သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်မရပ်သေးတဲ့ အဖွဲ့တွေကို အပစ်ရပ်စာချုပ် လက်မှတ်ထိုးလာအောင် စည်းရုံး ဆွဲဆောင်နိုင်မှာလား


TNLA တအောင်းတပ်ဖွဲ့ စစ်ရေးလေ့ကျင့်နေစဉ် (ဓါတ်ပုံ -PSLF -TNLA News & Information Department)
TNLA တအောင်းတပ်ဖွဲ့ စစ်ရေးလေ့ကျင့်နေစဉ် (ဓါတ်ပုံ -PSLF -TNLA News & Information Department)
တိုက်ရိုက် လင့်ခ်

ပြီးခဲ့ဲတဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က JMC လို့ခေါ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေး ကျင်းပပါတယ်။ ခေါင်းစဉ်ကတော့ JMC က တွေ့ရှိရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ အပေါ် ကျော်လွှားနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့အတွက် ကျင်းပတဲ့ ကော်မတီရဲ့ မျက်နှာစုံညီ အစည်းအဝေး ဖြစ်ပါတယ်။ ဒီ့မတိုင်ခင် ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရံပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့JCB ဖွဲ့စည်းရေးဆိုင်ရာ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပါသေးတယ်။ အဲဒီအဖွဲ့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ပြီး အစိုးရကိုယ်စားလှယ် (၈) ယောက်၊ လက်နက်ကိုင် တိုင်းရင်းသားတွေဘက်က ကိုယ်စားလှယ် (၈) ယောက်နဲ့ ဖွဲ့စည်းကြမှာပါ။ ပြောရရင် လက်ရှိ အချိန်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ ကေအိုင်အေ ဦးဆောင်တဲ့ မဟာမိတ် တပ်ဖွဲ့တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတဲ့ အချိန်ပါ။ တိုက်ပွဲကြီးတွေ တိုက်ခိုက်နေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံး များပြားနေသလို၊ ဒေသခံ ပြည်သူတွေလည်း ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတဲ့ အခြေအနေမျိုးပါ။ ဒီအခြေအနေအောက်မှာ အစိုးရနဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်ပြီး အကောင်အထည် ဖော်နေကြတာ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လက်ရှိ အပစ်မရပ်၊ တိုက်ခိုက်နေဆဲ အဖွဲ့အစည်းတွေကို အပစ်ရပ်စာချုပ် လက်မှတ်ထိုးလာအောင် ဆွဲဆောင်နိုင်ပါ့မလား ဆိုတာ ခုတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရံပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့JCB ဖွဲ့စည်းရေး အစည်းအဝေးကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာနဲ့ ပြည်တွင်းက ရလာမယ့် ကူညီထောက်ပံ့မှုတွေကို ဘယ်ခေါင်းစဉ်အောက်မှာ ဘယ်လို ခွဲဝေသုံးစွဲသွားမယ်၊ ဒီ ငွေကြေးအထောက်အပံ့တွေကို ဘယ်သူတွေက ဘယ်လို ပွင့်လင်းမြင်သာမှုတွေနဲ့အတူ စီမံခန့်ခွဲသွားမယ် ဆိုတာကို ညှိနှိုင်းကြတဲ့ အစည်းအဝေးပါ။

တကယ်တော့ ငြိမ်းချမ်းရေး အကောင်အထည် ဖော်ရေးအတွက် နိုင်ငံတကာ ထောက်ပံ့မှုတွေဟာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ရှိခဲ့တာပါ။ ဒါပေမယ့် ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ဝိုင်းဝန်းဝေဖန်တာ ခံခဲ့ရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖွဲ့စည်းမယ့် အဖွဲ့ကတော့ အဲဒီတုန်းက အခြေအနေမျိုးနဲ့ လုံး၀ ခြားနားပါတယ်။ ရံပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့မှာ အစိုးရဘက်နဲ့ လက်နက်ကိုင် အဖွဲ့တွေဘက်က အရည်အတွက် တူညီတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းမှာဖြစ်ပြီး ထူးခြားချက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်မှာ အပစ်ရပ် လက်မှတ်ထိုးမထားတဲ့ အဖွဲ့က ကိုယ်စားလှယ်တွေကိုပါ ပါဝင်ခွင့်ပြုထားခြင်းပါ။ ဒါတင်မက အဲဒီအဖွဲ့ထဲမှာ ဝနဲ့ မိုင်းလားလို အဖွဲ့တွေက ကိုယ်စားလှယ်တွေကိုပါ ထည့်သွင်းဖွဲ့စည်းသွားမယ့် သဘော တွေ့မြင်ရပါတယ်။ အဲဒီအတိုင်းသာ ဖွဲ့စည်းနိုင်ခဲ့ရင် တကယ့်ကို အားလုံးပါဝင်တဲ့ ပေါင်းစပ်ညှိနှိုင်းမှု အဖွဲ့ ဖြစ်လာမှာပါ။

တကယ်လည်း အဲဒီရံပုံငွေ ဆိုင်ရာ အဖွဲ့မှာ အားလုံးပါဝင်ဖို့လည်း လိုအပ်တာ တွေ့ရပါတယ်။ အကြောင်းကတော့ ရံပုံငွေတွေရလာတဲ့ အခါ ဘယ်နေရာတွေမှာ သုံးစွဲမယ်၊ ဘယ်လို ခေါင်းစဉ်တွေအတွက် ရံပုံငွေရှာကြမယ် စတာတွေ ဆွေးနွေးတဲ့အခါ ငြိမ်းချမ်းရေး ဖြစ်စဉ် တစ်လျောက်လုံးအတွက် အရေးကြီးကဏ္ဍ ၄ ခုကို ညှိနှိုင်းနိုင်ခဲ့ကြပါတယ်။

အဲဒါတွေကတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကဏ္ဍ၊ စေ့စပ်ညှိနှိုင်း ဆွေးနွေးရေးကဏ္ဍ၊ ငြိမ်းချမ်းရေး အထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRCP ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကဏ္ဍ ဆိုပြီး ကဏ္ဍ၄ရပ် ချမှတ်နိုင်ခဲ့ကြလို့ပါပဲ။ ကဏ္ဍ ခေါင်းစဉ်တွေကို ကြည့်လိုက်တာနဲ့ ရံပုံငွေတွေကို ရေရှည် ငြိမ်းချမ်းရေး ဖြစ်စဉ် အားလုံးအတွက် ခြုံငုံအသုံးပြုနိုင်မယ့် အနေအထား တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီကဏ္ဍတွေကိုကြည့်ရင် ရံပုံငွေတွေဟာ အပစ်မရပ်သေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ သုံးနိုင်မှာ ဖြစ်သလို၊ အပစ်ရပ်ထားပြီးသား နယ်မြေဒေသ ဖွံ့ဖြိုးအောင် လုပ်လိုတဲ့ ကဏ္ဍတွေမှာလည်း အသုံးပြုနိုင်မယ်ဆိုတာ တွေ့နိုင်ပါတယ်။

နောက်ရက် ကျင်းပတဲ့ JMC အစည်းအဝေးမှာတော့ JMC ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က အဲဒီ ကိစ္စ ပြောပါတယ်။ သူက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့နဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးပြီး ဖြစ်တဲ့အကြောင်း၊ ဒီနောက်ပိုင်း အပစ်ရပ် ခိုင်မာစေဖို့ စောင့်ကြည့်ရေး ကော်မတီတွေဖွဲ့ပြီး အကောင်အထည် ဖော်ခဲ့တဲ့အကြောင်း၊ ဒါတင်မက ကြားကာလ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကိုပါ ဆောင်ရွက်သွားကြဖို့ ရှိတဲ့အကြောင်း၊ အဲဒီလို ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်မှသာ အပစ်ရပ်ထားတဲ့ အကျိုးကျေးဇူးကို ထင်ထင်ရှားရှား တွေ့မြင်ရမှာဖြစ်ပြီး အပစ်ရပ်မထားတဲ့ အဖွဲ့တွေ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးလာအောင် ဆွဲဆောင်နိုင်မှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

မှန်ပါတယ်။ တကယ်လည်း တိုင်းရင်းသား ပြည်သူတွေဟာ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ အပစ်အခတ် ရပ်စဲထားခြင်းအားဖြင့် သူတို့အပေါ် ဘယ်လောက် အကျိုးကျေးဇူး ရှိလာမလဲ စောင့်ကြည့်နေကြတာပါ။ ဒီအတွက် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အပစ်ရပ် ခိုင်မာအောင်၊ နောက်ထပ် တိုက်ပွဲတွေ မဖြစ်တော့အောင် ကြိုးစား ထိမ်းသိမ်းကြရမယ့်အပြင် မြေမြှုပ်မိုင်းတွေ ရှင်းလင်းရေး၊ ဒုက္ခသည်တွေ နေရပ် ပြန်နိုင်ရေး၊ သက်ဆိုင်ရာ နယ်မြေ အသီးသီးက တိုင်းရင်းသားပြည်သူတွေ လွတ်လွတ်လပ်လပ် သွားလာ နေထိုင် စီးပွားရေး လုပ်ကိုင်နိုင်ရေး စတာတွေ လုပ်ကိုင်နိုင်အောင် အခြေအနေ ဖန်တီးပေးဖို့ လိုပါတယ်။ ဒါတင်မက မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ကူညီနေကြတဲ့ နိုင်ငံတကာ အကူအညီ အထောက်အပံ့တွေ အဲဒီဒေသတွေက ခံစားလာနိုင်အောင်၊ ပြည်မကြီးနည်းတူ အပစ်ရပ်ထားတဲ့ ဒေသတွေမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနိုင်အောင် ကူညီပံ့ပိုးပေးနိုင်ရမှာ ဖြစ်ပါတယ်။

ခြုံငုံပြီးပြောရရင် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေဟာ တစ်ဖက်မှာ အပစ်ရပ် ခိုင်မာအောင်လုပ်၊ နိုင်ငံရေးအရ ပြေလည်မှုရသည် အထိ အေးအေးဆေးဆေး အချိန်ယူ ဆွေးနွေး၊ အခြားတစ်ဖက်မှာလည်း တိုင်းရင်းသားပြည်သူတွေရဲ့ ဘ၀ မြင့်မား တိုးတက်ရေး၊ နယ်မြေဒေသ အေးချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်လာစေရေး ကိစ္စတွေကို အကောင်အထည် ဖော်နိုင်ရမှာဖြစ်ပါတယ်။ အဲဒီလို အကောင်အထည် ဖော်လို့ အောင်မြင်လာတာနဲ့အမျှ အပစ်အခတ် ရပ်စဲထားတဲ့ ဒေသနဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ပုံရိပ် ပိုပြီးကောင်းမွန်လာမှာဖြစ်ပြီး အပစ်မရပ်သေးတဲ့ ဒေသက ပြည်သူတွေ အားကျရတဲ့ အနေအထား တစ်ခု ရောက်ရှိလာမှာပါ။ ဒီ တိုင်းရင်းသား ပြည်သူတွေရဲ့ ဆန္ဒကို စုစည်းပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးလာအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ အဲဒါတွေကို အောင်အောင်မြင်မြင် မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်လာနိုင်တာနဲ့အမျှ အပစ်မရပ်သေးတဲ့ အဖွဲ့တွေကို NCA စာချုပ်မှာ လက်မှတ်ထိုးလာအောင် စည်းရုံးဆွဲဆောင်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG