သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှွတ်တော်ရေးရာ ကော်မတီတွေရဲ့ အဆင့်အတန်း


ဒီတပတ် မြန်မာ့အရေး သတင်းသုံးသပ်ချက် အစီအစဉ်မှာ လွှွတ်တော်ရေးရာ ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ကချင်အမျိုးသမီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွယ်ဘူနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဒေါ်ဒွယ်ဘူ။ ။ ပြည်ထောင်စုအဆင့် မဟုတ်ဘူးဆိုတဲ့ကိစ္စက ကျမတို့ဆီက စခဲ့တာ မဟုတ်ပါဘူးရှင့်။ ကျမတို့ လွှတ်တော်ကလည်း အခုမှစတယ်။ လွှတ်တော်ဆိုတာ ကျမတို့နိုင်ငံမှာ ပျောက်နေပြီ။ ပျောက်နေတဲ့အခါမှာ ပြည်သူ့အရေး၊ တိုင်းရင်းသားအရေး။ အရေးပေါင်းများစွာကို ကျမတို့ လွှတ်တော်မှာ ဆွေးနွေးနေရတဲ့အချိန်။ ကျမတို့ အဆင့်အတန်းဆိုတာကို ခေါင်းထဲမှာတောင် မထည့်နိုင်ပါဘူး။ မထည့်နိုင်ဘဲနဲ့ ပြည်သူ့အရေးပေါင်းများစွာ၊ တိုင်းရင်းသားအရေးပေါင်းများစွာ - ဥပမာ ကျမတို့ ကချင်တွေဆိုရင် ကျမတို့ ကချင်ရဲ့ အရေးက အရမ်းကို အရေးကြီးနေတယ်။ အဲဒီလိုမျိုးကိစ္စတွေ စဉ်စားနေတဲ့အချိန်မှာပဲ သမ္မတကြီးဖက်ကနေ၊ အစိုးရဖက်ကနေ ကျမတို့ရဲ့အဆင့်ဟာ ပြည်ထောင်စုအဆင့် ဟုတ်မဟုတ်ဆိုတာကို ခုံရုံးကို မေးခဲ့ပါတယ်။ ဒါက သူတို့ဖက်ကမေးတာ။ ကျမတို့ လွှတ်တော်ကို မလာပါဘူး။ ဟိုဖက်ကိုမေးတော့ ကျမတို့ကလည်း ဒါက သူ့ဘာသာမေးတဲ့ကိစ္စပဲ။ အဲဒီတော့ ခုံရုံးက ပြန်ဖြေတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ၊ ပြည်ထောင်စုအဆင့် မဟုတ်ပါဘူးဆိုတော့ ကျမတို့က အဲဒီအထိ၊ ကျမတယောက်တည်းသဘောနဲ့က ကျမတို့က ဘယ်အဆင့်တွေ၊ ညာအဆင့်တွေ ကျမတို့ မစဉ်းစားဘူး။ အထူးသဖြင့် ကျမတို့လို နယ်ကတက်လာတာဆိုတော့ ကျမတို့က အဆင့်အတန်းအတွက်လာတာ မဟုတ်ဘူး။ ကျမတို့က တကယ့်တိုင်းပြည်အတွက်၊ ကျမတို့လူမျိုးအတွက်၊ နိုင်ငံအတွက်၊ ပြည်နယ်အတွက် လာတာဆိုတော့ ဒီဟာတွေ ကျမတို့ မစဉ်းစားဘူး။ နောက်မှ အဲဒီ အဆင့်အဆင့်ဆိုတာဟာ သူတို့နဲ့ level မဆက်ဆံနိုင်တဲ့ အနေအထားမျိုး။ လွှတ်တော်ထဲမှာ ကျမတို့က မဆွေးနွေးနိုင်တဲ့ အနေအထားမျိုးဆိုတာ။ ဒါဆို ကျမတို့က ပြည်သူလူထုအတွက် အင်မတန် ဆုံးရှုံးတယ်။ ဒီကိစ္စကစကတည်းက သူတို့ဖက်ကစတာပါ။

ဦးကျော်ဇံသာ ။ ။ သူတို့ဖက်ကဆိုတာ ဘယ်ဖက်ကိုပြောတာလဲ။

ဒေါ်ဒွယ်ဘူ။ ။ အဲဒါ သမ္မတက စတာပါ။

ဦးကျော်ဇံသာ ။ ။ သူက ဘာကြောင့် ပြည်ထောင်စုအဆင့် ဟုတ်မဟုတ်ဆိုတာ စုံစမ်းပေးပါ။ စစ်ဆေးပေးပါဆိုတာ ဘာကြောင့် သူတို့မေးစရာအကြောင်း ပေါ်လာတယ်လို့ ထင်ပါသလဲ။

ဒေါ်ဒွယ်ဘူ။ ။ အဲဒါ မနေ့က သဝဏ်လွှာမှာပါတာကတော့ ကျမတို့ရဲ့ facility အတွက်လို့ပါပါတယ်။ ကျမတို့ကို လုပ်ပေးရမယ့်ကိစ္စတွေအတွက်လို့ ဒီလို highlight ပါပါတယ်။ အရင်ကတော့ ကျမတို့ကလည်း စိတ်မဝင်စားပါဘူး။ မနေ့က သဝဏ်လွှာမှာမှ အဲဒီလိုပါလာတဲ့အခါကြတော့ နဂိုကတည်းက ကျမတို့ဆီမှာ ဘာမှမပေးထားဘူးဆိုတာကို သိတယ်။ ဒါပေမဲ့လည်း ကျမတို့က အဲဒါကိုလည်း ဘာမှမပြောဘူး။ တိုင်းပြည်ကလည်း ဆင်းရဲနေတယ်။ ဘာမှလည်း ပြောစရာမလိုဘူး။ ကျမတို့ ၆၀၀ ကျော် လွှတ်တော်ကိုယ်စားလှယ်တွေလည်း တယောက်မှ တောင်းဆိုတာ မရှိပါဘူး။ ကျမတို့က ပြည်သူလူထုအတွက် ပြောရေးဆိုခွင့်ကို တောင်းဆိုနေတာ။

ဦးကျော်ဇံသာ ။ ။ သူတို့က facility ဆိုတာ သမ္မတကြီးအနေနဲ့ ဘာကိုပြောလိုတာလဲ။

ဒေါ်ဒွယ်ဘူ။ ။ အဆောင်အယောင်တို့၊ အိမ်တို့၊ ကားတိုက်တို့ပေါ့။ အဲဒါကို ပြောတာပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒါကို တောင်းနေတယ်မှတ်လို့ သူက မနေ့က ပြန်ကြားတယ်။

ဒေါ်ဒွယ်ဘူ။ ။ မတောင်းဘူး။ ကျမတို့ မတောင်းဘူး။ မနေ့ကပါတာ အဲဒါတွေ ပေးဖို့အတွက် ပြည်ထောင်စုအဆင့် ဟုတ်မဟုတ်ဆိုတာ မေးတာပါ။ ခုံရုံးကို မေးတာပါ။

ဦးကျော်ဇံသာ ။ ။ တောင်းဆိုတဲ့အတိုင်း မဟုတ်ဘူးပေါ့။ ဒီဖက်က လိုချင်တာကတခြား၊ ဟိုဖက်က ပြောလာတာကတခြား ဖြစ်နေတာပေါ့။

ဒေါ်ဒွယ်ဘူ။ ။ ဟုတ်တယ်။ သူတို့က မနေ့က သဝဏ်လွှာမှာပါပါတယ်။ အဲဒါအတွက် မေးမြန်းတာပါတယ့်။ ပြည်ထောင်စုအဆင့် ဟုတ်မဟုတ် ခုံရုံးကို မေးတာပါ။ ကျမတို့ကြတော့ ဒီကနေ့ ပြည်သူလူထုအတွက် ပြောဆိုတဲ့အခါမှာ သူတို့နဲ့ level မတူဘူး။ အခုကြည့်ရင်တောင် လွှတ်တော်ထဲမှာ ဝန်ကြီးတွေ မလာတော့ပါဘူး။ ဒု-ဝန်ကြီးတွေပဲ လာတယ်ဆိုတော့ ကျမတို့ အင်မတန် စိတ်မကောင်းဖြစ်ပါတယ်။ နောက်ပြီး ကျမတို့ တောင်းဆိုတာတွေကိုလည်း ဘယ်တော့မဆို သာမန်ကာလျှံကာပဲ ဖြေသွားတဲ့အခါကြတော့ ပြည်သူလူထုတွေက ကျမတို့ကိုပြောပါတယ်။ ခဏခဏ ဖုန်းဆက်ပါတယ်။ လွှွတ်တော်ကိုယ်စားလှယ်တွေ တောင်းဆိုတာကို ဟိုက ဒီအတိုင်းပဲ သာမန်ကာလျှံကာ ဖြေနေတဲ့ အဲဒီကိစ္စကို လုပ်ကြပါအုံးလို့ ပြောတယ်။ အဲဒီတော့ ကျမဆိုလည်း ဖေဖေါ်ဝါရီလထဲက တင်ထားတဲ့ တိုင်းရင်းသားစာပေနဲ့စကားတွေနဲ့ဆိုင်တဲ့ အဆိုကို လုံးဝမပြောရဘူး။ ဇွန်လကျတော့ သူတို့က အစည်းအဝေးလုပ်လိုက်ပြီ။ အစည်းအဝေးလုပ်လိုက်ပြီဆိုတော့ လုပ်ပြီးပြီဆိုတဲ့သဘော ။ ဒါပေမဲ့ အဲဒီ အစည်းအဝေးလုပ်တဲ့နေရာမှာလည်း ကျမတို့ တင်တဲ့ကိစ္စတွေက မပေါ်ဘူး။ ကျမတို့ ရခိုင်၊ ကချင်ဆို မပါဘူး။ အဲဒီလိုမျိုးတွေပေ့ါ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အခုဖြစ်နေတာက လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောတာလား။ သို့မဟုတ် လွှတ်တော်ကဖွဲ့စည်းပေးထားတဲ့ ရေးရာကော်မတီတွေလို့ ကျနော်နားလည်းပါတယ်။

ဒေါ်ဒွယ်ဘူ။ ။ ဟုတ်တယ်။ လွှတ်တော်ကဖွဲ့စည်းပေးထားတဲ့ ရေးရာကော်မတီတွေမှာ လွှတ်တော်ကိုယ်စားလှယ်အားလုံး ပါပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ် မေးတာ၊ စုံစမ်းတာ၊ မေးခွန်းထုတ်တာတွေကို ဘာမှမဖြေတော့ဘူး။

ဒေါ်ဒွယ်ဘူ။ ။ ဖြေတော့ လာဖြေပါတယ်။ အခုနောက်ပိုင်းဆို ဒု ဝန်ကြီးတွေပဲ လာဖြေတော့တယ်။

ဦးကျော်ဇံသာ ။ ။ ဝန်ကြီးအဆင့်၊ ပြည်ထောင်စုအဆင့် မလာတော့ဘူး။ ဖြေတာမဖြေတာထက် အဲဒီဟာကို သူတို့က အရေးယူဆောင်ရွက်ပေးတာကို ရှိပါသလား။
ဒေါ်ဒွယ်ဘူ။ ။ အဲဒီအဆင့်ထိတော့ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အစတုန်းကတော့ လွှတ်တော်ကိုယ်စားလှယ်တွေဖက်က လွှတ်တော်ဥက္ကဋ္ဌ အကြီးအကဲကို တော်တော်လေး အားကိုးပြီးတော့ ဥက္ကဋ္ဌကြီးရဲ့ ဘာညာလုပ်ပေးမယ်လို့ ပြောကြားတာ ကြားရပါတယ်။ အခု ဥက္ကဋ္ဌကြီးလည်း ဘာမှမတတ်နိုင်တော့ဘူးပေ့ါ။

ဒေါ်ဒွယ်ဘူ။ ။ ဥက္ကဋ္ဌကြီးလည်း ဒီကိစ္စကို ပြောပါတယ်။ ဒီကိစ္စကို ဦးစီးဦးဆောင်ပြီး လုပ်ပါတယ်။ ဘာဖြစ်လို့လည်းဆို ဥက္ကဋ္ဌကြီးကိုယ်တိုင် ဘာပဲပြောပြော ကျမတို့က ပြည်သူတွေအတွက် ပြောရဲဆိုခွင့်ရဖို့ သူကိုယ်တိုင် ကြိုးစားနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုလူထုကိုယ်စားပြု၊ လူထုတွေ ရွေးကောက်တင်မြှောက်ထားပါတယ်ဆိုတဲ့ လွှတ်တော်နဲ့ နိုင်ငံတော်သမ္မတကခန့်တဲ့ အုပ်ချုပ်ရေးအကြီးအကဲတွေ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေကြားမှာ နည်းနည်းပါးပါး ညှိနှိုင်းစရာတွေ ကျန်နေတယ်။ နည်းနည်း အဖုအထစ်တွေ ရှိနေတဲ့သဘောပေါ့။

ဒေါ်ဒွယ်ဘူ။ ။ နားလည်းဖို့တော့ လိုတာပေါ့။ သူတို့ဖက်ကတော့ ကျမတို့ရဲ့ နေဖို့ထိုင်ဖို့ ဘာညာတွေ မလုပ်ပေးနိုင်လို့ အဲဒါတွေအတွက်ကို မေးတယ်။ မလုပ်ပေးနိုင်တာ မဟုတ်ဘူး။ အဲဒါကို လုပ်ပေးရမှာရှိလို့ပေါ့လေ။ ကျမတို့ အဆင့်အတန်းတူချင်တယ်ဆိုတာ ကျမတို့ ဘာပဲပြောပြော ကျမတို့ပြည်သူ့လွှတ်တော် အမျိုးသားကိုယ်စားလှယ်တွေသည် ပြည်ထောင်စုလွှတ်တော်ဆိုတဲ့ အောက်မှာပါတယ်။ အဲဒီတော့ ပြည်ထောင်စုနဲ့အတူ တန်တူ၊ သူတို့နဲ့ တန်တူလုပ်ငန်း လုပ်ပိုင်ခွင့်ရချင်တာ။ ဒီတခုတည်းပါပဲ။ ကျန်တာမပါပါဘူး။ ဒါကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးရဲ့ဆန္ဒပါပဲ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီအချက်ကို ဆက်လက်ပြီးတော့ ထပ်ရှင်းပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အိမ်တွေ၊ ကားတွေ၊ ဝန်ကြီးတွေလို လိုချင်တာ မဟုတ်ဘူး။ ဒီအချက်အလက်တွေကို ပြည်သူ့ကိုယ်စားပြုပြီးတော့ ခင်များတို့နဲ့ တိုက်ရိုက်ဆွေးနွေးချင်တာ။ လွှတ်တော်က တင်ပြတာကို ထိထိရောက်ရောက် အရေးယူစေချင်တာသာ ဖြစ်တယ်ဆိုတာကို ဆက်လက်ရှင်းလင်းပြီးတော့ ရေးအုံးမလား။ တင်အုံးမလား။

ဒေါ်ဒွယ်ဘူ။ ။ အဲဒါကို ဆက်လက်ရှင်းလင်းသွားမှာပါ။ ကျမတို့ သဘောထားကတော့ ဒီဟာတွေ မဟုတ်ပါဘူးဆိုတာ။ ဒါကတော့ လွှတ်တော်အပိုင်းက ဆက်လက်ရှင်းလင်းသွားမှာပါ။ ကျမတို့တွေရဲ့ ဆန္ဒကိုတော့ ပြောပြဖို့ လိုအပ်တယ်။ ဟိုစစချင်း ဒီကိစ္စက ခုံရုံးကိုတင်တုန်းက ဘာအကြောင်းကြောင့်ဆိုတာကို ကျမတို့ မသိပါဘူး။ မနေ့က အဲဒီ သဝဏ်လွှာ ပို့လိုက်မှ အဲဒါကို သိရတာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေဖက်က ဘာဆက်လုပ်မလဲ။ နောက်ဆုံး တကယ်လို့ မရခဲ့ဘူးဆိုရင် ဒီအတိုင်းပဲ ဆက်သွားမလား။ သို့တည်းမဟုတ် တစုံတခုများ ဘာလုပ်လာစရာအကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေဖက်က ရှိကြသလဲ။

ဒေါ်ဒွယ်ဘူ။ ။ လွှတ်တော်ကိုယ်စားလှယ်ဖက်ကတော့ ဒါက လူထုအတွက် ကျမတို့ကတော့ ဒါက constitution မှာ တင်ပြထားတဲ့အတိုင်း ကျမတို့က လုပ်ဆောင်စရာရှိတာ ကျမတို့က ပြည်သူအတွက် ကျမတို့က ပြောရေးဆိုခွင့်တော့ မရရအောင် ဆောင်ရွက်သွားမှာပဲ။ ကျမတို့ကတော့ ဒီအဆင့်အတန်းမတူရင်။ ကျမတို့ကို ဘယ်လိုအဆင့်အတန်းမျိုးနဲ့ သတ်မှတ်သလဲ။ ကျမတို့သည် ပြည်ထောင်စုအဆင့်မဟုတ်ဘူးဆိုရင် ကျမတို့က ပြည်နယ်လည်းမဟုတ်ဘူး။ ခရိုင်လည်းမဟုတ်ဘူး။ ကျမတို့က မြို့နယ်မဟုတ်ဘူးဆိုတော့ ကျမတို့က ဘယ်အဆင့်အတန်းနဲ့ ဘယ်သူနဲ့ သွားဆွေးနွေးမလဲ။ အဲဒါတွေကရှိတယ်။ ရှိတဲ့အခါကြတော့ ကျမတို့က လူထုအတွက်ကို ကျမတို့က နယ်ကနေလာပြီးမှ ပြည်ထောင်စုမှာ ရသင့်ရထိုက်တဲ့ဟာကို တောင်းဆိုနေတာပါ။ များသောအားဖြင့်လည်း လုပ်ငန်းပိုင်းဆိုင်ရာတွေက အားလုံးက ပြည်ထောင်စုအစိုးရမှာပဲ စုပုံးနေတာပါ။ ဒီကနေ့ ပြည်နယ်နဲ့တိုင်းဒေသကြီး ရှိတယ်ဆိုပေမယ့် လူထုထဲမှာ ဒီကနေ့အထိ ထိထိရောက်ရောက် ဘာတခုမှ မရောက်ဘူး။ လွန်ခဲ့တဲ့အချိန်တည်းက ကျမတို့ တိုင်းရင်းသားကော်မတီနဲ့ တနိုင်ငံလုံးသွားတဲ့အခါမှာ လူထုကို မေးလိုက်တဲ့အခါမှာ ဘာမှပြောင်းလဲမခံစားဘူး။ ကျမတို့ လွှတ်တော်ထဲမှာတော့ ဟိုဟာတောင်းဒီဟာတောင်း အကုန်တောင်းနေတာပဲ။ သူတို့ကလည်း လုပ်ပေးပြီလို့ပြောပြီး။ တကယ်တမ်း သွားလိုက်တဲ့အခါမှာ ဘာမှမရှိဘူး။ ဘာမှမရောက်တဲ့အခါ ဒါကို ပြန်ကြည့်လိုက်တဲ့အခါ ပြည်နယ်နဲ့တိုင်း ဒေသကြီးကလည်း မလုပ်ပေးနိုင်ဘူး။ သူတို့မှာ လုပ်ပိုင်ခွင့်အာဏာမရှိဘူး။ အဲဒီတော့ ကျမတို့က ပြည်ထောင်စုမှာ ဒါတွေပဲ ပြောနေရတာပါ။

ဦးကျော်ဇံသာ ။ ။ သမ္မတရဲ့ ပြန်ကြားချက်အထဲမှာ လွှတ်တော်က စွပ်စွဲပြစ်တင်တဲ့ နည်းလမ်းနဲ့ဖြေရှင်းမယ့်အစား ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ ပုဒ်မ (၁၂) ပါ အခွင့်အရေးကို အသုံးပြုမည်ဆိုရင် ဒါက ဘယ်သူကိုမှ ထိခိုက်မှုမရှိဘဲနဲ့ ပြေလည်ကောင်း ပြေလည်နိုင်မယ်လို့ ပြောထားပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံ အခန်း (၁၂) မှာ ဘာတွေများ ပြဌာန်းပြီးတော့ ဘယ်လိုအခွင့်အရေးတွေ လွှတ်တော်က ပေးထားပါသလဲ။

ဒေါ်ဒွယ်ဘူ။ ။ အခန်း (၁၂) မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့အပိုင်း။ ပြင်ဆင်တဲ့အပိုင်းဆိုတော့ ကျမတို့က ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ ပြောထားတဲ့ကိစ္စကို ပြည်ထောင်စုအဆင့် ဖြစ်ပါတယ်ဆိုပြီး ကျမတို့ကိုယ်စားလှယ်တွေက ပြန်ပြီးပြင်ယူရမယ့် ကိစ္စပေါ့။ ပြင်ယူရမယ့်ကိစ္စမှာ ကျမတို့က ၂၀% လက်မှတ်ရေးထိုးပြီးမှ ၇၅% ထောက်ခံတယ်ဆိုလို့ရှိရင် လွှတ်တော်အတွင်းမှာပဲ ပြင်ဆင်ယူလို့ရပါတယ်။ ဒါပေမဲ့ ကျမတို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီးမှ ထုတ်ထားတဲ့ တည်ဆဲဥပဒေရှိပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်။ ဒီဥပဒေ (၃) ခုက တည်ဆဲဥပဒေတွေဖြစ်တယ်။ အဲဒီမှာ ကော်မတီရေးရာအဖွဲ့ဝင်များကဆိုရင် ပြည်ထောင်စုအဆင့်ဖြစ်တယ်လို့ ပါနေတဲ့အတွက် ကျမတို့ တည်ဆဲဥပဒေမှာ ဒါကရှိနေတဲ့အတွက် အဲဒီ အခန်း (၁၂) ကို ဒီကနေ့အထိ ဘာမှမလုပ်တာပါ။ ဘာပဲပြောပြော ဒီဥပဒေတွေက တည်ဆဲဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပေါက်ဖွားလာတာပါ။

ဦးကျော်ဇံသာ ။ ။ နောက်တခုက သမ္မတရဲ့ ပြန်ကြားချက်ထဲမှာ အခုပြုပြင်ပြောင်းလဲနေတဲ့ ဥပဒေပြု အုပ်ချုပ်ရေး၊ တရားရေးဆိုင်ရာ အခန်းကဏ္ဍကြီး (၃) ရပ်က ပူးပေါင်းပြီးတော့ လောလောဆယ် ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေ အရှိန်အဟုန် ရပ်တန့်မသွားစေဖို့အတွက် နောက်ပြီးတော့ ပြည်သူ သန်း (၆၀) ကို ငဲ့ကွက်တဲ့အားဖြင့် ဒါကို အလျှော့ပေးဖို့ဆိုတဲ့ သဘောပေါ့။ အပြစ်တင်တဲ့နည်းကို မသုံးနဲ့ဆိုပြီး ပြောထားပါတယ်။ အခု ဒေါ်ဒွယ်ဘူတို့ လုပ်နေတဲ့ လုပ်ရပ်ဟာ လွှတ်တော်ကိုယ်စားလှယ်တွေက ဒါကတန်တူအခွင့်အရေး လိုချင်တယ်။ ပြည်ထောင်စုအဆင့် သတ်မှတ်ပေးပါ။ ဆွေးနွေးပါရစေ၊ တင်ပြပါရစေလို့ ဆိုနေတဲ့ကိစ္စဟာ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန် ရပ်တန့်သွားစေတယ်လို့ ထင်ပါသလား။

ဒေါ်ဒွယ်ဘူ။ ။ မထင်ပါဘူး။ လွှတ်တော်အပိုင်းကတော့ လွှတ်တော်အပိုင်းမှာပဲ။ ဒီကိစ္စကတော့ ဒီမိုကရေစီနည်းအရ အများရဲ့ ဆန္ဒပါပဲ။ ဒါပေမဲ့ တိုင်းပြည်အတွက် လုပ်ငန်းလုပ်တဲ့ အရှိန်အဟုန်ကတော့ ကျမတို့အလုပ် ကျမတို့ဆက်လုပ်သွားမှာပါ။ ဒါကတော့ ကျသွားမှာမဟုတ်ပါဘူး။ အစိုးရအဖွဲ့လည်း သူတို့လုပ်စရာရှိတဲ့အလုပ်တွေကို လုပ်သွားမှာပဲ။ ဒါက ပြည်သူလူထုအတွက်၊ တိုင်းပြည်အတွက် လုပ်တဲ့အရှိန်အဟုန်ကတော့ ဒါကို ဘယ်သူမှ လျှော့မယ်လို့ မထင်ပါဘူး။ ယုံကြည်ပါတယ်။ ကျမတို့လည်း ဒီကိစ္စကြောင့်မို့ လုပ်ငန်းတွေလျှော့သွားမှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ပြည်သူ သန်း (၆၀) ရဲ့ မျက်နှာကို ထောက်ထား၍လည်းကောင်း ဆိုတော့ ပြည်သူလူထုက ဒေါ်ဒွယ်ဘူတို့ရဲ့ လုပ်ရပ်ကို ညိုးညဉ်းစရာအကြောင်းရှိသလား။ ပြည်သူလူထု နစ်နာစရာအကြောင်း ရှိပါသလား။

ဒေါ်ဒွယ်ဘူ။ ။ ကျမတို့က ပြည်သူလူထုရဲ့ မျက်နှာကို ထောက်ထားပြီး ပြည်သူလူထုအတွက် အခွင့်အရေးတွေ ပြောပေးနိုင်အောင် ကျမတို့ ဒီကိစ္စကို ပြောနေတာပါ။ ကျမတို့က ဒီအတိုင်းပဲ ဘယ်အဆင့်မှ မဟုတ်ဘူးဆိုပြီးနေလိုက်လို့ရှိရင် တကယ်လို့ ကျမတို့ ဆွေးနွေးတဲ့အခါကြရင် အဆင့်အတန်းမတူဘူးဆိုပြီး ကျမတို့နဲ့ မဆွေးနွေးလို့ရှိရင် ကျမတို့ပြည်သူလူထုအတွက် ပြောပေးနိုင်တော့မလဲ။ ကျမတို့ ဘယ်အဆင့်အတန်းနဲ့ ဆွေးနွေးမလဲ။ အဲဒါမျိုးတွေ မေးခွန်းထုတ်စရာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်ဒွယ်ဘူဟာ ပြည်သူ့ကိုယ်စားလှယ်တယောက်အနေနဲ့ ဒီလောက် မီဒီယာတခုကို အခုလို ပွင့်ပွင့်လင်းလင်း ပြောတာနဲ့ ပတ်သက်ပြီးတော့ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားက ဘယ်လိုရှိကြမလဲ။ သူတို့လည်း ဒေါ်ဒွယ်ဘူလို့ပဲ ပွင့်ပွင့်လင်းလင်း ပြောကြသလား။ သို့တည်းမဟုတ် လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ဒီလောက် ပွင့်ပွင့်လင်းလင်း ပြောဆိုတဲ့နေရာမှာ စိုးရိမ်စရာ၊ ငဲ့ကွက်စရာ တစုံတရာများ ရှိပါသလား။

ဒေါ်ဒွယ်ဘူ။ ။ စိုးရိမ်စရာ ကျမကတော့ ဘာမှမစိုးရိမ်ဘူး။ ဒါက ကျမတို့အဖြစ်မှန်။ ကျမတို့က အရာရာတိုင်းကို ပြည်သူ့အတွက် လုပ်မယ်ဆိုပြီး ကျမတို့ အဝေးကြီးကနေလာတာ။ အလုပ်တွေအကုန်လုံးကို ပစ်ပြီးလာတာ။ ကျမတို့ ပြောစရာရှိတာ၊ လုပ်စရာရှိတာတွေကို ပြည်သူအတွက် ပွင့်ပွင့်လင်းလင်းပဲ။ အဲဒီလိုပဲ တခြားလွှတ်တော်ကိုယ်စားလှယ်တွေလည်း ကျမတို့လိုပဲ နေမှာပဲ။ ဒီတိုက်တွေ၊ ကားတွေ ကျမတို့ ကိုယ်စားလှယ်တွေ ဘာမှမပါဘူးဆိုတာ အားလုံးသိပါတယ်။ ဘယ်သူမှ စမပြောပါဘူး။ အခုမှ အစိုးရဖက်က သမ္မတဖက်က စပြောလာတာပါ။ ကျမတို့ပြည်သူတွေရဲ့ ရပိုင်ခွင့်၊ ဒေသ၊ ပြည်နယ်၊ လူမျိုး၊ တနိုင်ငံလုံးအတွက် ကောင်းသွားရင် တိုင်းပြည်ထူထောင်နိုင်ရင်တော့ပြီးဆိုတဲ့ စိတ်ဓါတ်နဲ့ လာတာပါ။ တကယ်တမ်းတော့ ကျမတို့နိုင်ငံ အင်မတန်လည်း အခုမှ စတည်ထောင်တာ တိုင်းပြည်ဆင်းရဲတဲ့အချိန်မှာ ကျမတို့ ဆန်ပြုပ်စားပြီးတော့ဖြစ်ဖြစ် ကျမတို့ အလုပ်လုပ်ရမှာပါ။ ဒါတွေကို ကျမတို့ နားလည်းပါတယ်။ ကျန်တဲ့ကိုယ်စားလှယ်တွေလည်း အဲဒီ ခံစားချက်အားလုံး ရှိပါတယ်။ ရဲရဲပြောရဲပါတယ်။ ကျမတို့ ပုဂ္ဂိုလ်ရေးအတွက် မဟုတ်ပါဘူး။ ကျမတို့ ကိုယ်စားပြုထားတဲ့ ပြည်သူသန်း (၆၀) အတွက်ပါ။
XS
SM
MD
LG