သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ် တံခါးတွေ ဖွင့်ပေးပါ


တာချီလိတ်မြို့အနီး ထိုင်း-မြန်မာနယ်စပ်ဂိတ်
တာချီလိတ်မြို့အနီး ထိုင်း-မြန်မာနယ်စပ်ဂိတ်

၂၀၁၃ ခုနှစ်ကတည်းက ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ ဆွေးနွေးနေကြတဲ့ နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ရေး၊ ဗီဇာကိုင်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့်ရရေး ကိစ္စ ပြေလည်မှု မရသေးပါဘူး။ လတ်တလော ဇန်နဝါရီလအတွင်း ထွက်ပေါ်လာတဲ့ သတင်းတစ်ရပ်မှာတော့ နှစ်နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့် ပေးကြဖို့ သဘောတူကြပေမယ့် ဗီဇာကိုင်ပြီး နယ်စပ်ဂိတ်ပေါက်တွေကနေ တဆင့် အပြန်အလှန်ဝင်ရောက်နိုင်ရေး ဆွေးနွေးနေဆဲမို့ ကြံ့ကြာနေရတာလို့ ဆိုပါတယ်။ ပြောရရင် မြန်မာနိုင်ငံသားတွေဟာ ဘယ်အိမ်နီးချင်း နိုင်ငံသားတွေနဲ့မှမတူ နယ်စပ်ကနေ ဝင်ထွက်ခွင့် ပိတ်ပင်ခံထားရတဲ့၊ ပတ်ပတ်လည် အုတ်တံတိုင်း အခတ်ခံထားရတဲ့ နိုင်ငံထဲမှာ နေထိုင်နေရဆဲ အခြေအနေပါ။ မြန်မာတွေရဲ့ နယ်စပ်ကနေ ဝင်ထွက်သွားလာခွင့် အဆင်ပြေလာနိုင်မလား၊ အဲလိုသွားလာခွင့်ရရင် ဘာအကျိုးတွေ ရှိလာနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီးဖြစ်တဲ့ အတိုင်း မြန်မာနိုင်ငံဟာ အိမ်နီးချင်း ထိုင်း၊
လာအို၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း
ထိစပ်နေတဲ့အပြင် မိုင်ပေါင်း ၁၃၀၀ လောက်ရှည်တဲ့ ပင်လယ်ကမ်းရိုးတန်းကြီးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့်လည်း နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်လာတဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ တံခါးပိတ် ပေါ်လစီကြောင့် မြန်မာနိုင်ငံသားတွေဟာ အကျဉ်းထောင်ကြီးနဲ့ တူတဲ့ နိုင်ငံမှာ နေထိုင်ရသလို ဖြစ်ခဲ့ရပါတယ်။ အစိုးရ အဆက်ဆက်ရဲ့ ကြိုးပမ်းအားထုတ်ပေးမှု မရှိတာကြောင့် မြန်မာနိုင်ငံသားတွေဟာ တရားဝင် ဗီဇာ ရယူပြီး နယ်စပ် ဝင်ပေါက်ထွက်ပေါက်တွေကနေ အိမ်နီးချင်းနိုင်ငံတွေဆီ ဝင်ထွက်သွားလာခွင့် မရကြပါဘူး။ ယာယီ လက်မှတ်လေးတွေကိုင်ပြီး နယ်စပ်မြို့လေးတွေလောက်ကိုပဲ ဝင်ထွက်သွားလာ လည်ပါတ်ခွင့်ရကြပါတယ်။

နယ်စပ် တံခါးတွေ ဖွင့်ပေးပါ
please wait

No media source currently available

0:00 0:05:29 0:00
တိုက်ရိုက် လင့်ခ်

ဒီလိုနည်းနဲ့ မြန်မာနိုင်ငံသားအားလုံးဟာ အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ၊ တရုတ် အပါအဝင် ဘယ်နိုင်ငံတွေကိုပဲ သွားလိုသည်ဖြစ်စေ ရန်ကုန်ကို လာပြီးဗီဇာလျောက်၊ ဗီဇာရရင် လေကြောင်းခရီးစဉ်တွေကနေ တဆင့်ပဲ ပြည်ပကို ထွက်ခွာကြရတာပါ။ အိမ်နီးချင်း ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံအားလုံးက ပြည်သူတွေဟာ တရားဝင် ဗီဇာ ရတယ်ဆိုရင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နယ်စပ်ကနေ ဝင်ထွက် သွားလာခွင့် ရကြတာချည်းဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေဆိုရင်တော့ နယ်စပ်မှာတင် ဗီဇာ လျောက်လို့ရတာမျိုးတောင် ရှိပါတယ်။ ဒါကြောင့်လည်း အဲဒီ နိုင်ငံသားတွေဟာ မြန်မာနိုင်ငံသားတွေထက် မျက်စေ့ပွင့်နားပွင့် ဖြစ်ကြပြီး၊ နိုင်ငံခြား ထွက်တဲ့ ကုန်ကျစားရိတ်လည်း သက်သာကြပါတယ်။

မြန်မာနိုင်ငံသားတွေ အတွက်ကတော့ တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ နေထိုင်သည်ဖြစ်စေ၊ ရှမ်းပြည်နယ် တာချီလိတ်မှာ နေထိုင်သည်ဖြစ်စေ၊ ကချင်ပြည်နယ် မြစ်ကြီးနားမှာ နေထိုင်သည်ဖြစ်စေ အားလုံးဟာ ရန်ကုန်ကို အရောက်လာ၊ ရန်ကုန်ကနေ တဆင့် လေကြောင်းခရီးနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာကြရပါတယ်။ ပြောရရင် ကုန်ကျစားရိတ် အလွန်ကြီးပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ကနေ နိုင်ငံတကာကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း ၂၂ လိုင်းရှိပြီး ၇ လိုင်းဟာ ထိုင်းနိုင်ငံ ဘန်ကောက် သုဝဏ္ဍဘုမ္မိ လေဆိပ်၊ ဒွန်မောင်းလေဆိပ် နဲ့ ချင်းမိုင် လေဆိပ်ကို ပြေးဆွဲကြတာပါ။

မြန်မာနိုင်ငံရဲ့ ပြည်ပ ခရီးစဉ် အများစုဟာ ထိုင်းနိုင်ငံကိုဖြစ်ပြီး အဲဒီကမှ တဆင့် အခြား နိုင်ငံတကာကိုပါ ဆက်ပြီး ခရီးဆက်ကြတဲ့အတွက် မြန်မာခရီးသည်တွေနဲ့ ပါတ်သက်ရင် ထိုင်းလေကြောင်းလိုင်းတွေနဲ့ ထိုင်းလေဆိပ်တွေဟာ အကျိုးအမြတ် အများဆုံး ရနေတာ တွေ့ကြရမယ် ဖြစ်ပါတယ်။ ဒီအကျိုးအမြတ်တွေကို လက်မလွှတ်ချင်တဲ့အတွက် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံသားတွေ တရားဝင် ဗီဇာကိုင်ပြီး နယ်စပ်ကနေ ဝင်ထွက်ဖို့ ခွင့်မပြုလိုတာလား စဉ်းစားစရာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို လာရောက်ပြေးဆွဲတဲ့ လေကြောင်းလိုင်း မစုံတာ၊ တစ်ချို့ တစ်ပါတ် တစ်ရက်လောက်ပဲ ပြေးဆွဲတာတွေကြောင့် ခရီးဝေးသွားမယ့် မြန်မာနိုင်ငံသားတွေ အချိန်ပိုကုန်၊ ငွေပိုကုန်တာမျိုးတွေလည်း ကြုံနေကြရပါတယ်။ ဥပမာ အိန္ဒိယနိုင်ငံ နယူးဒေလီကိုသွားမယ့် မြန်မာနိုင်ငံသားတစ်ယောက်ဟာ ထိုင်း၊ စင်ကာပူ၊ မလေးရှား လေကြောင်းလိုင်း တစ်ခုခုကိုစီး၊ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူကို အရင်သွားပြီး အဲဒီကမှ တဆင့် နယူးဒေလီကို သွားရလေ့ရှိပါတယ်။ ပြောရရင် အဲဒီ နိုင်ငံတစ်ခုကိုကို အရင်သွား၊ နောက် လေယာဉ်ဟာ မြန်မာနိုင်ငံကောင်းကင်ကို တစ်ခါ ဖြတ်ပြီးမှ ပျံသန်းတဲ့ အတွက် မလိုအပ်ပဲ မိုင်ပေါင်းများစွာ ပိုသွားရ၊ ငွေကုန်ကြေးကျလည်း အလွန်များပါတယ်။ ဥရောပ ဘက် သွားသူတွေလည်း အဲလို ကြုံကြရတာတာပါပဲ။

၂၀၁၃ ခု နှစ်ကုန်ပိုင်းက မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ အစိုးရတွေဟာ နိုင်ငံခြားသားတွေအနေနဲ့ ဗီဇာ ကိုင်ပြီး နယ်စပ်ကနေ တဆင့် အပြန်အလှန် ဝင်ထွက်ခွင့် ပြုတဲ့ အစီအစဉ် တစ်ရပ် စ တင်ခဲ့ပါတယ်။ အဲဒီ ဝင်ထွက်ခွင့် ဖွင့်ပွဲ အခန်းအနား လုပ်စဉ်တုန်းက ထိုင်း-မြန်မာနယ်စပ် မြဝတီ- မဲဆောက် ချစ်ကြည်ရေးတံတားမှာ မြန်မာနိုင်ငံသားတွေလည်း ထိုင်းဗီဇာ ရယူပြီး နယ်စပ်ကနေ ဝင်ထွက်နိုင်ပြီလို့ ကြေငြာခဲ့ပါတယ်။ အလားတူ အစိုးရပိုင် သတင်းစာတွေမှာလည်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ အဲဒီ နယ်စပ်ဝင်ပေါက်တွေကို နိုင်ငံခြားသားတွေလောက်ပဲ အသုံးပြုနိုင်ပြီး မြန်မာနိုင်ငံသားတွေကတော့ ဝင်ထွက်ခွင့် မရခဲ့ပါဘူး။ အကြောင်းကတော့ ရန်ကုန်မြို့က ထိုင်းနိုင်ငံသံရုံးဟာ ဗီဇာ သွားယူတဲ့ မြန်မာနိုင်ငံသားတွေ အားလုံးကို ကြိုတင် ဝယ်ယူပြီးသား လေယာဉ်လက်မှတ် မပြနိုင်ရင် ဗီဇာ ထုတ်မပေးတာကြောင့် မြန်မာတွေ နယ်စပ်ဂိတ်ပေါက် အသုံးပြုလို့ မရတာ ဖြစ်ပါတယ်။

တကယ်ဆိုရင် တစ်ချို့နယ်စပ်မြို့တွေဟာ ရန်ကုန်ကိုလာဖို့ အလွန်ခက်သလောက် တစ်ဖက်နိုင်ငံကို သွားဖို့ အလွန်လွယ်ကူပါတယ်။ ဥပမာ တနင်္သာရီတိုင်း ကော့သောင်း၊ ကရင်ပြည်နယ် မြဝတီ၊ ရှမ်းပြည်နယ် တာချီလိတ်၊ ရှမ်းပြည်နယ် မူဆယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က နယ်စပ်မြို့တွေ ဖြစ်ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံ သံရုံးတွေက ဗီဇာ ရယူပြီး နယ်စပ်ကနေ တစ်ဖက်နိုင်ငံတွေကို တရားဝင် လွတ်လွတ်လပ်လပ် သွားခွင့်ရမယ် ဆိုရင် အသိအမြင် ဗဟုသုတ အများကြီး တိုးပွားလာမယ့် အပြင် ကုန်သွယ်စီးပွားရေး လုပ်ငန်းတွေအတွက်လည်း ဒီထက် မျက်စေ့ပိုပွင့်လာ၊ ဒီထက် ပိုလုပ်ကိုင်လာနိုင်မှာ အသေအခြာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေ ဗီဇာကိုင်ပြီး နယ်စပ်ကနေ ဝင်ထွက်ခွင့်ရရေး၊ တံတိုင်းတွေ ကာရံထားတယ် ဆိုတဲ့ အခြေအနေမျိုးကနေ လွတ်မြောက်ရေး သက်ဆိုင်ရာ နိုင်ငံတွေနဲ့ သဘောတူညီချက်ရအောင် ဆွေးနွေးပေးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG