သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရင် ငြိမ်းချမ်းရေး မြန်မြန်ရမလား


ဒီဇင်ဘာလ ၇ ရက် နေပြည်တော်- ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးဦးအောင်မင်း လာရောက်တွေ့ဆုံစဉ်
ဒီဇင်ဘာလ ၇ ရက် နေပြည်တော်- ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးဦးအောင်မင်း လာရောက်တွေ့ဆုံစဉ်

အကြောင်းကတော့ ဒီကနေ့အထိ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေပဲ ဖြစ်ပြီး အင်န်အယ်လ်ဒီ လို ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရနဲ့ ဖြစ်ပွားတာ မဟုတ်လို့ပါပဲ။

ကျင်းပပြီးသွားတဲ့ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ ရလာဒ်နဲ့အညီ အစိုးရ တာဝန် အပြောင်းအလဲ ပြုလုပ်ရေးကိစ္စ အဆင်ပြေပြေ ချောချေမွေ့မွေ့ ဖြစ်ပေါ်နေတာကို တွေ့မြင်ရပါတယ်။ အခုဆိုရင် နိုင်ငံတော် အကြီးအကဲ တာဝန်လွဲှပြောင်းရေးအတွက် အစိုးရ နဲ့ ရွေးကောက်ပွဲ အနိုင်ရ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွေ ဖွဲ့ပြီး ဆောင်ရွက်နေကြပြီလည်း ဖြစ်ပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်းဟာ အင်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် လွှတ်တော်ရုံး အဆောက်အဦမှာ သွားရောက်တွေ့ဆုံပြီး သူ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းဆောင်တာ ကိစ္စတွေ ပြောဆို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ တဆက်တည်း ဒါဟာ နောက်ပိုင်း အစိုးရက အကောင်အထည် ဖော် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ ဒေါ်အောင်ဆန်းစုကြည်ဆီ လွဲှပြောင်းပေးမယ့် သဘောလည်း ဖြစ်တာ တွေ့မြင်ရပါတယ်။ နောင် အင်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အကောင်အထည်ဖော်ရင် ငြိမ်းချမ်းရေး မြန်မြန်ရလာနိုင်မလား ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ဟာ သူတို့ စတင် တာဝန်ယူစဉ်ကစ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းတွေကို စ အကောင်အထည် ဖော်ခဲ့ပါတယ်။ ကေအိုင်အို ကချင်ပြည် လွတ်လပ်ရေး အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့တိုင် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းများစွာနဲ့ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်တွေ သီးခြားစီချုပ်ဆိုနိုင်အောင် ကြိုးစားခဲ့ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ပေါင်းစုံနဲ့ NCA လို့ခေါ်တဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် တစ်ခုရအောင်လည်း အကြိမ်ကြိမ် ညှိနှိုင်းခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

နဂိုတုန်းကတော့ NCA စာချုပ်အတွက် မူကြမ်းဟာ အစိုးရဘက်မှာရော လက်နက်ကိုင် တိုင်းရင်းသားတွေဘက်မှာပါ နှစ်ဖက်စလုံးမှာ ရှိခဲ့ကြတာပါ။ နောက်ပိုင်း လက်နက်ကိုင် တိုင်းရင်းသားတွေဘက်က တင်ပြတဲ့ မူကြမ်းကို အခြေခံပြီး NCA စာချုပ်ကြီးရအောင် အဆင့်ဆင့် ညှိနှိုင်းရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း NCA စာချုပ် ကို ရှောရှောရှူရှူ ရေးဆွဲနိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ တစ်ဖက်နဲ့ တစ်ဖက် တိုက်ပွဲတွေ ဖြစ်ပွားလို့ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ရပ်နားရတဲ့ ကာလမျိုးလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုနှစ်ဆန်းပိုင်းမှာတော့ အစိုးရဘက်ကရော၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ပေါင်းစုံကပါ သဘောတူညီတဲ့ NCA စာချုပ် တစ်ခုကို ရခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို သမိုင်းဝင် စာချုပ် တစ်ခုရလာအောင် ဆောင်ရွက်ပေးခဲ့ကြတဲ့ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လိုလားမှုကို အသိအမှတ်ပြုကြရမှာပါ။

ဒါပေမယ့်လည်း ကံမကောင်းအကြောင်းမလှစွာပဲ နှစ်ဖက် သဘောတူတဲ့ NCA စာချုပ်ရပြီးကာမှ ပြသနာတွေက စ ပါတယ်။ အဲဒါကတော့ အစိုးရနဲ့ တပ်မတော်ဘက်ကနေ အပစ်ရပ်စာချုပ် ချုပ်ဆိုရာမှာ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တစ်ချို့ကို ပါဝင်လက်မှတ်ရေးထိုးစေလိုခြင်း မရှိတာပါ။ အထူးသဖြင့် တပ်မတော်ကို အထိနာအောင် တိုက်ခိုက်ခဲ့ပြီး အရှက်ရစေခဲ့တဲ့ ကိုးကန့် တပ်ဖွဲ့ကိုပါ။ ဒါ့အပြင် တအာန်းပလောင်နဲ့ AA ရခိုင်တပ်ဖွဲ့တွေလည်း ပါဝင်ပါတယ်။

ဒီလိုနည်းနဲ့ အစိုးရဟာ NCA စာချုပ်ကို လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ (၈) ဖွဲ့နဲ့ပဲ လက်မှတ်ရေးထိုးရတဲ့ အနေအထား ရောက်သွားပါတယ်။ အခုနောက်ပိုင်း အဲဒီ လက်နက်ကိုင် (၈) ဖွဲ့နဲ့ပဲ NCA စာချုပ်ပါ အချက်အလက်တွေကို ဆက်ပြီး အကောင်အထည် ဖော်နေသလို အခြား ကချင်နဲ့ ရှမ်း တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေပြီး ဒုက္ခသည် ပြသနာတွေပါ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေအောက်မှာ ရွေးကောက်ပွဲ ကျင်းပပြီးသွားလို့ အင်န်အယ်လ်ဒီ ဟာ အနိုင်ရပါတီ ဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ပိုင်း ငြိမ်းချမ်းရေး ကိစ္စကို ဦးစီးဆောင်ရွက်သွားမယ့်သူ အဖြစ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ NCA စာချုပ်မှာ လက်မှတ် ထိုးမထားတဲ့ ကေအိုင်အို ဦးဆောင်တဲ့ တောတွင်းလက်နက်ကိုင် အဖွဲ့တွေကလည်း အစည်းအဝေး တစ်ရပ် ကျင်းပပြီး နောက်ပိုင်း အစိုးရဖြစ်လာမယ့် အင်န်အယ်လ်ဒီ အစိုးရ အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖု့ိ ကော်မတီတစ်ရပ်တောင် ဖွဲ့စည်းလိုက်ပါပြီ။ ဒါပေမယ့် တကယ့်လက်တွေ့ ပြည်တွင်းစစ်ပြသနာမှာ ညှိနှိုင်းကြဖို့ လိုတာဟာ ပဋိပက္ခ ဖြစ်ပွားနေတဲ့ နှစ်ဖက် အင်အားစုတွေသာ ဖြစ်ပါတယ်။ အထူးသဖြင့် လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြတဲ့၊ တိုက်ခိုက်နေကြတဲ့ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ မေးစရာ မေးခွန်းပေါ်လာတာက အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ ပေါ်ပေါက်လာရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိရင် ပြသနာတွေ မပြေလည်နိုင်ဘူးလား ဆိုတဲ့ ကိစ္စပါ။ သိပ်မလွယ်ဘူး လို့ပဲ ပြောရမှာပါ။

အကြောင်းကတော့ ဒီကနေ့အထိ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေပဲ ဖြစ်ပြီး အင်န်အယ်လ်ဒီ လို ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရနဲ့ ဖြစ်ပွားတာ မဟုတ်လို့ပါပဲ။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ဟာ တပ်မတော် အပေါ်မှာ သြဇာညောင်းတဲ့ အစိုးရအဖွဲ့မျိုး ဖြစ်မှာ မဟုတ်သလို၊ တပ်မတော် ကိုယ်တိုင်ကလည်း အခြား ဒီမိုကရေစီ နိုင်ငံတွေမှာလို အစိုးရအဖွဲ့ကို နာခံတဲ့ အဖွဲ့အစည်းတစ်ရပ် မဟုတ်ပဲ ကိုယ့်ဖာသာကိုယ် သီးခြားရပ်တည်နေတဲ့ အဖွဲ့အစည်း ဖြစ်နေလို့ပါ။

ဒါကြောင့် နောက်ပိုင်း အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ တက်လာပြီး ငြိမ်းချမ်းရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ရတဲ့တိုင် လက်ရှိ ဝန်ကြီးဦးအောင်မင်းနဲ့ MPC က လုပ်ကိုင်တဲ့ နေရာမျိုးမှာပဲ ဝင်ရောက် လုပ်ကိုင်ရပါလိမ့်မယ်။ အဲဒါကတော့ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကြားမှာ ဝင်ရောက် စေ့စပ် ညှိနှိုင်းဖြန်ဖြေပေးရတဲ့ အလုပ်ဖြစ်ပါတယ်။ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာရာမှာ အတူတကွ ပါဝင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခဆိုတာဟာ သူ့ချည်းပဲ မဟုတ်၊ ကျန် သမိုင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ အကျိုးစီးပွားဆိုင်ရာ ပြသနာ အားလုံးနဲ့လည်း ဆက်စပ်ပတ်သက်နေတာမို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖြေရှင်းတဲ့တိုင် လွယ်လွယ်ကူကူ ပြေလည်သွားမှာ မဟုတ်ပဲ အခက်အခဲ ပြသနာတွေ အများကြီး ရင်ဆိုင်ရဖို့ ရှိနေသေးပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG