သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တော်ပြန်ချိန် ရောက်ပြီလား


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ၈၈ မျိုးဆက်ရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တချို့ အခုတလော မြန်မာနိုင်ငံကို ပြန်သွားနေကြတာဟာ အချိန်မတန်သေးပါဘူး။ ယုတ်စွအဆုံး မြန်မာအစိုးရရဲ့ ကမ်းလှမ်းဖိတ်ခေါ်ချက်ဟာ မူမမှန်ဘူးလို့ သုံးသပ်တချို့ရှိလာပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီးပြည်ပရောက် ၈၈ မျိုးဆက်တွေဖြစ်တဲ့ ကိုကိုဦး နှင့် မိဆူးပွင့်တို့နှင့် VOA ဝိုင်းတော်သား ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ် တင်ဆက်ထားပါတယ်။

ဦးကျော်ဇံသာ။ ။ အခုအခါမှာ သမ္မတဦးသိန်းစိန်အစိုးရ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်အောင် တိုက်တွန်းဖို့ဆိုတဲ့ ရည်ရွယ်ချက်၊ တချို့ကလည်း လေ့လာဖို့ဆိုတဲ့ ရည်ရွယ်ချက် ဆွေးနွေးညှိနှိုင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနှင့် ထင်ရှားတဲ့ ခေါင်းဆောင်တချို့က ပြည်တွင်းထဲကိုပြန်ပြီး ဆောင်ရွက်နေကြပါတယ်။ ဒါပေမဲ့ ပြည်ပမှာ ကျန်ရစ်ခဲ့တဲ့ ပုဂ္ဂိုလ်တချို့ကတော့ ဒီလိုပြန်တာဟာ အချိန်စောသေးတယ်။ မပြန်သင့်သေးဘူးဆိုပြီး ပြောနေကြပါတယ်။ အဲဒီတော့ ပထဦးဆုံးအနေနဲ့ ကိုကိုဦးကို မေးပါရစေ။ ကိုကိုဦးအနေနဲ့ စပြောပါ။ ဘာဖြစ်လို့ ဒီလူတွေပြန်တာနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ထောက်ပြနေရသလဲ။ ဘာကိုများ ဘဝင်မကျဘူးလဲဆိုတာ ပထမဦး ဆုံးဆွေးနွေးပါ။

ဦးကိုကိုဦး။ ။ အဓိကပြသနာက ၂၀၀၈ အခြေခံဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့က လုံးဝသဘောမကျဘူး။ ပြည်သူလူထုတရပ်လုံးက။ NLD ကလည်း ကြေညာထားတယ်။ လွှတ်တော်ထဲမှာ ရှင်းမယ်။ ဒါပေမဲ့ ဒီနေ့အထိက ဒါကိုလုံးဝ မရှင်းနိုင်သေးဘူး။ နောက်ပြီးတော့ ကျနော်တို့ ပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေကလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အစိုးရအနေနဲပ တကယ်ပြင်ပြီးတော့ ပြုပြင်ပြောင်းလဲရေး တကယ်လုပ်မလုပ် အမြဲတမ်းလေ့လာနေတယ်။ ဒါပေမဲ့ ဒီနေ့ကျနော်တွေ့နေရတဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာက စနစ်မကျတဲ့ ပြုပြင်ပြောင်းလဲရေးကို ကျနော်မြင်နေရတယ်။ တကယ်တမ်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုရင် တိုင်းပြည်မှာရှိနေတဲ့ ပြည်တွင်းစစ်တွေက လုံးဝမရှိရဘူး။ အဓိက ကျနော်တို့ ဦးစားပေးပြီးလုပ်ရမှာက တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အဓိကဦးဆောင်ပြီး လုပ်သင့်တယ်။ အဲဒါတွေမလုပ်ဘဲနှင့် သူကနိုင်ငံတကာ အကြိုက်ပေါ့လေ ပြုပြင်ပြောင်းလဲရေးကို မြင်ကောင်းအောင် ဆေးမီးတိုနည်းနဲ့ပေါ့လေ လုပ်နေတဲ့ဟာကြီးက စနစ်မကျဘူးလို့ ကျနော်မြင်တယ်။ အဲဒီတော့ ဒီလိုစနစ်မကျတဲ့အချိန်မှာ ကျနော်တို့အနေနှင့်က ဒီအစိုးရနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုကို ကျနော်တို့က အကန့်အသန့်ထားပြီး လုပ်သင့်တယ်။ ကျနော်က အထဲဝင်တာ မဝင်တာ မပြောလိုဘူး။ ကျနော်က အကန့်အသန့်ထားပြီး လုပ်သင့်တယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဒေါ်ဆူးပွင့်ရဲ့ သဘောထားလေး သိပါရစေ။

မဆူးပွင့်။ ။ ကျမအနေနှင့်ကတော့ ဒီလိုနိုင်ငံရေး အခြေအနေမျိုးအောက်မှာ တောက်လျှောက်ပေါ့နော် ဆန့်ကျင်တိုက်ခိုက်လာတဲ့ အဖွဲ့အစည်းတွေအနေနှင့် လူပုဂ္ဂိုလ်တွေအနေနှင့် သွားပြီးတော့ လေ့လာတယ်ဆိုတာကို အပြစ်တော့ မတင်ချင်ပါဘူး။ ဒါပေမဲ့ ဒီဖိတ်ခေါ်တဲ့ ပုံစံ ကတိုက်ကရိုက် ဖြစ်လွန်းတဲ့အပေါ်မှာတော့ ကျမ ဝေဖန်ချင်တယ်။ ပြီးတော့ အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးရပ်တည်မှုအပေါ်မှာ အသိမှတ်မပြုဘဲနှင့် ဒီလူပုဂ္ဂိုလ်တွေအပေါ်မှာ အဓိကထားတဲ့ ဖိတ်ခေါ်မှုမျိုး မဖြစ်သင့်ဘူးလို့မြင်တယ်။ ဒီလိုလုပ်ရပ်မျိုးက ပြုပြင်ပြောင်းလဲချင်တဲ့ အစိုးရတစ်ရပ်အနေနှင့် သတိထားသင့်တဲ့ ကိစ္စတစ်ခုလို့မြင်တယ်။ ဆိုတော့ နောက်တခုက ကျမတို့က အခုလိုပြန်ပြီးတော့ သွားလေ့လာရတဲ့ကိစ္စကလည်း အဓိကကပေါ့နော် ဒီပူးပေါင်းဆောင်ရွက်တာမျိုး မဟုတ်ဘဲနှင့် တကယ့်နိုင်ငံရေး ပြသနာတွေကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းဖို့ ဒီဘက် တိုင်းရင်သားအင်အားစုတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီအင်အားစုတွေ တောင်းဆိုနေတဲ့ လမ်းကြောင်းပေါ် ရောက်နိုင့်မယ့် အခြေအနေ ရှိမရှိဆိုတာမျိုးကို တိုက်ရိုက် တာဝန်ရှိသူတွေနှင့် ဆွေးနွေးမေးမြန်း ပြောဆိုခွင့်တွေရလာရင်တော့ ကောင်းတဲ့အချက်လို့ ထင်တယ်။ သို့သော်လည်း ဒီလိုမျိုး ကျမတို့ထဲက ညီညွတ်ရေးကို ထိခိုက်စေတဲ့ ပုံစံမျိုးပေါ့။ ဥပမာ ကျမတို့ အဖွဲ့အစည်းလိုက် လေ့လာခွင့်တောင်းထားတဲ့ အဖွဲ့တွေ ရှိတယ်။ တွေ့ဆုံခွင့်တွေ တောင်းထားတဲ့အဖွဲ့တွေ ရှိတယ်။ ဒါတွေက ပူးပေါင်းဆောင်ရွက်တာ မဟုတ်ဘဲနှင့် လေ့လာချင်တယ်။ မိမိတို့ သက်ဆိုင်ရာ အင်းအားစုတွေ၊ နိုင်ငံရေးအင်အားစုတွေနှင့် ပြန်ပြီး တွေ့ဆုံဆွေးနွေးချင်တယ်ဆိုတဲ့ သဘောထားတွေရှိတဲ့ အဖွဲ့အစည်းတွေရှိတယ်။ သို့သော် ဒီအပေါ်တွေမှာ အသိမှတ်မပြုဘဲနှင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်း၊ ခေါင်းဆောင်တစ်ဦးတစ်ယောက်ချင်းဆီ အပေါ်မှာ ပုဂ္ဂိုလ်ရေးအရ ဖိတ်ခေါ်တဲ့ပုံစံမျိုးတွေတော့ မဖြစ်သင့်ဘူးပေါ့။ ဒါကျမအမြင်ပါ။

ဦးကျော်ဇံသာ။ ။ ဆိုတော့ ပထမဦးဆုံး ကျနော်က ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီးတော့ အစစ်အမှန် မဟုတ်သေးဘူး ဘာညာဆိုတဲ့ အပိုင်းတစ်ပိုင်း တွေ့ရပါတယ်။ အခုဆွေးနွေးကြတဲ့ အထဲမှာ။ နောက်တခုကတော့ ဖိတ်ခေါ်ပုံဖိတ်ခေါ်နည်း။ ဆိုတော့ ကျနော်တို့ ဖိတ်ခေါ်တဲ့နည်းကို အရင်ကြည့်ကြရအောင်။ ဟုတ်ပါတယ်။ ကျနော်တို့လည်း သုံးသပ်မိပါတယ်။ အခု ဖိတ်ခေါ်တယ်ဆိုတာက သတင်းသမားတွေရဲ့အမြင် ကျနော် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် မကြာခင်မှာပဲ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဒီဖက်ကိုလာလည်ဖို့ ရှိတယ်။ ဒီဖက်ကလည်းပဲ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတွေကလည်း ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ အစိုးရခေါင်းဆောင်တစ်ဦးအဖြစ်အနေနှင့် သူ့ကို လှိုက်လှိုက်လှဲလှဲ အားပေးကြိုဆိုကြမယ့် သဘောရှိတယ်။ အဲအချိန်မှာ သူ့ကိုဆန္ဒပြမယ့် ဆန့်ကျင့်နိုင်တဲ့ အလားအလာရှိခဲ့တဲ့ ကျောင်းသားတွေ၊ ပြည်ပရောက်နေတဲ့ ကျောင်းသားတွေကို ဦးဆောင်ပြီးတော့ ဆန့်ကျင်ဆန္ဒပြတဲ့အဖြစ်မျိုးနှင့် မကြုံစေချင်ဘူး။ သူ့ခရီးစဉ် ချောမွတ်အောင်မြင်စေချင်တယ်။ ဒီရည်ရွယ်ချက်နှင့် သူတို့ကို ကောက်ခါငင်ခါ ဖိတ်ခေါ်တယ်လို့ သတင်းသမားတွေရဲ့ သုံးသပ်မှုရှိပါတယ်။ ဆိုတော့ ဒီနေရာမှာ ကျနော်ပြောချင်တာက ဘယ်လိုပဲဖိတ်ဖိတ်၊ ဘယ်လို စေတနာနှင့်ပဲဖိတ်ဖိတ် နိုင်ငံရေးဆိုတာက လက်တွေ့လုပ်ရင်ပြီးတာပဲ မဟုတ်ဘူးလားခင်ဗျာ။ အဲဒါကော မဆူးပွင့်ရဲ့ သဘောထားပြောပါဦးခင်ဗျာ့။

မဆူးပွင့်။ ။ ဘယ်လိုပုံစံနှင့် လုပ်လဲဆိုတဲ့ ဒီပုံသဏ္ဍာန်ပေါ့နော် လုပ်ဆောင်ရတဲ့ ပုံသဏ္ဍာန်တွေကြည့်ရင် ဒီစေတနာတွေပေါ်မှာ ကြည့်ပြီးတော့မှ အကဲဖြတ်ရတာ ဖြစ်တယ်။ ကျမတို့က အစိုးရတစ်ရပ်ရဲ့ ပြုပြင်ပြောင်းလဲမှု၊ လုပ်ချင်ပါတယ်ဆိုတဲ့ အစိုးရတစ်ရပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ အဖွဲ့အစည်းတွေအများကြီး ရှိသေးတယ်ပေါ့နော်။ ဒီအဖွဲ့အစည်းတိုင်းကို အသိမှတ်ပြုပြီးတော့ တွေ့ဆုံဆွေးနွေးစကားပြောတဲ့ အခြေအနေမျိုးရောက်အောင် လုပ်ဖို့ကတော့ အဓိကကျတယ်လို့ ကျမတို့မြင်တယ်။ အဲဒီ အနေအထားမှာ ဒီဖြစ်စဉ်ထဲမှာ ဒီပုဂ္ဂိုလ်တွေ ဒီအဖွဲ့တွေ ပါနေတာပါတယ်ဆိုတာမျိုး ဒီသဏ္ဍာန်အရပြလို့ ကောင်းရုံလောက်ပဲ လုပ်တယ်ဆိုတာမျိုး ဖြစ်တယ်ဆိုရင်တော့ ဒီလက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေက တန်ဖိုးလျော့သွားနိုင်တယ်။ လိုက်ပါ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေလည်း တစုံတရာ အားနည်းနိုင်တယ်။ ကျမတို့ဖက်က ခေါင်းဆောင်ပိုင်းတွေ ပြီးတော့မှ ဒီနာမည်ကြီးတဲ့ ဒီလှုပ်ရှားသူတွေကလည်း ဒါတွေကို သေချာသတိပြုပြီးမှ ဒီအနေအထားတွေကနေ ဘာပဲပြောပြော အစိုးရနှင့် တွေ့ဆုံဆွေးနွေးစကားပြောခွင့်ရလာတဲ့ အစိုးရကိုယ်စားလှယ်တွေနှင့် တွေ့နေတဲ့အဆင့်ကနေပြီးတော့ နောက်တဆင့် ဒီအဖွဲ့အစည်းတွေအားလုံးကို အသိမှတ်ပြုရေး၊ တစုံလုံးရဲ့ အခြေအနေတွေကိုသိပြီး၊ တကယ့် လက်ခံဆွေးနွေးတဲ့ ပုံစံမျိုးတွေ ပိုဖြစ်အောင်လုပ်ဖို့မြင်တယ်။

ဦးကျော်ဇံသာ။ ။ ကိုကိုဦးကကော ဒီလိုဖိတ်ခေါ်တဲ့ပုံစံနှင့် ပတ်သက်ပြီးတော့ ဘယ်လိုသဘောရပါလဲ။ ဘယ်လိုဘဲ၊ ဘယ်စေတနာနှင့်၊ ဘယ်လိုစိတ်ဓာတ်မျိုးနှင့်ဘဲ ဖိတ်ဖိတ် လောလောဆယ် တကယ် သူတို့ လာခွင့်ရတယ် လေ့လာခွင့်ရတယ်ဆိုရင်ကို ဒါကို လက်ခံနိုင်တဲ့ အခြေအနေမရှိဘူးလား။

ဦးကိုကိုဦး။ ။ အဓိကက အစိုးရတရပ်အနေနှင့် သူတို့ ပြုပြင်ပြောင်းလဲရေးလုပ်ပြီးတော့ သူရဲ့ တိုင်းသူပြည်သားတွေကို တကယ်စေတနာပါပါနှင့် ဖိတ်တယ်ဆိုရင် ဘာပဲပြောပြော ကျနော်တော့ လွှတ်တော် ကြည့်ပါတယ်။ လွှတ်တော်မှာ ဥပဒေရှိပြီးတော့ ဒီနိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ရှိတဲ့အခွင့်အရေးကို အသိမှတ်ပြုပြီး ဖိတ်ခေါ်ပေးရမယ်။ ဟိုလူ့ကိုဖိတ်မယ်၊ ဒီလူ့ကိုဖိတ်မယ်၊ ဟိုလူကြတော့ Black List ထဲထည့် ဟိုလူကြတော့ မပါဘူးဆိုတာမျိုးက မလုပ်သင့်ဘူးဗျ။ ဘာပဲပြောပြော ဘာမှ အခုနက ပြောသလို ဥပဒေချိုးဖောက်ခဲ့တာ မရှိခဲ့ဘူးဆိုရင် နိုင်ငံသားတယောက်က နိုင်ငံကိုပြန်ခွင့်ကို ပေးကိုပေးရမယ်။ ဒါအစိုးရတရပ်ပေါ့။ နောက်တချက်က လေ့လာခွင့်ရတာ တချက်ကို ကျနော်က ထောက်ပြချင်တာက ဟုတ်ပြီ၊ အစိုးရက တဖက်မှာကြတော့ ကချင်ကိုအစိုးရကအသေအလဲတိုက်နေတယ်။ တဖက်မှာကြတော့ အတိုက်ခံအင်အားစု ကျနော်တို့ ဒီမိုကရက်တစ်အင်အားစုတွေကို လေ့လာရေးဆိုပြီးတော့ ဗမာပြည်ထဲကို ဝင်ခွင့်ပေးပြီးတော့ နိုင်ငံရေးအရ ပိုပြီးတော့ ရှုပ်ထွေးအောင် လုပ်နေတယ်လို့ ကျနော်မြင်တယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ညီအစ်ကိုတွေမှာ အသေခံပြီး တိုက်နေတဲ့ ကချင်မှာ ကျနော်တော့ မမြင်ရပါဘူး။ အဝေးက။ ဒါပေမယ့် ကျနော်တော့နားလည်တယ်။ ဒါက လွတ်မြောက်ရေးတိုက်ပွဲဆိုတာ။ တဖက်က အသေအလဲ တိုက်တဲ့အချိန်မှာ တဖက်ကရှိတဲ့ အင်အားစုတွေကို ကဲမင်းတို့နှင့် ငါတို့နှင့်ပေါင်းကြရအောင်ဆိုပြီး ခေါ်တယ်ဆိုတာ နိုင်ငံရေးအရပိုပြီး ရှုပ်ထွေးအောင်လုပ်နေသလား။

ဦးကျော်ဇံသာ။ ။ အဲဒီတော့ အဖိတ်ခေါ်ခံရတဲ့ လူတွေဖက်ကကော တိုင်းရင်းသားအချင်းချင်း တိုက်နေတဲ့ ပွဲတွေကို ရပ်ပါဆိုတာ ဒီဟာကို ဖိအားပေးနိုင်စရာအကြောင်း မရှိဘူးလား။ သူတို့လည်းရောက်သွားတဲ့အခါမှာ။

ဦးကိုကိုဦး။ ။ အဲဒါကို ကျနော်တို့က ပုဂ္ဂိုလ်တစ်ဦးနှစ်ဦးကနေပြီးတော့ ဖိအားပေးလို့ မရဘူး။ အတိုက်အခံအားလုံးက ဒီဟာကို တသံတည်းဖြစ်အောင် ဖိအားပေးရမယ်။ ဒီအစိုးရ ဖိတ်ခေါ်ခြင်းကို ကျနော်တို့က မူအရတော့ လက်ခံတယ်။ ဒါပေမယ့် ကျနော်တို့က အဲဒီလိုမျိုး အထဲထဲကို အဲဒီလို တစ်ပတ် နှစ်ပတ် သွားရုံလောက်နှင့် ဒါဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သူတို့သိတယ်။ တကယ်တမ်း ပြုပြင်ပြောင်းလဲရေး လုပ်ချင်တယ်ဆိုရင် ၂၀၀၈ မှာရှိတဲ့ ဥပဒေမှာ ဒါတွေက သဘာဝမကျဘူး။ အဲဒီတော့ ဒီဟာတွေကို ပြုပြင်ဖို့အတွက်ကို ငါတို့က ပင်လုံနှင့်တူညီတဲ့ ညီလာခံခေါ်ပြီး မလုပ်သင့်ဘူးလား ဒီအချိန်မှာ လောလောဆယ် ရခိုင်အရေးမှာ အစိုးရကပါပြီးတော့ ပြည်သူလူထုက အစိုးရအပေါ် နည်းနည်းလေး အကောင်းမြင်လာတယ်။ အကောင်းမြင်လာတာ ရှင်းရှင်းပြောရရင်ဗျာ ပြည်သူလူထုက အစိုးရမှာထားတဲ့ အာဃာတ က လျော့လာတယ်။ ဒီလိုအခြေအနေမျိုးမှာ သူတို့က ပင်လုံညီလာခံ ခေါ်ပြီးတော့ လက်ရှိ တိုက်နေတဲ့ ကချင်ပါ အပါအဝင်ပါခေါ်ပြီးတော့ ဒီတိုင်းရင်းသား စည်းလုံးညီညွတ်ရေး မလုပ်သင့်ဘူးလား။ ပြည်တော်ပြန်တွေခေါ်တဲ့ ကိစ္စဆိုတာ ဒါလုပ်ရမယ့်ကိစ္စ။

ဦးကျော်ဇံသာ။ ။ အဲဒီအယူအဆကို ပြည်တော်ပြန်တွေဆီကတဆင့် ကိုကိုဦးက ဒီစကားမျိုး လက်ဆောင်မပါး နိုင်ဘူးလား။

ဦးကိုကိုဦး။ ။ ကျနော်တော့ ဒီပြည်တော်ပြန်တွေနှင့် အမြဲတမ်းစကားပြောနေတဲ့ ကိစ္စပါ။ ဒီကိစ္စကို ကျနော်က လက်မခံလို့ဘဲ နောက်ဆုတ်ထားပါတယ်။ ကျနော့်ကိုလည်း ဒီကိစ္စမှာ ပါဝင်ဖို့ပြောပါတယ်။ ကျနော်က လောလောဆယ် ဒီကိစ္စ လက်မခံနိုင်သေးဘူး။

ဦးကျော်ဇံသာ။ ။ ကိုကိုဦးပေးတဲ့ အကြံကိုကော သူတို့ လက်မခံဘူလား။

ဦးကိုကိုဦး။ ။ ဟုတ်ပါတယ်။ သူတို့က အဲဒါကို မဟုတ်ဘူး။ သူတို့က သွားလေ့လာချင်တဲ့ဆန္ဒက များနေတယ်။ အဲဒါ ကျနော်က ဘာမှမပြောတော့ပါဘူး။ အဓိက ကျနော်ပြောတာက ကျနော်တို့ ပြည်သူတွေထဲကနေပြီးတော့ ဒီ စစ်ဗီုလ်ချုပ်ကြီးတွေရဲ့ မျက်နှာကိုကြည့်နေရတဲ့ ဒီမိုကရေစီမျိုးတော့ မဖြစ်သင့်ဘူး။ ကျနော်ကတော့ ဘာပဲပြောပြော ကျနော်တို့ဘက်က တောင့်ခံထားရမယ်လို့တော့ ယူဆတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ မိဆူးပွင့် ရဲ့ သဘောထားလဲ ကျနော် သိချင်ပါတယ်။ စောစောက ပြုပြင်ပြောင်းလဲချင်တယ်ဆိုတဲ့ကိစ္စနှင့် ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေဟာ မမှန်ကန်သေးဘူးလို့ ယူဆရင် မှန်ကန်အောင် အခုပြန်သွားတဲ့ ပြည်တော်ပြန်တွေက ဖိအားမပေးနိုင်ဘူးလား။ ဆွေးနွေးရင်းနှင့် မညှိနှိုင်းနိုင်ဘူးလား။

မဆူးပွင့်။ ။ ကျမအနေနှင့်ကတော့ ပြည်တော်ပြန်ရယ်လို့ အသုံးအနှုန်းမျိုးတော့ မသုံးချင်ဘူးပေါ့။ ဒါပေမဲ့ ဘယ်နိုင်ငံရေး ခေါင်းဆောင်မဆို တစ်ဦးချင်းတစ်ယောက်ချင်းအနေနှင့် ဒီလို တကယ့်ခက်ခဲနက်နဲတဲ့ နိုင်ငံရေးပြသနာတွေကို ပြေလည်သွားဖို့ တွန်းအားပေးနိုင်မယ်လို့ ဒီတစ်ဦးတစ်ယောက်ချင်းဆီရဲ့ လုပ်အားနှင့် တွန်းအားပေးနိုင်မယ်လို့ ကျမအနေနှင့်တော့ မယုံဘူးရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကချင်မှာ ဖြစ်နေတဲ့တိုက်ပွဲက တကယ့် တိုင်းရင်းသားတွေနှင့် လက်ရှိအစိုးရကြားမှာ နိုင်ငံရေးအရ ဆွေးနွေးနိုင်မယ့်အဆင့်ကို မရောက်မချင်း ပြေလည်မှာမဟုတ်ဘူး။ ဆိုတော့ ကြားလူတစ်ယောက်ယောက်က ဝင်ရောက်ဖြန်ဖြေပေးရင် ပြေလည်သွားမယ်ဆိုတဲ့ အယူအဆမျိုး ကျမမှာ မရှိဘူးရှင့်။ ဒီလိုပြန်ပြီးတော့ ဒီကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းပေးမယ်ဆိုတာထက် ကျမမြင်တာက လက်ရှိ တိုင်းရင်းသားအင်အားစုအားလုံး ဒီမိုကရေစီအင်အားစုအားလုံး နှင့် ဒီ လွှတ်တော်ပြင်ပ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတခု တကယ်ဖြစ်ပေါ် လာနိုင်မနိုင်ဆိုတဲ့ဟာကို အဓိက တာဝန်အရှိဆုံး၊ အစိုးရအတွင်းမှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်နှင့် တွေ့ဆုံပြီး စကားပြောလာနိုင်တယ်ဆိုရင်တော့ တစုံတရာ ကျမတို့ ပေးချင်တဲ့ မတ်စေ့(ချ်)က တာဝန်အရှိဆုံးဆီကို ရောက်သွားမှာပေါ့နော်။ ဒီလိုအနေအထားမျိုး ဖြစ်တယ်ဆိုရင်တော့လည်း ဒါတစုံတရာကတော့ အကျိုးရှိကောင်းရှိတယ်လို့ ကျမတို့ သတ်မှတ်ရမှာပဲ။ ဒါပေမယ့် အခု ဒီ ပြန်ဝင်သွားတဲ့ လူတွေအားလုံးကိုလည်း ပြန်လေ့လာဖို့ခေါ်တယ်။ အခု ပြန်လေ့လာတယ်ဆိုတာ အစိုးရထဲမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေက တကယ်ပဲ ဖြစ်နိုင်ချေရှိသလား။ ဒါတွေကို နိုင်ငံရေးအင်အားစုအားလုံးကလည်း တကယ်ယုံယုံကြည်ကြည်နှင့် ပါဝင်လက်တွဲပြီး လုပ်ဆောင်နေပြီလား။ ကျမတို့ ပြင်ပက အဖွဲ့အစည်းတွေအနေနှင့်ကကော ဘယ်လို ဒီအခန်းကဏ္ဍတွေမှာ ပါဝင်နိုင်မလဲ။ ဒါမှမဟုတ်ရင်လည်း တကယ်ပြောင်းလဲတဲ့ အဆင့်ရောက်အောင် ကျမတို့ဘယ်လို ဝိုင်းတွန်းအားပေးနိုင်မလဲဆိုတဲ့ အနေအထားအမျိုးနှင့် ပြန်ဝင်သွားတာမျိုးကို ကျမအနေနှင့် ပိုဖြစ်စေချင်ပါတယ်။ ပြန်ပြီးလေ့လာတာမျိုးကို ကျမအနေနှင့် ပိုပြီးဖြစ်စေချင်ပါတယ်ရှင့်။

ဦးကျော်ဇံသာ။ ။ အခု သူတို့ပြန်သွားတာလည်း လေ့လာဖို့ဆိုပြီးသွားတာ ဟုတ်ပါတယ်နော် ကိုကိုဦး။

ဦးကိုကိုဦး။ ။ ဟုတ်ပါတယ်။ သူတို့က လေ့လာဖို့သွားတယ်။ ဒါပေမယ့် အချိန်ကလည်း နည်းပါတယ်။ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အနေအထားကိုရှိမရှိ သွားလေ့လာတဲ့သဘောပါ။

ဦးကျော်ဇံသာ။ ။ ဆိုတော့ သူတို့ပြန်လာတဲ့အခါမှာ သူတို့နှင့် ပြန်တွေ့ရလို့ တကယ်လို့ အခြေအနေဟာ လက်ခံနိုင်တဲ့ အခြေအနေတရပ် ဖြစ်တယ်ဆိုရင်တော့ ပြန်သွားနိုင်တဲ့ အခြေအနေဖြစ်လာမှာပေါ့ ကိုကိုဦးတို့အနေနှင့်လည်း။ ဒါပေမယ့် ကျနော်သိချင်တာက ကိုကိုဦး စောစောက ပြောသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက အစ ပြင်မှ ဘာညာဆိုတဲ့အဆင့်ထိ စောင်ဦးမှာလား။

ဦးကိုကိုဦး။ ။ အဓိကက ကျနော်တို့က ပြင်တဲ့နေရာမှာ ကျနော်တို့ ဒီဖက်က အတိုင်းအတာ ဘယ်လောက်ထိ ပါဝင်နိုင်သလဲ။ တကယ်တမ်း လုပ်နေပြီလား။ ကျနော်စောစောက ထောက်ပြသလိုပဲ လွှတ်တော်က …….. တွေရှိလာပြီ။ ဒါပေမဲ့ ၂၀၀၈ နှင့် ပတ်သက်ပြီး ယနေ့ထိ မတို့ရ မထိရသေး ဖြစ်နေတယ်။ ပြသနာက။ အဲဒါကိုပဲ အားနည်းချက်ဖြစ်နေတယ်။ ကျနော်တို့က ပြန်ဖို့ကိစ္စက ကျနော်တို့က ဘယ်လောက်ထိ ပြောင်းလဲသလဲ။ ဗမာပြည်မှာ ပြောင်းလဲတဲ့အပေါ်မှာ ကျနော်တို့က တိုင်းသူပြည်သားတစ်ယောက်အနေနှင့် အတိုက်အခံလုပ်ပြီး စဉ်စားရမှာဖြစ်တယ်။

ဦးကျော်ဇံသာ။ ။ ကျနော် နောက်ဆုံး သိချင်တာကတော့ ဘယ်လိုအဆင့်မျိုးဆိုရင် အကုန်လုံး ပြန်နိုင်မယ်လို့ ဒေါ်ဆူးပွင့် ခင်ဗျာ။ ဘယ်အချိန်လောက် ဆိုရင်ကော ဒေါ်ဆူးပွင့်တို့ကိုယ်တိုင် ပြန်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်ထားပါသလဲ။ အကောင်းမြင်သလားပေါ့ ကျနော်သိချင်တာက။ သို့တည်းမဟုတ် ဒါက ဘာမှ အဖြေမပေါ်ဘဲနှင့် ဒုံရင်းအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်လို့များ သဘောရနေပါလား။

မဆူးပွင့်။ ။ တဖက်မှာကတော့ နိုင်ငံရေးအရပေါ့နော် အကောင်းဆုံးအခြေအနေကို ရောက်လာဖို့အတွက် ကျမတို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း အဆိုးဆုံး ပြန်လှည့်သွားနိုင်တယ်ဆိုတာလည်း ကျမတို့ နားလည်ထားပါတယ်။ ဆိုတော့ ဒီအခြေအနေမှာ တိုင်းရင်းသားတွေနှင့် တွေ့ဆုံဆွေးနွေးတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ချုပ်ဆိုတယ်။နောက်တနေ့ ပြန်တိုက်တယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာ တွေ့ဆုံဆွေးနွေး စကားမပြောဘူးဆိုတဲ့ လူဟာ လူမိုက်ဖြစ်မယ်။ ဆိုတော့ အားလုံးဟာ ဒီနေ့ တွေ့ဆုံးဆွေးနွေးရေး လမ်းကြောင်းပေါ်ရောက်နေပြီ။ ငေးထိုင်နေလို့ မဖြစ်တော့ပါဘူး။ တစ်ယောက်နှင့်တစ်ယောက်လည်း ကျမတို့ အရမ်းအပြစ်မြင်နေလို့ မဖြစ်တော့ပါဘူးလို့ ကျမမြင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ကိုကိုဦးကလည်း ပြောပါဦး။

ဦးကိုကိုဦး။ ။ ကျနော့် သဘောက ဒီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့နေရာမှာ သတ္တိရှိရှိလုပ်ဖို့ လိုပါတယ်။ တွန့်ဆုတ်နေလို့ မရဘူး။ အဓိက အရေးကြီးတဲ့ ကျနော်တို့ ဒီ တိုင်းရင်းသားတရပ်လုံး အတိုက်အခံအားလုံးကို တိုင်းပြည်တပြည်လုံးမှာရှိတဲ့ ဟိုခုနက လူထုကိုယ်စားလှယ် အားလုံးပါဝင်နိုင်တဲ့ ညီလာခံတစ်ခု လုပ်ပြီးတော့ ပြုပြင်ပြောင်းလဲရေးကို အစိုးရတရပ်အနေနှင့် ဦးဆောင်ပြီး လုပ်သွားတာကို ကျနော်မြင်ချင်ပါတယ်။ အဲလို ညီလာခံကနေ ထွက်ပေါ်လာတဲ့ နိုင်ငံရေးရလဒ်အပေါ်မှာ ကျနော်တို့ ပြန်လာနိုင်မယ့် အခွင့်အရေးတွေ ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကြရင် ပြန်လာနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။
XS
SM
MD
LG