သုံးရလွယ်ကူစေသည့် Link များ

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးကို ဘယ်လို ဆောင်ကျဉ်းပေးနိုင်မလဲ


ဒေါ်အောင်ဆန်းစုကြည် မြန်မာနှစ်သစ်ကူး မိန့်ခွန်းပြောကြားနေစဉ် (ဧပြီလ ၁၈ ရက်)
ဒေါ်အောင်ဆန်းစုကြည် မြန်မာနှစ်သစ်ကူး မိန့်ခွန်းပြောကြားနေစဉ် (ဧပြီလ ၁၈ ရက်)

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကို နှစ်သစ်ကူး မိန့်ခွန်း ပြောခဲ့ပါတယ်။ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းတွေ လို အကြောင်းအရာ စုံလင်ပါတယ်။ ဒီအထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး ဆိုင်ရာ ကိစ္စလည်း ပါပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း သမ္မတ ဦးသိန်းစိန် အစိုးရဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် ကြိုးစား အကောင်အထည် ဖော်ခဲ့ပေမယ့် ခရီးလမ်းဆုံးထိ မရောက်ခဲ့ပါဘူး။ ဒါ့အပြင် လက်ရှိ အခြေအနေ ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ ရခိုင် AA တပ်ဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ အလားတူ ကချင်ပြည်နယ်မှာလည်း ကေအိုင်အေ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး၊ ရှမ်းပြည်နယ်မှာလည်း SSPP/SSA ရှမ်းပြည် မြောက်ပိုင်း တပ်မတော်နဲ့ အခြေအနေတွေ တင်းမာနေပါတယ်။ ဒီ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဘယ်လို အကောင်အထည် ဖော်မှာပဲလဲ၊ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နိုင်ပါသလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့ပါတယ်။ “ငြိမ်းချမ်းရေးအကြောင်းပြောနေတဲ့ တစ်ချိန်တည်းမှာ ကျွန်မပြောချင်တာဟာ ကျွန်မတို့ဟာ အရင်အစိုးရရဲ့လုပ်ရပ်တွေအားလုံးကို ပစ်ပယ်တဲ့စိတ်ဓာတ် မရှိပါဘူး။

အကောင်းတွေလုပ်ခဲ့တာကို ကျွန်မတို့ အသိအမှတ်ပြုပါတယ်။ ဒီဟာတွေပေါ် မှာ ဆက်ပြီးတော့ ဆောက်တည်သွားပါမယ်။ ဒါကြောင့်မို့လို့ ပြည် တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးစတင်ပြီးတော့ လုပ်ခဲ့တဲ့အတွက် ကျွန်မတို့ဒါကို အများကြီးတန်ဖိုးထားပါတယ်။ ဒီအပစ် အခတ်ရပ်စဲရေးဟာ ပြီးမြောက်အောင်လို့ အားလုံးပါဝင်သင့်တဲ့အဖွဲ့အစည်း များပါဝင်အောင်လို့ ကျွန်မတို့ဆက်ပြီးတော့ ကြိုးစားပါမယ်။ ငြိမ်းချမ်းရေးညီလာခံများကနေတစ်ဆင့် ကျွန်မတို့နိုင်ငံသူနိုင်ငံသားများအားလုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်ဖို့အတွက် ကျွန်မတို့ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါ တယ်။”

တိုက်ရိုက် လင့်ခ်

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဒီတစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားခဲ့တာတွေဟာ ထူးခြားပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အရင်တုန်းကတော့ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့က အကောင်အထည် ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အတိအလင်း ထောက်ခံပြောဆိုတာမျိုး မရှိခဲ့သလို၊ သိပ်ပြီး စိတ်ဝင်စားပုံတောင် မပြပါဘူး။ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ MPC ကနေ တစ်လ တစ်ခါ လုပ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုပြတဲ့ ပွဲတွေ တက်ဖို့တောင် လူလွှတ်ခဲ့တာမျိုး မရှိပါဘူး။ နောက်ပိုင်း လူပြောသူပြော များလာတဲ့အခါကျမှ တစ်ခါတစ်ရံ ဦးဉာဏ်ဝင်း၊ တစ်ခါတစ်ရံ ဦးထွန်းထွန်းဟိန်တို့ကို တက်ရောက်စေတာမျိုး လုပ်ခဲ့ပါတယ်။ အလားတူ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်ထိုးပြီးနောက် စာချုပ်ပါ အချက်တွေကို အကောင်အထည်ဖော်တဲ့ဆီမှာလည်း သိပ်ပြီး တက်တက်ကြွကြွ ပါဝင်တာ မတွေ့ရသလို၊ သမ္မတဦးသိန်းစိန်ရဲ့ အစိုးရသက်တမ်း နောက်ဆုံးကာလမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ညီလာခံကိုတောင် စတိသဘော သာသာလောက် ကိုယ်စားလှယ် တစ်ချို့ စေလွှတ်တာမျိုးပဲ ရှိခဲ့တာပါ။

တကယ်တော့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ဟာ သူတို့သက်တမ်းမှာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲနိုင်အောင် ချဉ်းကပ်နည်း မျိုးစုံနဲ့ ကြိုးစားခဲ့တာ တွေ့နိုင်ပါတယ်။ ရှေ့ ဘယ်အာဏာရှင် အစိုးရတွေကမှ မလုပ်ကိုင်ခဲ့တဲ့ ချဉ်းကပ်နည်းမျိုးတွေနဲ့ပါ။ လက်နက်ကိုင် တိုင်းရင်းသားတွေ အနေနဲ့ သူတို့ချင်း စုဖွဲ့ စည်းဝေးချင်တယ် ဆိုရင်လည်း အကူအညီပေးခဲ့ပါတယ်။ မြို့ပေါ်က တိုင်းရင်းသားတွေနဲ့ တွေ့ဆုံလိုတယ် ဆိုရင်လည်း တွေ့ဆုံခွင့်ပေးခဲ့တာပါပဲ။ စုဖွဲ့ပြီးမှ ဆွေးနွေးလိုတယ် ဆိုတော့လည်း အစုအဖွဲ့ဖြစ်လာအောင် အကူအညီ ပေးခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှလို့သာ တစ်တိုင်းပြည်လုံး အသွင်ဆောင်တဲ့ အပစ်အခတ် ရပ်စဲရေး မဖြစ်လိုက်သလို၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေလည်း တန့်သွားခဲ့ရတာ ဖြစ်ပါတယ်။

နဂိုတုန်းကတော့ အင်န်အယ်လ်ဒီဟာ အစိုးရဖွဲ့ပြီးရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်မယ် ဆိုတာလောက် ပြောပြီး အခြားဘာမှ မယ်မယ်ရရ လုပ်ငန်းစဉ်၊ လမ်းစဉ် ချပြတာ မတွေ့ရပါဘူး။ အခု သမ္မတ ဦးသိန်းစိန် လက်ထက် လုပ်ခဲ့တာတွေကို အသိအမှတ်ပြုတယ်၊ တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ်မှာ လက်မှတ် မထိုးရသေးတဲ့သူတွေ ပါဝင် လက်မှတ်ထိုးလာအောင် လုပ်မယ်၊ နောက်တော့ သမ္မတ ဦးသိန်းစိန် လက်ထက်က စ ထားခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံတွေ ဆက်လုပ်သွားပြီး အဲဒီကမှ တဆင့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်အောင် ကြိုးစားသွားမယ် ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အရင် သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ရာမှာ တိကျတဲ့ လုပ်ငန်းလမ်းစဉ်ကို ချမှတ် အကောင်အထည် ဖော်ခဲ့တာ တွေ့နိုင်ပါတယ်။ ပထမ အဆင့် တစ်တိုင်းပြည်လုံး ဆိုင်ရာ အပစ်ရပ် စာချုပ် တစ်ခု ရအောင်ကြိုးစားမယ်၊ အားလုံး လက်မှတ်ထိုးပြီးရင် အပစ်ရပ် ခိုင်မြဲအောင် လုပ်မယ်၊ ဒုတိယ အဆင့် အပစ်ရပ်စာချုပ်မှာပါတဲ့ အချက်တွေကို ဆက်ပြီး အကောင်အထည် ဖော်မယ်၊ ငြိမ်းချမ်းရေး ညီလာခံတွေ ကျင်းပမယ်၊ ငြိမ်းချမ်းရေး ညီလာခံကနေ သဘောတူ ချမှတ်လိုက်တာတွေကို လွှတ်တော်ကို တင်ပြပြီး အတည်ပြုမယ်၊ တတိယ အချက် အတည်ပြုချက်နဲ့ အညီ ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်သွားမယ် ဆိုတဲ့ လုပ်ငန်း လမ်းစဉ် ဖြစ်ပါတယ်။

လုပ်ငန်းလမ်းစဉ် ဆိုပေမယ့် တစ်ဆင့်ချင်းမှာ လုပ်ရကိုင်ရတာ လွယ်ကူတာမျိုးတော့ မဟုတ်ပါဘူး။ စစချင်းမှာတင် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း များစွာနဲ့ အကြိမ်ပေါင်း ရာချီအောင် တွေ့ဆုံ၊ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုတည်ဆောက်ရတာမျိုး ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုဆို အဲဒီတာဝန် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပုခုံး ပေါ်ကို ရောက်လာပါပြီ။ တိုင်းရင်းသား ပြည်သူအားလုံးက မျှော်လင့်နေကြသလို၊ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဘက်ကလည်း စောင့်ကြည့်နေကြပါတယ်။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဟာ တစ်တိုင်းပြည်လုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲနိုင်ရေး၊ အပစ်အခတ် ရပ်စဲထားတဲ့ အခြေအနေအောက်မှာ အပစ်ရပ် ခိုင်မာအောင် လုပ်ရေး၊ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုက်လာအောင် လုပ်ရေး၊ ဒုက္ခသည်တွေ နေရပ် ပြန်လာရေး၊ ပြန်လည် ထူထောင်ရေး၊ မိုင်းရှင်းလင်းရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပရေး ၊ ဆွေးနွေးပွဲရလာဒ်တွေကို ဖွဲ့စည်းပုံမှာ ပြုပြင်နိုင်ရေး စတဲ့ စတဲ့ အချက်တွေ ပါဝင်တဲ့ တိကျတဲ့ လုပ်ငန်းလမ်းစဉ်တွေ ချမှတ်၊ ထုတ်ပြန်၊ အကောင်အထည် ဖော်ဖို့ လိုအပ်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လဒ်ဒီဟာ ပြည်တွင်းငြိမ်းချမ်းရေးကို အလွန်လိုလားတဲ့ ခေါင်းဆောင်နဲ့ အဖွဲ့အစည်းဆိုတာ ပြည်သူတွေကရော နိုင်ငံတကာကပါ ယုံကြည်ထားကြပါတယ်။ ဒါကို မှန်ကန်တဲ့ လုပ်ငန်းလမ်းစဉ် ချမှတ်မှု အကောင်အထည် ဖော်နိုင်တဲ့ အရည်အချင်းရှိမှုတွေနဲ့ ပေါင်းစပ်ရင် ငြိမ်းချမ်းရေး မလွဲမသွေ ရလာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG