သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ပြက္ခဒိန် ဖမ်းဆီးမှု မီဒီယာ ဖိနှိပ်မှုလား


ရိုဟင်ဂျာ ပြက္ခဒိန်- ၂၀၁၆ ( Coconuts YGN)
ရိုဟင်ဂျာ ပြက္ခဒိန်- ၂၀၁၆ ( Coconuts YGN)

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေဟာ (၅၄) လမ်းမှာ ရှိတဲ့ ကျော်ပုံနှိပ်တိုက်ကို သက်သေတွေနဲ့ အတူ ဝင်ရောက် စီးနင်း ရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့ ကြိုတင် သတင်းရထားသလိုပဲ အဲဒီ ပုံနှိပ်တိုက်မှာ ရိုဟင်ဂျာ အကြောင်း ဖော်ပြထားတဲ့ ၂၀၁၆ ခုနှစ်အတွက် ပြက္ခဒိန်တွေ ရိုက်နှိပ်နေတာကို တွေ့ရတဲ့အတွက် သက်သေခံ ပစ္စည်းအဖြစ် အားလုံးကို သိမ်းဆည်းခဲ့ပါတယ်။ တဆက်တည်း ပုံနှိပ်တိုက်ပိုင်ရှင်၊ မန်နေဂျာနဲ့ ပြက္ခဒိန် ရိုက်နှိပ်ရာမှာ ပါဝင်ပတ်သက်သူ စုစုပေါင်း (၅) ယောက်ကို ဖမ်းဆီး အရေးယူခဲ့ပါတယ်။ တဆက်တည်း ပုံနှိပ်တိုက်ကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။ ပြက္ခဒိန် ပုံနှိပ်ဖို့ စေခိုင်းသူ လို့ ဆိုတဲ့ ဦးအောင်ခင် ကတော့ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ဖမ်းဆီးရမိခြင်း မရှိဘူးလို့ သိရပါတယ်။ ဖမ်းဆီးရမိသူတွေကို ကနဦး ပုံနှိပ် ထုတ်ေ၀ ဥပဒေနဲ့ တရားစွဲပြီး တရားရုံးက တစ်ယောက် ဒါဏ်ငွေ ကျပ် ၁၀ သိန်းစီ ချမှတ်ခဲ့ပါတယ်။ အဲလို ပုံနှိပ်ထုတ်ေ၀ ဥပဒေနဲ့ အရေးယူပြီး နောက်မှ အာမခံပေးလို့မရတဲ့ ပုဒ်မ ၅၀၅ (ခ) “အများပြည်သူ အကျိုး ပျက်စီးစေမှု” နဲ့ ဖမ်းဆီး၊ ရုံးတင် တရားစွဲလိုက်ပါပြီ။ ဒီမှုခင်း ကိစ္စ ဘာသဘော ဆောင်သလဲ၊ ဒါဟာ မီဒီယာ ဖိနှိပ်မှု တစ်ခုလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ဇာတ်လမ်း အစ ကတော့ Facebook အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေက စ တာပါ။ စာရေးဆရာ ဦးအောင်ခင် (စစ်တွေ) ဟာ သူရိုက်နှိပ် ထုတ်ဝေမယ့် ပြက္ခဒိန်ပုံတွေကို ဖေ့ဘွတ်ခ်ပေါ် တင်ပါတယ်။ အဲဒီ ပြက္ခဒိန်မှာ ရိုဟင်ဂျာ တွေနဲ့ ပတ်သက်ပြီး အရင် ပါလီမန် ဒီမိုကရေစီ ခေတ်နဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မဆလ ခေတ်က ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်စာတန်းတွေမှာ ပါတဲ့ စာသား တစ်ချို့ကို ကောက်နှုတ် ဖော်ပြထားပါတယ်။ တစ်ချို့စာမျက်နှာတွေမှာ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ပြောဆိုခဲ့တဲ့ မိန့်ခွန်း ကောက်နှုတ်ချက်လိုမျိုးလည်း ပါဝင်ပါတယ်။ ပါလီမန် ဒိမိုကရေစီခေတ်က တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေ၊ ပါလီမန် အမတ် ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြထားပါတယ်။ ပြက္ခဒိန် နေ့စွဲကိုတော့ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ အာရဗီ ဘာသာ သုံးမျိုးနဲ့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဒီ ပြက္ခဒိန် ရုပ်ပုံတွေ လူမှုကွန်ယက် စာမျက်နှာထက် ရောက်လာပြီးနောက် ရန်ကုန်က မဘသ အဖွဲ့ဝင်တစ်ချို့ စည်းဝေးပြီး အရေးယူပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ သတင်းပို့ပါတယ်။ ဒီ ပြက္ခဒိန်ထုတ်ဖို့ စီစဉ်တဲ့ ဦးအောင်ခင်ဟာ ရွှေပြည်သာ မြို့နယ်မှာ နေထိုင်တာကြောင့် ဒါကို ဆက်မလုပ်ဖို့၊ ထုတ်ဝေခြင်း မပြုဖို့၊ ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းရအောင် ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူးက ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ဦးအောင်ခင် ထွက်ပြေးတိမ်းရှောင်သွားပြီ ဖြစ်တဲ့အတွက် အဲဒီအစီအစဉ် မဖြစ်မြောက်တော့ပါဘူး။ နောက်ပိုင်း ပုဇွန်တောင်မြို့နယ် ၅၄ လမ်းမှာ ပုံနှိပ်နေပြီ ဆိုတာ သိရတဲ့အတွက် ပုံနှိပ်တိုက်ကို သွားရောက် ဖမ်းဆီးတာမျိုး လုပ်ကြတာပါ။

ဒီပြသနာနဲ့ ပတ်သက်ပြီး ကနဦး ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ အာရဗီ ဘာသာနဲ့ ပြက္ခဒိန်ရိုက်နှိပ်ဖို့ လုပ်လို့ အရေးယူရတာလို့ ဆိုပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ ပုဇွန်တောင် မြို့နယ် ရဲစခန်းမှူးကို သွားရောက်မေးမြန်းတဲ့အခါ အာရဗီ ဘာသာနဲ့ ပုံနှိပ် ထုတ်ဝေလို့ အရေးယူရတာ မဟုတ်တဲ့အကြောင်း၊ ရိုဟင်ဂျာတွေအကြောင်း ရေးသားဖော်ပြလို့ အရေးယူရတာ ဖြစ်တယ်ဆိုပြီး ပြောပါတယ်။ ဒါဆိုရင် အဲဒီ ပြက္ခဒိန်ထဲမှာ ရိုဟင်ဂျာအကြောင်း ဘာတွေ ရေးသားထားလဲ လေ့လာကြည့်ဖို့ လိုလာပါတယ်။

ပြက္ခဒိန်ထဲမှာ ပါလီမန် ဒီမိုကရေစီခေတ် ဒု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီး ၁၉၆၁ ခုနှစ်က ပြောတဲ့ “ မေယုခရိုင် အတွင်းတွင် နေထိုင်ကြသော၊ ရိုဟင်ဂျာများသည်လည်း ပြည်ထောင်စုအတွင်း လူမျိုးစု တစ်စု ဖြစ်သည်ကို သဘောပိုက်ထားကြစေလိုကြောင်း” ဆိုတာ ဖော်ပြထားပါတယ်။ နယ်ခြား ဒေသ အရာရှိချုပ် ဗိုလ်မှူးကြီးစောမြင့် ပြောတဲ့ ရိုဟင်ဂျာ အမျိုးသားများ ခင်ဗျား အစချီ မိန့်ခွန်းကောက်နှုတ်ချက် တိုကို ဖော်ပြထားပါတယ်။ စာမျက်နှာ တစ်ခုမှာတော့ “မြန်မာ့အသံ တိုင်းရင်းသား ဘာသာ အစီအစဉ်ကနေ ရိုဟင်ဂျာ ဘာသာ အစီအစဉ်ကို ၁၉၆၁ ခုနှစ် မေလ ၁၅ ရက်နေ့ကနေ ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အသံလွှင့်ခဲ့တယ်” ဆိုတဲ့ စာသားမျိုး ဖော်ပြထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး အရေးယူကိုင်တွယ်တဲ့ စခန်းမှူး ပြောစကားနဲ့ ပြက္ခဒိန် စာမျက်နှာပါ အကြောင်းအရာတွေကို ကြည့်ရင် ရိုဟင်ဂျာ လူမျိုးနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို ဖော်ပြတာကြောင့် ဖမ်းဆီး အရေးယူခံကြရတယ် ဆိုတာ ထင်ရှားပါတယ်။ တကယ်တော့ ဒီ ပြက္ခဒိန်ထဲမှာ ဖော်ပြတဲ့အကြောင်းအရာတွေဟာ အရင် မြန်မာနိုင်ငံမှာ ပုံနှိပ်ထုတ်ဝေထားပြီးသား စာအုပ်စာတန်းက အချက်အလက်တွေကို ပြန်လည် ကူးယူ ဖော်ပြထားတာတွေပဲ ဖြစ်ပါတယ်။ အသစ်အဆန်း ဖန်တီးရေးသားထားတာတွေလည်း မတွေ့မြင်ကြရပါဘူး။ ဒါဆို ဒီပြက္ခဒိန် ထုတ်ဝေမှုနဲ့ ပါတ်သက်ပြီး ပုဒ်မ ၅၀၅ (ခ) “အများပြည်သူ အကျိုး ပျက်စီးစေမှု” နဲ့ ရုံးတင်တရားစွဲတာကရော ဖြစ်သင့်ပါသလား ဆိုတာ ဆွေးနွေးဖို့ လိုလာပါတယ်။

၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာပြီးနောက် ၂၀၁၂ နှစ်လည်မှာ ဆင်ဆာအဖွဲ့ကို ရုပ်သိမ်းပြီး ပုံနှိပ်မီဒီယာကို လွတ်လပ်ခွင့်ပေးခဲ့ပါတယ်။ စာအုပ်၊ စာစောင်တွေ ရိုက်နှိပ်ရာမှာ ကြိုတင်ခွင့်ပြုချက် တောင်းခံစရာ မလိုတော့ပဲ ပုံနှိပ် ထုတ်ဝေပြီးနောက်မှ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ရုံးကို စာအုပ်စာစောင်တွေ သွားပို့ပေးရတာပဲ ရှိပါတယ်။ အဲလို ပုံနှိပ်မီဒီယာ လောက လွတ်လပ်ခွင့်ရပြီးချိန်ကနေ ဒီကနေ့အချိန်ထိ ပုံနှိပ်ထုတ်ဝေမှုနဲ့ ပတ်သက်ပြီး မီဒီယာ ဖိနှိပ်မှုလို့ အသေအခြာ ပြောနိုင်တဲ့ အမှု (၃) ခုပေါ်ပေါက်ခဲ့ဖူးပါတယ်။ ပထမ တစ်မှုကတော့ ယူနတီဂျာနယ် အမှုဖြစ်ပြီး ဓာတုလက်နက်စက်ရုံ ဆိုပြီး ဖော်ပြလို့ သတင်းသမား ၅ ယောက်ကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်(၁၀) နှစ်စီ ချမှတ်ခဲ့ပါတယ်။ နောက်တစ်မှုကတော့ ဘိုင်မွန်းတည့်နေ ဂျာနယ် အမှုဖြစ်ပြီး လူမှုအဖွဲ့အစည်း တစ်ခုရဲ့ “ကြားဖြတ်အစိုးရဖွဲ့လိုက်တယ်” ဆိုပြီး ကြေငြာချက်ထုတ်တာကို သတင်းရေးသားဖော်ပြလို့ သတင်းသမား ၅ ယောက်ကို ထောင် ၂ နှစ်ချခဲ့တာပါ။ တတိယ အမှုကတော့ မြန်မာသံတော်ဆင့် ဂျာနယ်ပါ သမ္မတ ဦးသိန်းစိန်ကို ဝေဖန်တဲ့ ရေးသားချက်ကို အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ပုဒ်မ ၅၀၀ အသရေဖျက်မှု နဲ့ တရားစွဲခဲ့တာဖြစ်ပြီး ငွေဒါဏ် ချမှတ်ခံရတာပါ။

အခု ပြက္ခဒိန် ထုတ်ဝေမှု ပြသနာကိုကြည့်ရင်လည်း ပုံနှိပ်ဖော်ပြမှုကြောင့် ဖြစ်ရတဲ့ ပြသနာပါ။ ပုံနှိပ်ဖြန့်ချီခြင်း မပြုခင် အရေးယူခံရတာပါ။ ဒီအတွက် ဖြစ်ခြင်းဖြစ် ပုံနှိပ်-ထုတ်ေ၀ ဥပဒေ ဒါမှမဟုတ် သတင်းမီဒီယာ ဥပဒေနဲ့ပဲ အရေးယူဖို့ ရှိပါတယ်။ ဒါပေမယ့် အခုလို ရိုဟင်ဂျာ အကြောင်း ပုံနှိပ် ဖော်ပြလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ပုံနှိပ်-ထုတ်ေ၀ ဥပဒေနဲ့ အရေးယူ၊ အပြစ်ပေးရုံတင်မက ထောင်ဒါဏ်နှစ်နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ၅၀၅ (ခ) လို “အများပြည်သူ အကျိုး ပျက်စီးစေမှု” နဲ့ တရားစွဲတာကိုတော့ မီဒီယာ ဖိနှိပ်မှုလို့ သတ်မှတ်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG