သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်တည်ငြိမ်ရေး နဲ့ ဗမာစစ်တပ် ကြီးစိုးရေး


တရုတ် - မြန်မာ နယ်စပ်ဒေသ
တရုတ် - မြန်မာ နယ်စပ်ဒေသ
တရုတ်-မြန်မာနယ်စပ်မှာ ဗမာအစိုးရတပ်နဲ့ KIA ကချင်တပ်တွေ တိုက်ခိုက်နေကြတာကို ချက်ချင်းရပ်ဆိုင်းကြဖို့ တရုတ်အစိုးရက လွန်ခဲ့တဲ့လမှာ နှစ်ကြိမ်တိုက်တွန်းပါတယ်။ နယ်စပ်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပူးတွဲတာဝန်ယူကြဖို့လည်း ပန်ကြားပါတယ်။ အနောက်တောင် နယ်စပ်ဒေသ တည်ငြိမ်ရေးဟာ တရုတ်အတွက် အလွန်အရေးကြီးပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်ပြီး အိမ်နီးချင်းနဲ့ သဟဇာနဖြစ်မှသာ ငြိမ်းချမ်းစွာ တိုးတက်နိုင်မယ်လို့ တရုတ်ခေါင်းဆောင်ပိုင်းက ယုံကြည်ပါတယ်။ အခြား အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း သဘောတူညီချက်ယူပြီး ညှိနှိုင်းဆွေးနွေးရင်း ပြဿနာရှင်းနိုင်ဖို့ တရုတ်က စီစဉ်ထားပါတယ်။

တရုတ် နိုင်ငံခြားရေးလမ်းစဉ်ဟာ 'ဟားပင်ကွန့်ချောင်' (ခေါ်) ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးဖြစ်ကြောင်း တရုတ်ခေါင်းဆောင်တွေ မကြာခဏ ပြောလေ့ရှိပါတယ်။ နိုင်ငံခြားရောက် တရုတ်တွေရဲ့ အသက်အိုးအိမ်၊ အကျိုးစီးပွားနဲ့ တရားဝင်ရပိုင်ခွင့်ကို အားသွန်ခွန်စိုက် ကာကွယ်ရမယ်လို့ တရုတ်အစိုးရက ယူဆပါတယ်။ မြန်မာပြည်ရောက် တရုတ်တွေကို ဂရုစိုက်ဖို့ တရုတ်ပြည်ကိုလာတဲ့ ဗမာအစိုးရ ကိုယ်စားလှယ်ကို တရုတ်ခေါင်းဆောင်ပိုင်းက မှာကြားလေ့ရှိပါတယ်။ ဒါပေမဲ့ တရုတ်မျှော်လင့်သလို ဖြစ်မလာတာကို ၂၀၀၉ ခုနှစ် ကိုးကန့်ထိုးစစ်၊ မြစ်ဆုံဆည်နဲ့ ကချင်ပြည်နယ် ထိုးစစ်က သက်သေပြနေပါတယ်။

ကိုးကန့်ဒေသမြို့တော်ဖြစ်တဲ့ 'လောက်ကိုင်' ကို ဗမာအစိုးရတပ် သိမ်းပိုက်စဉ်က တရုတ်ပိုင်ဥစ္စာပစ္စည်း အများအပြား လုယက်ခံရတဲ့သတင်း ထွက်ခဲ့ပါတယ်။ ကိုးကန့်ထိုးစစ်ကြောင့် ဒုက္ခရောက်တဲ့ တရုတ်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ တရုတ်အစိုးရက ဗမာစစ်တပ်နဲ့ လက်တွဲတဲ့အဖွဲ့ခွဲ ရှိလာတာမို့ ကိုးကန့်ကို ကြီးစိုးဖို့ ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ခွဲထွက်တဲ့ အုပ်စုများလာလေလေ ဗမာစစ်တပ်ကြီးစိုးဖို့ အခွင့်သာလေလေ ဖြစ်တာမို့ အကွဲကွဲအပြဲပြဲဖြစ်အောင် သပ်လျှိုတဲ့နည်းကို ဗမာစစ်တပ်က ကျင့်သုံးပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ အင်အားကိုလိုက်ပြီး ဗမာစစ်တပ်က တဖွဲ့တမျိုး အမျိုးမျိုးအဖုံဖုံ ခွဲခြားဆက်ဆံတတ်ပါတယ်။

တရုတ်အစိုးရရဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ဗမာစစ်တပ်ရဲ့ နယ်စပ်ဒေသ ကြီးစိုးရေးလမ်းစဉ်ဟာ ဆန့်ကျင်ဘက် အယူအဆတွေ ဖြစ်ပါတယ်။ နယ်စပ်ဒေသမှာ ထိုးစစ်ဆင်တာဟာ တရုတ်-မြန်မာ မဟာဗျူ ပူးပေါင်းဆောင်ရွက်ရေး သဘောတရားကို ကဏ္ဍကောစ လုပ်ရာရောက်တယ်လို့မြင်တဲ့ တရုတ်တွေ ရှိပါတယ်။ တရုတ်အကျိုးစီးပွား ကာကွယ်ဖို့အတွက် နယ်စပ်နေ တိုင်းရင်းသားတွေကို အားကိုးနိုင်ကြောင်း ယူနန် ရဲကောလိပ် နိုင်ငံရေးသိပ္ပံပါမောက္ခ 'လျန်ကျင်ယွန်း' က ၂၀၁၁ မှာ စာတမ်းရေးပြီး အကြံပေးခဲ့တယ်လို့ တရုတ်အမျိုးသမီး သုတေသီ ယွန့်စွန် က ဇန်နဝါရီ (၁၅) ရက်ထုတ် Foreign Policy စာစောင်မှာ ဖော်ပြါတယ်။ ယူနန်သုတေသီ ဂျူဂျန့်မင်ကလည်း လက်နက်ကိုင် တိုင်းရင်းသားအပါအဝင် နိုင်ငံရေးအင်အားစုမျိုးစုံနဲ့ ဆက်ဆံဖို့ ဇန်နဝါရီ (၂၈) ရက်ထုတ် Global Times မှာ ရေးထားပါတယ်။

ကချင်ပြည်နယ် ထိုးစစ်စတင်ပြီး သုံးလအကြာမှာ တရုတ်ကို မှီခိုနေရတဲ့ ဝ အဖွဲ့ မိုင်းလားအဖွဲ့နဲ့ ဦးသိန်းစိန်အစိုးရတို့ ငြိမ်းချမ်းရေးသဘောတူချက် ရယူနိုင်တာကိုကြည့်ရင် နယ်စပ်စစ်ပွဲကျယ်ပြန့်မှာ စိုးရိမ်ပုံရပါတယ်။ အရင်လို အစိုးရတပ်အောက်မှာ နယ်ခြားစောင့်တပ်လုပ်ဖို့၊ လက်နက်ချဖို့ မပြောဘဲ ၁၉၈၉ အပစ်ရပ်စဲရေးမူကို ပြန်လည်ကျင့်သုံးဖို့ သဘောတူကြပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ် အထူးဒေသ (၂) ဝ နယ်မြေနဲ့ အထူးဒေသ (၄) မိုင်းလားဒေသမှာ အစိုးရစစ်တပ်ဟာ လက်နက်ကိုင်ဆောင်ခွင့် မရှိပါဘူး။ ကချင်ပြည်နယ်မှာလည်း စေံစပ်ညှိနှိုင်းပြီး အလားတူသဘောတူညီချက်မျိုး ရယူဖို့ ဝ မိုင်းလားနဲ့ ရှမ်းပြည်နယ် အထူးဒေသ (၃) SSPP တို့က ဇန်နဝါရီလ (၁၀) ရက်နေ့က ကြေညာချက်ထုတ်ပါတယ်။

ဝ ပြည် သွေးစည်းညီညွှတ်ရေးတပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့လို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဟာ သူတို့ဒေသမှာ ရင်းနှီးမြုပ်နံှတဲ့ တရုတ်အကျိုးစီးပွားကို ကာကွယ်ဖို့ သန္နိဋ္ဌာန်း ချထားသူတွေ ဖြစ်ပါတယ်။ မိုင်းလားတပ်ကို တရုတ်စစ်ဗိုလ်ဟောင်း လင်မင်းရှင် ခေါ် ဦးစိုင်းလင်း ဦးဆောင်ပြီး ဝ တပ်ဖွဲ့ကို ဘောက်ယူရှန်း က ဦးဆောင်ပါတယ်။ ဘောင်ယူရှန်း ဟာ ဝ အကြီးအကဲ တာပန် ရဲ့ တရုတ်အမည် ဖြစ်တာကိုကြည့်ရင် တရုတ်လွှမ်းမိုးမှုကို ခန့်မှန်းနိုင်ပါတယ်။ တရုတ် လိုချင်တဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ စီးပွားရေးကို တရုတ် အကူအညီ အပြည့်အဝရတဲ့ ဝ နဲ့ မိုင်းလားက ဆောင်ရွက်ပေးနိုင်တာ တွေ့ရပါတယ်။ အစိုးရ ထိုးစစ်ကို တုံ့ပြန်ဖို့ ဝတပ်ဖွဲ့မှာ လေယာဉ်ပစ် ဒုံးလက်နက် ရှိပါတယ်။

တရုတ် အကူအညီ အပြည့်အဝရပြီး စစ်အင်အားတောင့်တင်းတဲ့ ဝ နဲ့ မိုင်းလားလို နေရာမျိုးမှာ နယ်စပ်တည်ငြိမ်ပြီး ဗမာစစ်တပ် ကြီးစိုးဖို့ ကြိုးစားတဲ့ဒေသမှာ မတည်မငြိမ် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ နယ်စပ်တည်ငြိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေကို အားသစ်လောင်းဖို့ တရုတ်ဘက်မှာ ပြောဆိုနေတာ ဖြစ်ပုံရပါတယ်။ ကချင်ပြည်နယ်က သဘာဝသယံဇာတကို ချုပ်ကိုင်လိုတဲ့ ဗမာစစ်အုပ်စုနဲ့ တရုတ်စီးပွားရေးသမားအကြားမှာ ညပ်မသွားအောင် နည်းလမ်းရှာနိုင်မှ KIO/KIA အနေနဲ့ ဆက်လက်ရှင်သန်နိုင်မယ့် သဘောမျိုး ဖြစ်နေပါတယ်။
XS
SM
MD
LG