သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာမည်ကြီးနေတဲ့ ပုဒ်မ ၆၆(ဃ) ပြင်ဖို့ လိုနေပြီလား


ကိုမျိုးရန်နောင်သိမ်း
ကိုမျိုးရန်နောင်သိမ်း
တိုက်ရိုက် လင့်ခ်

ဒီတစ်ပါတ် ထွက်ပေါ်လာတဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတစ်ပုဒ်ကတော့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ အရေးယူထား တယ်ဆိုတဲ့ သတင်းပါ။ ကိုမျိုးရန်နောင်သိမ်းဟာ သူ့ရဲ့ facebook အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အသရေပျက်စေ တဲ့ စာသားတွေ ရေးသားခဲ့တယ် ဆိုပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီးလင်း ထွန်း တရားလို ပြုလုပ်ပြီး လှိုင်မြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ တာကြောင့် ဖြစ်ပါတယ်။ အခုနှစ်ပိုင်းအတွင်း လူပြောသူပြောများ၊ အဲဒီ ပုဒ်မကို ဖျက်သိမ်းပေးဖို့၊ ဒါမှမဟုတ် ပြင်ဆင်ပေးဖို့ ဆန္ဒပြကြသည်အထိ နာမည်ကြီးနေတဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခံရတဲ့အထဲ အင်န်အယ်လ်ဒီ တာဝန်ရှိသူတစ်ယောက် ပါလာတဲ့အတွက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်း လာတာ ဖြစ်ပါတယ်။ အခုတစ်ပတ် အဲဒီ ပုဒ်မ ၆၆(ဃ) အကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

မြန်မာနိုင်ငံမှာ အင်တာနက်ကွန်ယက်ကို အသုံးပြုမှု မရှိသေးခင် အချိန်တုန်းက စာမျက်နှာတွေပေါ်မှာ ရေးသား၊ ပုံနှိပ်၊ ထုတ်ေ၀ ဖြန့်ချီတာနဲ့ ပတ် သက်ပြီး ပြဌာန်းထားတဲ့ ဥပဒေတွေ ရှိနေနှင့်ပြီးဖြစ်ပါတယ်။ ပုံနှိပ်ထုတ်ဝေမှုတွေမှာ လူတစ်ဦးတစ်ယောက်ကို ဖြစ်စေ၊ အဖွဲ့အစည်းကို ဖြစ်စေ အသရေပျက်စေတယ်၊ ထိခိုက်နစ်နာအောင် ရေးသားဖော်ပြတယ် ဆိုရင် နစ်နာတယ်လို့ ယူဆ သူတွေ အသုံးပြုလေ့ရှိတာကတော့ ပုဒ်မ ၅၀၀ အသရေ ဖျက်မှုပါ။ ဒီ ပုဒ်မ အရ ပြစ်မှုကျူး လွန်ကြောင်း တရားရုံးက အမိန့်ချခဲ့ရင် ထောင်ဒါဏ်၊ ငွေဒါဏ် ချခံရနိုင်ပါတယ်။ ဒါပေမယ့် ဒီ ပုဒ်မဟာ ရဲအရေးပိုင်တဲ့ ပုဒ်မ မဟုတ်တော့ စွတ်စွဲခံရသူဟာ အာမခံရယူပြီး တရားရင်ဆိုင်လို့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း အင်တာနက် ကွန်ယက် ပေါ်ပေါက်လာပြီးနောက် အဲဒီ အပေါ် ရေး သားဖော်ပြတာတွေနဲ့ ပတ်သက်လို့ကတော့ ပုဒ်မ ၅၀၀ ဟာ အကျုံးမဝင်သလို ဖြစ်သွားစေပါတော့တယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကစ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း အသုံးပြုမှု တစ်ရှိန်ထိုး မြင့်တက်လာပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုမှု မြင့်တက် လာတဲ့နည်းတူ မိုဘိုင်းဖုန်း အင်တာနက်ကနေ လူမှုကွန်ယက် စာမျက်နှာ အသုံးပြုမှုကလည်း ဘယ်ခေတ် ဘယ်ကာလကနဲ့မှ မတူ အတော်လေးကို တွင်ကျယ်လာပါတယ်။ facebook လို အင်တာနက် စာမျက်နှာတွေပေါ်မှာ ကိုယ်ပိုင်စာမျက်နှာတွေကို လွတ်လွတ်လပ်လပ် ထူထောင်ခွင့်ရကြသလို၊ လွတ်လွတ်လပ်လပ်ကြီးလည်း ရေးသားလာကြပါတယ်။ ဒီအခါ ထုံးစံအတိုင်း မမှန်မကန် စွတ်စွဲတာတွေ၊ တစ်ဖက်သား နစ်နာအောင် ဖန်တီးတာမျိုးတွေလည်း ရှိလာပါတယ်။ အဲလို ပြသနာတွေအတွက် မြန်မာနိုင်ငံမှာ ပြဌာန်းပြီးသား ဥပဒေနှစ်ခု ရှိနေပါတယ်။ ၂၀၀၄ ခုနှစ်က ပြဌာန်းခဲ့တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေနဲ့ နောက်ပိုင်း ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေ ဖြစ်ပါတယ်။ အဲဒီထဲကမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း စသဖြင့် နစ်နာစေတယ်လို့ ယူဆ ရင် အမှုဖွင့် တိုင်တန်းနိုင်တာက အီလက်ထရောနစ် ဆက် သွယ်ဆောင် ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(ဃ) နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နှစ်ခု ရှိနေပါတယ်။

တကယ်တော့ အဲဒီ ဥပဒေနှစ်ခုက ပုဒ်မ နှစ်ခုဟာ နာမည်ကသာကွဲလွဲပေမယ့် တရားစွဲ တိုင်တန်းလို့ရတဲ့ အချက်ကတော့ အတူတူပါပဲ။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄ (ဃ) မှာ- အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးကို ထိခိုက် နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေ ရန် ဖြစ်စေ သတင်း အချက်အလက်ကို အီလက်ထရောနစ် နည်းပ ညာဖြင့် ပြု လုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် သတင်းအချက်အလက်ကို ဖြန့်ချီခြင်း- ဆိုပြီး ပြဌာန်းထားပါတယ်။ အလားတူ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) မှာဆိုရင်လည်း - ဆက်သွယ်ရေး ကွန်ယက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်း- ဆိုပြီး ပြဌာန်းထားပါတယ်။

တိုင်တန်း၊ တရားစွဲလို့ရတဲ့ ပြဌာန်းချက်ခြင်း တူပေမယ့် ပြစ်ဒါဏ်ကျတော့ မတူပါဘူး။ လူတစ်ယောက်ဟာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(ဃ) နဲ့ ပြစ်မှုထင်ရှား စီရင်ခံရရင် ငွေဒါဏ် ကျပ် သိန်း ၅၀ကနေ ၁၀၀ ကြား ချမှတ်ရမယ်လို့ ပြဌာန်းထားပြီး အမှုရင်ဆိုင်နေရချိန် အာမခံ ယူလို့ ရပါတယ်။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ အရေးယူ တရားစွဲခံရပြီဆိုရင်တော့ ၃ နှစ်ထက် မပိုတဲ့ ထောင်ဒါဏ်၊ ဒါမှမဟုတ် ထောင်ဒါဏ်နဲ့ ငွေဒါဏ် ချမှတ်ခံရနိုင်ပြီး အမှုရင်ဆိုင်နေရချိန်မှာ အာမခံ ယူလို့ မရပါဘူး။

ဒီလို အာမခံပေးလို့ ရမရ အခြေအနေ၊ ပြစ်ဒါဏ်အခြေအနေ ကွဲပြားသွား တာကြောင့် အခုနောက်ပိုင်း အင်တာနက် စာမျက်နှာတွေမှာ အသရေဖျက်ခံရ သူတွေ အနေနဲ့ ပုဒ်မ ၆၆(ဃ) ကို အသုံးပြု တိုင်တန်း၊ တရားစွဲတာ ပို လုပ် လာကြသလို၊ တစ်ဖက်သားကို ခြိမ်းခြောက်လိုခြင်း၊ နစ်နာစေ လိုခြင်း အားဖြင့် လည်း ပုဒ်မ ၆၆(ဃ) နဲ့ တိုင်တန်း၊ စွတ်စွဲတာမျိုး လုပ်လာကြ တာ တွေ့ကြရ ပါတယ်။ ဒီလိုနည်းနဲ့ ပုဒ်မ ၆၆(ဃ) နာမည်ကြီးလာ ရတာပါ။ အခုလက်ရှိ မြန်မာနိုင်ငံမှာ အွန်လိုင်းပေါ် က ရေးသား မှုတွေနဲ့ ပတ်သက်ပြီး တစ်ယောက်ကို တစ်ယောက် ခြိမ်းခြောက်ချင်ရင်၊ ဒုက္ခပေးချင်ရင် ဘာမှတ်နေသလဲ၊ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲပလိုက်မှာ ဆိုပြီး ပြောဆိုကြသည် အထိ ရေပန်းစားနေ တာမျိုး ဖြစ်ပါတယ်။

လူတစ်ယောက်ကို ပုဒ်မ ၃၄(ဃ) နဲ့ တိုင်တန်းသည် ဖြစ်စေ၊ ၆၆(ဃ) နဲ့ တိုင်တန်း သည်ဖြစ်စေ ရဲစခန်းနဲ့ တရားရုံးတွေက လုပ်ရမယ့် တိကျတဲ့ လုပ်ထုံးလုပ် နည်းတွေ ပြဌာန်းထားတာတော့ မရှိသေးပါဘူး။ လက်ရှိ ကျင့်သုံးနေတဲ့ ပုံစံက မြို့နယ် ရဲစခန်းဟာ ပုဒ်မ ၆၆(ဃ) နဲ့ တိုင်တန်းမှု ရှိလာရင် တိုင်တန်းသူ၊ စွတ်စွဲခံရသူ သီးခြားစီခေါ်ယူ စစ်ဆေးပါတယ်။ နောက် ခရိုင်အဆင့်ကို တင်ပြပြီး ညွှန်ကြားမှုရှိရင် မြို့နယ် ဥပဒေရုံးဆီက အကြံတောင်းပါတယ်။ နောက် ဆက် သွယ်ရေးဝန်ကြီးဌာန ဆီ တင်ပြပါတယ်။ ခွင့်ပြုချက်ရပြီဆိုရင် တိုင်တန်းခံ ရသူကို ဖမ်းဆီး၊ တရားရုံးတင်ပါတော့တယ်။ ပြသနာက ပုဒ်မ ၆၆(ဃ) နဲ့ တရားရုံးတင်မယ် ဆိုရင် ဖမ်းဆီး၊ အချုပ်ထဲကနေ ထုချေရတာကြောင့် စွတ်စွဲခံရသူတွေ အလွန်နစ်နာပါတယ်။ ဒါပေမယ့်လည်း စွတ်စွဲသူတွေဘက်က အဲဒီအချက်ကို သဘောကျကြတာကြောင့် ပုဒ်မ ၃၄(ဃ) ကို မသုံးပဲ ပုဒ်မ ၆၆(ဃ) ကိုပဲ သုံးပြီး တိုင်တန်း အမှုဖွင့်တာ လုပ်ကြပါတော့တယ်။ မှတ်တမ်းတွေကို ပြန်ကြည့်လိုက်ရင် ၂၀၁၅ ခုနှစ်မှာ ရန်ကုန်တိုင်းအတွင်း အဲဒီ ပုဒ်မ နှစ်ခုနဲ့ တိုင်တန်းမှု စုစုပေါင်း အမှု ၃၀ လောက်ပဲ ရှိပြီး ပုဒ်မ ၃၄(ဃ) ကတောင် ပိုများနေပါတယ်။ ၂၀၁၆ ရောက်တော့ နှစ်တစ်ဝက်မှာကိုပဲ အမှု ၆၀ နီးပါး ရှိလာပြီး အဲဒီအထဲမှာ ပုဒ်မ ၃၄(ဃ) ၅ မှုပဲ ရှိပါတော့တယ်။ ကျန်တာအားလုံး ပုဒ်မ ၆၆(ဃ) ဖြစ်နေတာပါ။

အားလုံးကိုခြုံငုံသုံးသပ်ကြည့်လိုက်ရင် အွန်လိုင်းပေါ် ရေးသား ဖော်ပြမှုတွေနဲ့ ပတ်သက်ရင် ဥပဒေတော့ ရှိရပါမယ်။ ဒါပေမယ့် နစ်နာမှုပုံစံ တစ်မျိုးထဲမှာကိုပဲ တိုင်တန်း တရားစွဲနိုင်မယ့် ဥပဒေ နှစ်ခု ရှိနေတာ၊ အဲဒီ နှစ်မျိုးထဲမှာမှ ပုဒ်မ ၆၆(ဃ)ဟာ စွတ်စွဲခံရသူ ဘယ်သူ့ကိုမဆို အလွန်နစ်နာစေတာ၊ ဒါကြောင့်လဲ အခုနောက်ပိုင်း လူတစ်ချို့ အဖွဲ့အစည်းတစ်ချို့က အဲဒီ ပုဒ်မကို ခြိမ်းခြောက်လိုမှု၊ နစ်နာစေလိုမှုအတွက် အသုံးပြုလာတာ စတဲ့ နောက်ဆက် တွဲ ပြသနာတွေ ဖြစ်ပေါ် လာစေတာဖြစ်ပါတယ်။ ဒီကနေ တဆင့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကိုပါ ကြီးကြီးကျယ်ကျယ် ထိခိုက်လာနေတဲ့ အနေအထားကိုလည်း တွေ့မြင်နေရပါတယ်။ ဒီအတွက် ပုဒ်မ ၆၆(ဃ) ပြဌာန်းချက်ကို အမြန်ဆုံး ပြုပြင်သင့်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG