သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်


ကြံခိုင်ဖွံဖြိုးရေးပါတီမဲဆွယ်စည်းရုံးနေစဉ် (၂၀၁၅, နိုဝင်ဘာလ)
ကြံခိုင်ဖွံဖြိုးရေးပါတီမဲဆွယ်စည်းရုံးနေစဉ် (၂၀၁၅, နိုဝင်ဘာလ)

ပါတီခေါင်းဆောင် ဆိုတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ကလည်း ပါတီကို နိုင်ငံရေးအရ တည်ဆောက်ဖို့ နိုင်ငံရေးအလုပ် လုံး၀ မလုပ်ပဲ စစ်တပ်ပုံစံ အထက်ကအမိန့် အောက်က နာခံ ဆိုတာ တစ်ခုတည်း လုပ်ခဲ့ကြတာပါ။ ပြည်ခိုင်ဖြိုးပါတီ ပက်ပက်စက်စက် ရှုံးနိမ့်ခဲ့ရတာမှာ အဲဒီ အချက်က အဓိကပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲ ရလာဒ်တွေကို အပြီးသတ် ကြေငြာ ပြီးစီးခဲ့ပါပြီ။ အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့တယ်လို့ ပြောနိုင်သလို၊ တပ်မတော် ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီကတော့ အပြတ်အသတ် ရှုံးနိမ့်မှုနဲ့ ကြုံခဲ့ရပါတယ်။ တိုင်းပြည်အတွက် အရေးကြီးတဲ့ ပြည်ထောင်စု အဆင့်အတွက် မဲဆန္ဒနယ်မြေ ၄၉၁ နေရာမှာ ပြည်ခိုင်ဖြိုးပါတီက ၄၂ နေရာပဲ အနိုင်ရပါတယ်။ အဲဒီထဲမှာ သေခြာပေါက် အနိုင်ရဖို့ အဖက်ဖက်က ပြင်ဆင်ပြီးမှ ဝင်တဲ့ မဲဆန္ဒနယ်မြေ တစ်ချို့ ပါနေတာမို့ တကယ့် ပြည်သူလူထု ဆန္ဒနဲ့ နင်လားငါလား ပြိုင်ဆိုင် ရရင် ဒီထက်တောင် အခြေအနေ ဆိုးနိုင်ပါသေးတယ်။ ပြည်ခိုင်ဖြိုးပါတီ ဘာကြောင့် ရှုံးတာလဲ၊ လက်ရှိ ပြည်ခိုင်ဖြိုးပါတီရဲ့ ရပ်တည်မှု အနေအထားကြောင့် တိုင်းပြည် ဘယ်လောက် ထိခိုက်နစ်နာနေရသလဲ၊ ရှေ့အနာဂတ် ပြည်ခိုင်ဖြိုးပါတီ ဘယ်လို ဆက်ပြီး ရပ်တည်သင့်သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိမှုဟာ ၈ ဒသမ ၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အာဏာရပါတီ မဆိုထားနဲ့ အတိုက်အခံ ပါတီလို့တောင် မခေါ်နိုင်သည် အထိ မဆိုစလောက်လေးပဲ အနိုင်ရခဲ့တာပါ။ ဒါကို တစ်ခွန်းထဲ ပြောရရင် ပြည်သူတွေက မကြိုက်လို့၊ မဲမပေးလို့ ရှုံးရတာ ဖြစ်ပါတယ်။ အခု ရလာဒ်နဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေ ကိုယ်တိုင် အံ့သြ တုန်လှုပ်ကြတယ်၊ တကယ်လို့သာ ခုလို ရလာဒ်မျိုး ထွက်ပေါ်လာမယ် ဆိုတာ ကြိုတင်မှန်းဆနိုင်ရင် ရွေးကောက်ပွဲတောင် လုပ်ပေးဖွယ် မရှိဘူးလို့ ဝေဖန်သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဒါဆိုရင် ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေ မမျှော်မှန်းနိုင်လောက်တဲ့ အနေအထား အထိ ဘာကြောင့် အရှုံးကြီး ရှုံးရတာပါလဲ။

ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်
please wait

No media source currently available

0:00 0:05:56 0:00
တိုက်ရိုက် လင့်ခ်

ပြည်ခိုင်ဖြိုးပါတီ အပြတ်အသတ် ရှုံးနိမ့်ရခြင်းမှာ အကြောင်းအချက် များစွာ ပါဝင်နိုင်ပါတယ်။ တိတိကျကျနဲ့ အသေးစိတ် သိလိုရင် ပါတီကိုယ်တိုင်က ကောင်းကောင်းမွန်မွန် သုတေသန လုပ် အဖြေရှာမှ ဖြစ်နိုင်မှာပါ။ အဓိက အကျဆုံး အချက်ကတော့ ပါတီကို ရိုးရိုး နိုင်ငံရေးပါတီ တစ်ရပ်အဖြစ် စနစ် တကျ မတည်ဆောက်ခဲ့တာပါ။ လုံး၀ မတည်ဆောက်ခဲ့ ဖူးလို့တောင် ပြောနိုင်ပါတယ်။ ဒီမိုကရေစီ စနစ်မှာ ပါတီတစ်ခုက အမတ်တစ်ယောက် ရွေးချယ်ခံရဖို့ ဆိုရင် ပြည်သူလူထု က မဲပေးမှ ဖြစ်မှာပါ။ ပြည်သူလူထုက ထောက်ခံမှ ဖြစ်မှာပါ။ အတင်းအကြပ် ဖိအားပေးလို့ အကြောက်တရားနဲ့ မဲပေးရတယ် ဆိုတာမျိုးဟာ အာဏာရှင်ခေတ်မှာ ဖြစ်နိုင်ပေမယ့် လွတ်လပ်တဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီခေတ်မှာ မဖြစ်နိုင်ပါဘူး။

ပြည်ခိုင်ဖြိုးပါတီ တည်ထောင်သူတွေဟာ အဲဒီအချက်ကို လုံး၀ နားလည်ပုံ မရသလို၊ အဲဒီနည်းနဲ့လည်း ပါတီကို လုံး၀ မတည်ဆောက်ခဲ့ပါဘူး။ ကိုယ့်ပါတီကို ဘယ်လို လူတန်းစား၊ လယ်လို လူမျိုးတွေက ထောက်ခံနိုင်မလဲ၊ သူတို့ ထောက်ခံမှုရအောင် ပါတီက ဘာတွေ လုပ်ပေးမလဲ အစရှိသဖြင့် မူဝါဒ လမ်းစဉ်ချ စည်းရုံးတာတွေ လုံး၀ မရှိခဲ့ပါဘူး။ ပါတီ တည်ဆောက်ရေးနဲ့ ပတ်သက်ရင်လည်း ပြည်သူတွေ ပါတီကို ဝင်ရင် ဘာတွေ အကျိုးအမြတ် ရနိုင်မလဲ၊ တစ်နေ့ ပါတီ ထိပ်တန်း ခေါင်းဆောင်ဖြစ်လာမလား၊ အမတ် ဖြစ်မလား၊ ပါတီ အနိုင်ရရင် ဗဟိုအစိုးရ၊ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့မှာ နေရာရမလား၊ ပြည်သူတွေကို ဘာတွေ လုပ်ပေးခွင့်ရှိမလဲ စတာတွေနဲ့ ပတ်သက်ပြီးတော့လည်း သာမန်ပါတီတွေမှာ ရှိတဲ့ မျှော်လင့်ချက်လောက်တောင် အောက်ခြေ ပြည်ခိုင်ဖြိုးပါတီဝင်တွေမှာ ရှိမနေပါဘူး။

ပြည်ခိုင်ဖြိုးထဲ ဝင်ရင် ခိုင်းတာလုပ်၊ အောက်ခြေမှာ အခွင့်အရေး နည်းနည်းပါးပါးပဲရမယ်၊ ကျန်တာ ဘာမှ မမျှော်လင့်နဲ့ ပါတီဆိုတာဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ အတွက်ပဲ၊ မင်းတို့အတွက် ဘာမှ မရှိဘူး ဆိုတဲ့ ပုံစံမျိုးနဲ့ပါ။ ဒီလိုနည်းနဲ့ ဖွဲ့စည်းထားတဲ့ အတွက် ပြည်ခိုင်ဖြိုးပါတီ ဆိုတာ အဖွဲ့ဝင် ဘယ်နှစ်သန်း ရှိတယ် ကြွေးကြော်ထားပေမယ့် တကယ့်တကယ် ပါတီဝင် စစ်စစ် သိန်းဂဏန်းတောင် မရှိလောက်ပါဘူး။ မဲပေး ထောက်ခံမယ့် ပြည်သူ ဆိုတာကတော့ ဝေလာဝေး ဆိုတဲ့ သဘော တွေ့ရမှာ ဖြစ်ပါတယ်။ တဆက်တည်း ပါတီခေါင်းဆောင် ဆိုတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ကလည်း ပါတီကို နိုင်ငံရေးအရ တည်ဆောက်ဖို့ နိုင်ငံရေးအလုပ် လုံး၀ မလုပ်ပဲ စစ်တပ်ပုံစံ အထက်ကအမိန့် အောက်က နာခံ ဆိုတာ တစ်ခုတည်း လုပ်ခဲ့ကြတာပါ။ ပြည်ခိုင်ဖြိုးပါတီ ပက်ပက်စက်စက် ရှုံးနိမ့်ခဲ့ရတာမှာ အဲဒီ အချက်က အဓိကပါ။

အဲဒါတွေ အပြင် အခြားအချက်တွေလည်း ရှိနိုင်ပါသေးတယ်။ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပါတီ ဖြစ်တယ်၊ စစ်ခေါင်းဆောင်တွေဆိုတာ သူတို့ကိုယ် သူတို့ ကြီးပွားချမ်းသာစေပြီး တိုင်းပြည်နဲ့ ပြည်သူကို ဆင်းရဲတွင်းထဲ ဆွဲချခဲ့သူတွေဖြစ်တယ်၊ စတဲ့ တစ်သက်လုံး ရှိလာတဲ့ အမုန်းတရားတွေနဲ့ မဲမပေးခဲ့တာမျိုး ပါနိုင်သလို၊ ပြည်ခိုင်ဖြိုး ခေါင်းဆောင်ပိုင်းရဲ့ အလွန်ကြီးမားတဲ့ ဂိုဏ်းဂဏ အကွဲအပြဲလို ကိစ္စမျိုးတွေကလည်း ခုလို ရှုံးနိမ့်မှုမျိုးဆီ ခေါ်ဆောင်သွားတာ ဖြစ်နိုင်ပါတယ်။ အခြား အချက်တွေလည်း ရှိနိုင်သေးသလို ဒီထက် ပိုအရေးကြီးတာက ဒီ အရှုံးဟာ ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းရဲ့ အရှုံးမဟုတ်ပဲ တပ်မတော်အတွက်ပါ အရှုံး ဖြစ်စေခဲ့တဲ့ ကိစ္စပါ။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ပြည်ခိုင်ဖြိုးပါတီကို အရင် စစ်အာဏာရှင်တွေက ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ သူတို့ကို ဆက်ခံတဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေကို ဖွဲ့စည်းပုံအရ တိုင်းပြည်ကို အုပ်ချုပ်မယ့် သမ္မတ တစ်ယောက် ရွေးချယ်ရာမှာ ကာကွယ်ရေးဦးစီးချုပ်က ၂၅ ရာခိုင်နှုန်း မဲကို ရပြီးသား၊ ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီအတွက် ရွေးကောက်ပွဲမှာ နောက်ထပ် ၂၆ ရာခိုင်နှုန်းလောက် ရအောင် ကြိုးစားပေး၊ အဲဒါမျိုး လုပ်နိုင်ရင် မင်းတို့တွေ နောင်နှစ်ပေါင်းများစွာ တိုင်အောင် တိုင်းပြည်ကို ရာခိုင်နှုန်းပြည့် စိုးမိုးအုပ်ချုပ်သွားနိုင်မယ် ဆိုတဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေကို သွတ်သွင်းပေးထားခဲ့ပါတယ်။ တပ်မတော်ခေါင်းဆောင်တွေဟာ အဲဒီ အတွေးအခေါ်တွေကို ဆုတ်ကိုင်ပြီး ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားပေးခဲ့ပါတယ်။ အရည်အချင်းရှိတဲ့ တပ်မှူးတွေကို တပ်က အတင်းအကြပ် အနားယူခိုင်းပြီး ပြည်ခိုင်ဖြိုးအမတ်တွေအဖြစ် ဝင်ပြိုင်ခိုင်းသလို တပ်မတော်သားတွေ ပြည်ခိုင်ဖြိုးကို မဲပေးအောင်လည်း နည်းအမျိုးမျိုး လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ဆုံး ဒါတွေမအောင်မြင်သလို တပ်မတော်ဘက်ကလည်း အရပ်ဘက် ရောက်သွားတဲ့ တပ်မှူးအများအပြား ဆုံးရှုံးခဲ့ပါတယ်။ အထူးသဖြင့် တပ်မတော်ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေးဘက်ကို အာရုံရောက် ခြေလှမ်းကျွံပြီး အခြား တပ်တည်ဆောက်ရေး၊ စွမ်းရည် မြှင့်တင်ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး လုပ်ကိုင်ရာမှာ လစ်ဟင်းမှုတွေ ဖြစ်စေပါတယ်။ ဒီအတွက် အကောင်းဆုံး အဖြေကတော့ တပ်မတော်အနေနဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ လုံး၀ အဆက်အသွယ် ဖြတ်ရေးပါပဲ။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့လည်း ဆက်ပြီး ရှင်သန်ချင်တယ် ဆိုရင် တပ်မတော်နဲ့ အဆက်ဖြတ်၊ နိုင်ငံရေးပါတီ တစ်ရပ်အဖြစ် ပြန်လည် တည်ဆောက်ပြီး ပြည်သူကို ရိုးရိုးသားသား စည်းရုံးဖို့ပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG