သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးပုံစံသစ်


လွန်ခဲ့တဲ့ ဧပြီလ (၂၁) ရက်နေ့က NLD ပါတီဝင် (၁၂) ဦးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်ကို ထွက်ခွါသွားပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားလို့ သွားရောက်လည်ပတ်တာ ဖြစ်ပါတယ်။ ဒီဇင်ဘာလကပဲ တရုတ်နိုင်ငံခြားရေးဌာနက ဖိတ်ခေါ်လို့ NLD (၁၀) ဦး ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်ကို ခရီးထွက်ခဲ့ပါသေးတယ်။ ဧပြီလ ပထမပတ်ကလည်း ရန်ကုန်တက္ကသိုလ်က လူငယ်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်ကို လေ့လာရေးခရီးထွက်ခဲ့ပါတယ်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းချိန်ကစပြီး မြန်မာနဲ့ ဆက်ဆံရာမှာ စစ်အုပ်စုကိုသာ အဓိကမထားဘဲ အခြားအင်အားစုတွေကိုပါ တရုတ်က ဆက်ဆံလာပါတယ်။

အစိုးရအချင်းချင်း ပုံမှန်ဆက်ဆံရေးလုပ်တုန်းနေမှာ တဖက်ကလည်း အဖွဲ့အစည်းမျိုးစုံနဲ့ ဆက်ဆံရေး မြှင့်တင်နေတာ တွေ့ရပါတယ်။ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေကိုပါ ဦးစားပေးဆက်ဆံကြပါတယ်။ ဒီအင်အားစုတွေကလည်း အိမ်နီးချင်းတရုတ်ကို သူ့နည်းသူဟန်နဲ့ ပြန်လည်ဆက်ဆံကြပါတယ်။ အခြားနိုင်ငံရေးပါတီတွေပါဝင်တဲ့ ပါတီစုံကိုယ်စားလှယ်အဖွဲ့လည်း မနှစ်က တရုတ်ပြည်ကို သွားရောက်လည်ပတ်ပါတယ်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ တရုတ်နဲ့ မြန်မာဟာ အိမ်နီးချင်းဖြစ်တာမို့ တရုတ်ရေးရာ မဟာဗျူဟာနည်းဗျူဟာတွေကို လေ့လာသင့်ပြီ ဖြစ်ပါတယ်။

၂၀၁၁ မှာ စစ်တပ်အကြီးအကဲ ဖြစ်လာကတည်းက ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ ဗိယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ စင်္ကာပူတို့ကို သီးခြားသွားရောက်ပါတယ်။ ဒါပေမဲ့ စစ်ဦးစီးချုပ်ရဲ့ ပထမဆုံး နိုင်ငံခြားရေးခရီးစဉ်ဟာ တရုတ်မဟုတ်ဘဲ တရုတ်နဲ့ ဆက်ဆံရေး တင်းမာနေတဲ့ ဗိယက်နမ် ဖြစ်နေပါတယ်။ တရုတ်သမ္မတ၊ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အာဆီယံခရီးစဉ်မှာ မြန်မာပြည်ကို ချန်ထားတာ သိသာပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေ သွားရောက်နိုင်လောက်အောင် မြန်မာနဲ့ ဆက်ဆံရေးအခြေအနေ မကောင်းသေးဘူးဆိုတာကို သွယ်ဝိုက်တဲ့နည်းနဲ့ ပြသတဲ့သဘောမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ဖက်ဆိုင်ရာ ဆက်ဆံရေးမှာတော့ ပြဿနာမရှိသလောက် ဖြစ်နေပုံရပါတယ်။ လွန်ခဲ့တဲ့နှစ် ဇန်နဝါရီနဲ့ ဇူလိုင်လမှာ တရုတ် ဒုစစ်ဦးစီးချုပ်နဲ့ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ နေပြည်တော်ကို ရောက်လာပါတယ်။

အောက်တိုဘာလရောက်တော့ စစ်ဦးစီးချုပ် ဗိုလ်မှုးကြီးမင်းအောင်လှိုင် တရုတ်ပြည်ကို ထွက်ခွါသွားပါတယ်။ တရုတ်အကူအညီနဲ့ နေပြည်တော်မှာကျင်းပတဲ့ အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် လွန်ခဲ့တဲ့ ဒီဇင်ဘာလက လာသွားတဲ့ ဒုဝန်ကြီးချုပ် လူယန်တုံ (Liu Yan Dong) ဟာ အဆင့်အမြင့်ဆုံး တရုတ်အစိုးရအရာထမ်း ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာတော့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူလွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ ဒုသမ္မတ ဦးဉာဏ်ထွန်းတို့ရဲ့ ဧပြီလ တရုတ်ပြည်ခရီးစဉ်ဟာ ထင်ရှားပါတယ်။ လွှတ်တော်အချင်းချင်း၊ အစိုးရအချင်းချင်းနဲ့ စစ်တပ်အချင်းချင်း အပြန်အလှန် ဆက်ဆံရေးမြှင့်တင်ဖို့ ကြိုးပမ်းချိန်မှာ တရုတ်ကွန်မြူနစ်ပါတီကလည်း မြန်မာ့နိုင်ငံရေးပါတီတွေနဲ့ ချစ်ကြည်ရေးလုပ်ဖို့ ကြိုးပမ်းပြီး ကိုယ်စားလှယ်ကို အသက်ကို (၆၀) မကျော်ရလို့ သတ်မှတ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံတကာ ချစ်ကြည်ရေးအသင်းက ဖိတ်ထားတယ်လို့ သတင်းထွက်နေပါတယ်။ တရုတ်ပြည်ကို သွားရောက်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုထားပေမယ့် အစိုးရအဖွဲ့အစည်းရဲ့ ဖိတ်ကြားချက်ကိုသာ လက်ခံမှာဖြစ်ကြောင်း သိရှိရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားတဲ့အတွက် ဦးဌေးဦး ခေါင်းဆောင်တဲ့ ကြံ့ဖွံ့ပါတီကိုယ်စားလှယ်အဖွဲ့ လွန်ခဲ့တဲ့ ဒီဇင်ဘာလက တရုတ်ပြည်ကို သွားရောက်လည်ပတ်ပါတယ်။ စစ်အစိုးရလက်ထက်ကတည်းက ကြံ့ဖွံ့အသင်းကို နိုင်ငံရေးအဖွဲ့အစည်းအဖြစ် တရုတ်ကွန်မြူနစ်ပါတီက အသိအမှတ်ပြုပြီး ညီလာခံတက်ရောက်ဖို့ မကြာခဏ ဖိတ်ကြားခဲ့ပါတယ်။ တရုတ်ပြည်က ဖွံ့ဖြိုးရေးအသင်းနဲ့ အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးအသင်းဟာ ကြံ့ဖွံ့ပါတီနဲ့လက်တွဲပြီး လူမှုရေးလုပ်ငန်းအချို့ကို လုပ်ကိုင်နေပါတယ်။

တရုတ်ကွန်မြူနစ်အစိုးရရဲ့ နောက်လိုက်အနေနဲ့ အနှစ် (၂၀) ကျော် စခန်းသွားခဲ့တဲ့ ဗမာအစိုးရက နောက်လိုက်ဘဝကို စွန့်လွှတ်လိုက်တဲ့အခါမှာ ဆွေမျိုးပေါက်ဖော်ဖြစ်ကြောင်းပြဖို့ တရုတ်က ကြိုးပမ်းနေတာ တွေ့ရပါတယ်။ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းကို ပြန်လည်တည်ထောင်ပါတယ်။ မြန်မာပြည် လေ့လာရေးသုတေသနဌာနကို ၂၀၁၁ ဒီဇင်ဘာလက ယူနန်တက္ကသိုလ်မှာ ဖွင့်လှစ်ပါတယ်။ စစ်ရေး၊ စီးပွားရေး နဲ့ နိုင်ငံရေးသာမကဘဲ လူမှုရေး၊ ပညာရေး နဲ့ ယဉ်ကျေးမှုနယ်ပယ်မှာပါ တရုတ်က ဝင်ရောက်ပူးပေါင်းဆောင်ရွက်နေပါတယ်။ မြန်မာပြည်အကြောင်း စိတ်ဝင်စားတဲ့ တရုတ်တွေ များလာပါတယ်။

ဦးသိန်းစိန်အစိုးရ တက်လာချိန်ကစပြီး တရုတ်အရင်းအနှီး ကျဆင်းလာပါတယ်။ ၂၀၁၂ မှာ ဒေါ်လာသန်း (၄၀၀) ရင်းနှီးခဲ့ရာက ၂၀၁၃ မှာ သန်း (၂၀) အထိ ကျဆင်းလာပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ တရုတ်ကြီးစိုးမှုကို အနောက်တိုင်းက စိန်ခေါ်နိုင်တဲ့ အခြေအနေမရှိဘူးလို့ တရုတ်ပညာရှင်တချို့က တွက်ပါတယ်။ တရုတ်ချုပ်ကိုင်ထားတဲ့ ကုန်ပစ္စည်းဈေးကွက်မှာ အနောက်တိုင်းကုမ္ပဏီတွေ တိုးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အနောက်တိုင်းက စိတ်ဝင်စားတဲ့ ဘဏ်လုပ်ငန်း၊ ပညာရေးနဲ့ ခရီးသွားလုပ်ငန်းကို တရုတ်က စိတ်မဝင်စားဘူးလို့ တရုတ်ပညာရှင်အချု ိ့က သုံးသပ်ကြောင်း တင်ပြလိုက်ရပါတယ်။
XS
SM
MD
LG