မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု စဉ်းစားမိတာက တချို့ကပြောတယ် ကိုပါကြီးဟာ ပြည်တွင်းနာမည်ကြီးတချို့မှာလည်း သတင်းတွေ ရေးခဲ့ပါတယ်။ အခုအချိန်အထိ အဲဒီပြည်တွင်းမီဒီယာတွေ ကိုပါကြီးရဲ့ သတင်းတွေကို လက်ခံဖော်ပြခဲ့တဲ့ ပြည်တွင်းနာမည်ကျော် မီဒီယာတွေက ကိုပါကြီးက သူတို့ဆီက သတင်းထောက်ပါဆိုပြီး တစွန်းတစမှ တခွန်းမှ ပြောသံမကြားဘူးလို့ ဆိုပါတယ်။ ဆရာသိန်းသန်းဦး တွေ့မိပါသလား။ သူတို့ ပြောတာကို။ ဘယ်လို ပြောလိုပါလဲ အဲဒီကိစ္စကို။

ဦးသိန်းသန်းဦး ။ ။ ကျနော်လည်း မတွေ့မိဘူး။ ဒီဟာကို သူတို့ကိုယ်တိုင်လဲ ကြောက်နေကြတယ်ထင်တယ်။ သတင်းထောက်ကို သတ်ပြလိုက်တော့။ ကိုယ့်သတင်းထောက်ဆိုရင် ငါတို့များ ဆက်သတ်နေမလားဆိုပြီ။ အဲဒီလိုများ ဖိနှိပ်ချုပ်ချယ်ခံ၊ ကြောက်လို့ပေါ့။ ကျနော့်အတွက်ကတော့ အခုနပြောသလိုပဲ ကျနော်က ဥပဒေရှေ့နေဆိုတော့ ဥပဒေအရပြောရင် ကိုပါကြီးက သတင်းထောက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဒီကေဘီအေ က သူပုန်ဖြစ်စေ မဖြစ်စေ။ သူပုန်ဆိုရင် ၁၇ (၁) ရှိပါတယ်။ မတရားအသင်းနဲ့ အရေးယူပေါ့။ လက်နက်ကိုင်လို့ ဥပဒေတွေ အကုန်ရှိပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ပေါ့။ သတ်ပစ်လို့တော့ မရဘူး။

ဦးထက်အောင်ကျော် ။ ။ ကျနော် နည်းနည်းပြောချင်တယ် အခုနပြောတဲ့အထဲမှာ အခုထက်ထိတော့ ကျနော်သိသလောက် ဟိုနေ့ကဆိုရင် ကိုမင်းကိုနိုင်တို့ ဆူလေးဘုရားရှေ့မှာ ဟောပြောပွဲလုပ်တယ်။ ဂျာနယ်လစ်ကွန်ရက်က လူတွေလည်းလာတယ်။ ပြောတယ်။ ဒါပေမဲ့ အခုန ရှေ့နေပြောသလို သူက ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံသားတယောက်အနေနဲ့ ပြောကြတယ်။ ရှေ့နေကော တခြားလူတွေကော နိုင်ငံသားတယောက်အနေနဲ့ ပြောပေါ့။ ဂျာနယ်လစ်ဆိုရင် ဂျာနယ်လစ်ဖက်က ပြောဖို့လိုတယ်လို့ မြင်တယ်။ အထူးသဖြင့် ဂျာနယ်လစ်ကွန်ရက်တွေ၊ အခုဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေက သေသေချာချာ ပြောဖို့လိုတယ်၊ အခုက ဘယ်သူမှ မပြောဘူး။ ၈၈ ပဲပြောတယ်။ NLD ဆိုရင်လဲ သုံးရောင်ခြယ် ဒေါ်စု လုံခြုံရေးယူခဲ့တဲ့လူပဲ ဘာဖြစ်လို့ မပြောတာလဲ။ ကျနော်ထင်တယ် အပြင်က RSF တို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောမှာပဲ။ ဒါပေမဲ့ အထဲက မီဒီယာအဖွဲ့အစည်းတွေ၊ နောက် ဂျာနယ်တိုက်တွေ၊ သတင်းစာတိုက်တွေ ဘာလို့ ငြိမ်နေကြလဲဆိုတာကိုတော့ မေးခွန်းထုတ်စရာဗျ။

XS
SM
MD
LG