လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုင်ရာ ပြသနာပေါင်းစုံနဲ့ အကြပ်အတည်းတွေ ကြုံတွေ့နေရချိန် မြွေပူရာ ကင်းမှောင့်ဆိုသလို တစ်ပြိုင်နက်တည်း ဖြစ်လာတဲ့ ပြသနာ တစ်ခုကတော့ ဘဏ်တစ်ချို့ ပြိုလဲတော့မယ် ဆိုပြီး ပြည်သူတွေက အပ်နှံငွေ ထုတ်ယူနေကြတဲ့ ကိစ္စနဲ့ မြန်မာကျပ်ငွေ တန်ဘိုး အလျင်အမြန် ကျဆင်းလာနေတဲ့ ပြသနာတွေပဲ ဖြစ်ကြပါတယ်။ ဒီ ပြသနာတွေကို တစ်ခုချင်း ကောင်းကောင်းမွန်မွန် မဖြေရှင်းနိုင်ရင် တိုင်းပြည်အတွက် နိုင်ငံရေး၊ စီးပွားရေး အထွေထွေ အကြပ်အတည်း အခြေအနေမျိုးအထိ ဆိုက်ရောက်သွားနိုင်ပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဘဏ်နဲ့ ငွေရေးကြေးရေး ဆိုင်ရာ ပြသနာတွေက ဘာတွေလဲ၊ ပြသနာ အတိမ်အနက် ဘယ်လောက် အထိ ရှိနေသလဲ၊ ဒါတွေကို သက်ဆိုင်ရာ ဗဟိုဘဏ်နဲ့ အစိုးရအဖွဲ့က ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်ပါ့မလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လတ်တလော ဖြစ်ပေါ်နေတဲ့ ပြသနာကတော့ ပုဂ္ဂလိက ဘဏ်တစ်ချို့ ပြိုလဲတော့မယ် ဆိုတဲ့ ကောလဟာလတွေ ထွက်ပြီး ငွေအပ်နှံထားသူတွေ သွားရောက် ထုတ်ယူနေကြတာပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ငွေရင်းအတောင့်ဆုံး၊ ဆက်သွယ်သူ ဖေါက်သည် အများဆုံး၊ အောင်မြင်မှု အရဆုံး ကမ္ဘောဇ ဘဏ်တွေမှာ ဖြစ်ခဲ့တာပါ။ ဒါနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် တာဝန်ရှိသူတွေကရော ကမ္ဘောဇဘဏ် တာဝန်ရှိသူတွေကပါ ရှင်းကြလင်းကြပါတယ်။ ကောလဟလ တွေ မမှန်တဲ့အကြောင်း၊ ဗဟိုဘဏ် အနေနဲ့ ဘယ် ပုဂ္ဂလိက ဘဏ် တစ်ခုခုကိုမှ ပိတ်သိမ်းမှာ မဟုတ်တဲ့အကြောင်း၊ ဘဏ် တစ်ခုခု အခက်အခဲ ပြသနာ ပေါ်လာရင်လည်း အဲဒီ ဘဏ်တွေဟာ ဗဟိုဘဏ် စည်းမျဉ်းစည်းကမ်းတွေ အောက်မှာ လည်ပတ်နေတာ ဖြစ်တဲ့ အတွက် ဗဟိုဘဏ်ကနေ အပြည့်အ၀ ကူညီပေးနိုင်တဲ့ အခြေအနေရှိကြောင်း သတင်းထုတ်ပြန်ကြပါတယ်။
တကယ်တော့ ပြည်သူတွေဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပြိုလဲခဲ့တဲ့ ပုဂ္ဂလိက ဘဏ်တွေပြသနာကို အခြေခံထား စဉ်းစားစိုးရိမ်ပြီး ခုလို အပ်နှံငွေတွေ ထုတ်ယူနေကြတာပါ။ ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ အဲဒီလို ကမ္ဘောဇ ဘဏ်ကနေ ငွေထုတ်ယူခဲ့သူ အများစုဟာ အစိုးရ မြန်မာ့စီးပွားရေး ဘဏ်တွေမှာ ပြောင်းလဲ အပ်နှံနေကြတဲ့ သတင်းပါ။ ဒီ သတင်းအရ ပြည်သူတွေဟာ ဘဏ်တစ်ခုကနေ အပ်နှံငွေတွေကို ပြန်ပြီး ထုတ်ယူနေပေမယ့် အခြား ဘဏ်တစ်ခုခုမှာ ပြန်အပ်တယ် ဆိုတာကြောင့် ဘဏ်တွေအားလုံးကို ထိန်းကွပ်နေရတဲ့ ဗဟိုဘဏ်အတွက် ဘာ ပြသနာမှ အထူးအထွေ ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။ တကယ်လို့ အပ်ငွေ ပြန်ထုတ်တာများလို့ အခြေအနေယိုင်သွားနိုင်တဲ့ ဘဏ်တွေကို ကျောထောက်နောက်ခံ ပြုပေးဖို့ ငွေကြေး အလုံအလောက် ရှိနေလို့ပဲ ဖြစ်ပါတယ်။
ဒီ ပြသနာထက် အရေးကြီးတာ မြန်မာကျပ်ငွေ မတည်မငြိမ် ဖြစ်နေပြီး တန်ဘိုးလည်း အလျင်အမြန် ကျဆင်းနေတဲ့ ကိစ္စပါ။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရင် မြန်မာကျပ်ငွေ တန်ဘိုးဟာ ၁၃၀၀ ဝန်းကျင်နီးပါး အထိ ကျဆင်းသွားတာ တွေ့နိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာကာစက တစ်ဒေါ်လာ ကျပ် ၈၀၀ စွန်းစွန်းရှိနေရာကနေ တွက်ရင် ၆၀ ရာခိုင်နှုန်း ကျော်အထိ အလွန်အမင်း စံချိန်တင် တန်ဘိုးကျသွားတာ ဖြစ်လို့ အတော်လေးကို စိုးရိမ်ဖို့ကောင်းပါတယ်။ အဓိပ္ပါယ်ကတော့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာကျပ်ငွေနဲ့ ဘဏ်စာရင်းရှိသူ၊ စုဆောင်းထားသူ၊ ပိုင်ဆိုင်သူတွေရဲ့ ငွေ ၆၀ ရာခိုင်နှုန်းအထိ အသားလွတ်ဆုံးရှုံးသွားရတယ်ဆိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။
အခုလို မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းတာနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်က ဦးဆက်အောင် အပါအဝင် တာဝန်ရှိသူတွေက ရှင်းကြ လင်းကြပါတယ်။ သူတို့ အဆိုအရ ကမ္ဘာမှာကို အမေရိကန် ဒေါ်လာဈေး မြင့်တက်လာတာ ဖြစ်တဲ့အတွက် အဲဒီ ဒါဏ်ကို မြန်မာနိုင်ငံက ခံရပြီး မြန်မာကျပ်ငွေ တန်ဘိုးလည်း ကျဆင်းရတာလို့ ဆိုပါတယ်။ တကယ့်တကယ် အဲဒီအဖြေ အပြည့်အ၀ မမှန်ကန်ပါဘူး။ လွန်ခဲ့တဲ့ ၆ လ ဝန်းကျင် ၂၀၁၅ ဖေဖေါ်ဝါရီ ဒုတိယ အပါတ်က အမေရိကန် တစ်ဒေါ်လာရဲ့ တန်ဘိုးဟာ မြန်မာကျပ်ငွေ ၁၀၃၅ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ကျပ် ၇၆၀၊ တစ်ယူရို ကျပ် ၁၁၆၀၊ ထိုင်းတစ်ဘတ် ၃၁ကျပ်၊ တရုတ်တစ်ယွမ် ၁၆၅ ကျပ် ဝန်းကျင်စီ ဈေးပေါက်ပါတယ်။ လက်ရှိ သြဂုတ်လ ၂၀ ရက်ပေါက်ဈေးမှာတော့ အမေရိကန် တစ်ဒေါ်လာ ကျပ် ၁၃၀၀၊ စင်ကာပူ တစ်ဒေါ်လာ ကျပ် ၉၂၀၊ တစ်ယူရို ကျပ် ၁၄၂၀၊ ထိုင်းတစ်ဘတ် ၃၇ကျပ်၊ တရုတ်တစ်ယွမ် ကျပ် ၂၀၀ ဝန်းကျင် ဈေးပေါက်လာပါတယ်။
အဓိပ္ပါယ်ကတော့ ၆ လအတွင်း မြန်မာကျပ်ငွေ တန်ဘိုးဟာ ဒေါ်လာနဲ့ နှိုင်းရင် ၂၆ ရာခိုင်နှုန်း၊ စင်ကာပူဒေါ်လာနဲ့ နှိုင်းရင် ၂၁ ရာခိုင်နှုန်း၊ ယူရိုငွေနဲ့ နှိုင်းရင် ၂၂ ရာခိုင်နှုန်း၊ ထိုင်းဘတ်နဲ့ နှိုင်းရင် ၁၉ ရာခိုင်နှုန်း၊ တရုတ်ယွမ်ငွေနဲ့ နှိုင်းရင် ၂၂ ရာခိုင်နှုန်း ကျဆင်းလာတာပါ။ အကြမ်းဖျဉ်းတွက်ရင် မြန်မာကျပ်ငွေ တန်ဘိုးဟာ ဒေါ်လာနဲ့ နှိုင်းရင် ၂၆ ရာခိုင်နှုန်းဝန်းကျင်၊ အခြားငွေကြေးတွေနဲ့ နှိုင်းရင် ပျမ်းမျှ ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့တာပါ။ ဒါကိုကြည့်ရင် ဦးဆက်အောင်နဲ့ ဗဟိုဘဏ်တာဝန်ရှိသူတွေ ရှင်းလင်းချက် အပြည့်အ၀ မမှန်ဘူးဆိုတာ တွေ့နိုင်ပါတယ်။ တကယ်တော့ ၆ လအတွင်း မြန်မာကျပ်ငွေ တန်ဘိုး ဒီလောက် ကျဆင်းသွားတယ် ဆိုတာ ပမာဏ အလွန်များပါတယ်။ လတ်တလော ပြည်သူတွေ အနေနဲ့ ဘဏ်မှာ ငွေသွားအပ်ထားရင် တစ်နှစ် ၁၀ ရာခိုင်နှုန်းအောက်ပဲ အတိုးရပါတယ်။ လက်ရှိ ကျပ်ငွေတန်ဘိုးကျဆင်းမှုကို ကြည့်ရင် ဗဟိုဘဏ်ရဲ့ အတိုးနှုန်းဟာ ငွေဖေါင်းပွမှု နှုန်းကို လိုက်မမီဘူးဆိုတာ ထင်ရှားပါတယ်။ ဒီအတွက် ပြည်သူတွေဟာ သူတို့ ပိုင်ဆိုင်မှုတွေကို တန်ဘိုး မကျဆင်းအောင် ကာကွယ်ဖို့ အတွက် ကျပ်ငွေကို စုဆောင်းသိမ်းဆည်းရမယ့် အစား အခြား ဒေါ်လာ၊ နိုင်ငံခြားငွေကြေး တစ်ခုခု ဒါမှမဟုတ် ရွှေနဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုခုဘက်ကို ခြေဦးလှည့်မှာကတော့ အသေအခြာပါပဲ။ ဒီအခါ ဒေါ်လာ၊ နိုင်ငံခြားငွေ နဲ့ ရွှေဝယ်လိုအားများပြီး နိုင်ငံခြားငွေ တန်ဘိုးတွေ မြင့်တက်၊ ကျပ်ငွေ တန်ဘိုးတွေကျ ဆိုတဲ့ အခြေအနေ ဝဲသြဂ ထဲကို ရောက်သွားမှာလည်း မလွဲပါဘူး။
ပြသနာကိုဆန်းစစ်ကြည့်ရင် ဒေါ်လာနဲ့ နိုင်ငံခြားငွေကြေး ဈေးနှုန်းမြင့်တက်မှု၊ မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းမှုဟာ ဒီ တစ်ချက်တည်းကြောင့် ဖြစ်တာတော့ မဟုတ်ပါဘူး။ အစိုးရရဲ့ ဘတ်ဂျက်လိုငွေ ပြမှု၊ ကုန်သွယ်ရေးမှာ လိုငွေ အကြီးအကျယ် ပြမှုတွေဟာ ပြသနာရဲ့ အရင်းအမြစ်တွေ ဖြစ်ကြောင်း သမ္မတရဲ့ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က တရားဝင် ထောက်ပြထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာကျပ်ငွေ တန်ဘိုးကျဆင်းမှုဟာ ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေရဲ့ နေ့စဉ်နေထိုင်မှု ဘ၀ ကို ရိုက်ခတ်တဲ့ ကြီးမားတဲ့ ပြသနာကြီးတစ်ခုလည်း ဖြစ်ပါတယ်။
ဘဏ်တွေရဲ့ ကောလဟလ ပြသနာကို ဖြေရှင်းဖို့ မခက်ပေမယ့် ကျပ်ငွေတန်ဘိုးကျတဲ့ ပြသနာကြီးဖြေရှင်းဖို့အတွက်ကတော့ ဖြတ်လမ်းနည်း၊ ဆေးမြီးတို နည်းတော့ မရှိပါဘူး။ ပြသနာ အရေးကြီးရင် အရေးကြီးသလို အစိုးရဟာ အရေးပေါ် အစည်းအဝေးလိုမျိုး ခေါ်ယူပြီး ဘတ်ဂျက် လျော့ချ ဖြတ်တောက်တာမျိုး လုပ်ရပါလိမ့်မယ်။ ကုန်သွယ်ရေး လိုငွေပြမှုကို လျော့ချနိုင်မယ့် နည်းလမ်းတွေ ရှာဖွေ အကောင်အထည် ဖော်ရပါလိမ့်မယ်။ အခြားတစ်ဖက်ကလည်း ကျပ်ငွေ တန်ဘိုး တည်ငြိမ်ရေး ဗဟိုဘဏ်ကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးတာမျိုး လုပ်ရပါလိမ့်မယ်။ ဒေါက်တာဦးမြင့် အကြံပြုသလို ဗဟိုဘဏ်အတွက် နိုင်ငံခြားသား ပညာရှင်တွေပါတဲ့ အကြံပေး အဖွဲ့ဖွဲ့တာ၊ အရည်အချင်းရှိတဲ့ မြန်မာလူမျိုးကို ဗဟိုဘဏ်ဥက္ကဌ အဖြစ် ပြောင်းလဲ ခန့်အပ်တာမျိုးတွေ အပါအဝင် ကျပ်ငွေတန်ဘိုး တည်ငြိမ်ရေး ကုစားနိုင်မယ့် လုပ်ငန်းအားလုံး အမြန် အကောင်အထည် ဖော်ဖို့ လိုနေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။