ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လာမယ့် ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့မှာ လွှတ်တော် အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေးမယ်လို့ တရားဝင် ထုတ်ပြန်ကြေငြာပေးလိုက်ပါပြီ။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း နိုင်ငံ တစ်နိုင်ငံမှာ ရွေးကောက်ပွဲ တစ်ခု ကျင်းပတော့မယ်ဆိုရင် မီဒီယာ ကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံလို အသွင်ကူးပြောင်းရေး လုပ်နေရတဲ့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမှု မရှိတာ ကာလ ကြာမြင့်နေပြီဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံအတွက် မီဒီယာ အခန်းကဏ္ဍဟာ ပိုလို့တောင် အရေးကြီးပါတယ်။ လက်ရှိ မြန်မာနိုင်ငံထဲက မီဒီယာတွေဟာ လာမယ့် ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး အတွက် ဘယ်လောက် အဆင်သင့်ဖြစ်နေပြီလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ရွေးကောက်ပွဲ တစ်ခု ကျင်းပတော့မယ် ဆိုတဲ့အခါ ဘယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ကျင်းပတာလဲ၊ ကိုယ်မဲပေး ရွေးချယ်လိုက်တဲ့ သူတွေဟာ ဘာတာဝန်တွေ ထမ်းဆောင်ခွင့်ရမှာလဲ၊ မဲပေး ရွေးချယ်ဖို့ ဖန်တီးထားတဲ့ စနစ်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ စနစ် ဟုတ်သလား မဟုတ်ဘူးလား၊ ကိုယ်မဲပေးရမယ့်သူတွေဟာ ဘယ်သူတွေလဲ၊ သူတို့ ဘယ်ပါတီကလဲ၊ သူတို့နဲ့ သူတို့ ပါတီနောက်ကြောင်း ဘယ်လိုရှိသလဲ၊ မဲပေးတဲ့အခါ လူဘယ်နှစ်ယောက်လောက်ကို မဲပေးရမှာလဲ၊ ဘယ်နည်းဘယ်ပုံ မဲပေးရမှာလဲ၊ မဲတွေကို ဘယ်လို ရေတွက်ကြမှာလဲ၊ မဲပေးပွဲတွေ ပြီးတဲ့နောက် လွှတ်တော်တွေ ဘယ်လို ပေါ်ပေါက်လာမှာလဲ၊ အစိုးရအဖွဲ့ ဘယ်လို ဖွဲ့ကြမှာလဲ စသဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ် အားလုံး ပြည်သူတွေ သိသင့်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံလို ပညာရေး နိမ့်ကျနေပြီး သတင်းအချက်အလက် အလွယ်တကူ မရနိုင်တဲ့ တိုင်းပြည် တစ်ပြည်အတွက် မီဒီယာရဲ့ အခန်းကဏ္ဍဟာ ပိုပြီး အရေးကြီးပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေကို ပြည်သူတွေဆီ ပို့နိုင်ဖို့ရာ ရုပ်သံ၊ ရေဒီယို၊ ပုံနှိပ် နဲ့ အင်တာနက် အွန်လိုင်း ဆိုပြီး မီဒီယာ အမျိုးအစား လေးမျိုး အသုံးပြုနိုင်ပါတယ်။ အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း မီဒီယာထဲမှာ စွမ်းပကား အကြီးဆုံးလို့ ဆိုနိုင်တဲ့ ရုပ်သံ ထုတ်လွှင့်ခွင့် နဲ့ ရေဒီယို ထုတ်လွှင့်ခွင့် လုပ်ငန်း အားလုံးဟာ အစိုးရ၊ တပ်မတော်နဲ့ ခရိုနီ တစ်စုရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။ မြန်မာနိုင်ငံလို လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ၊ ပုံနှိပ်မီဒီယာ သတင်းစာ၊ ဂျာနယ်တွေကို ငွေကုန်ကြေးကျ ခံပြီး ဝယ်ယူဖို့ မတတ်နိုင်ကြသူတွေ များတဲ့ တိုင်းပြည်မှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးတဲ့ လုပ်ငန်းကို အလုပ်နိုင်ဆုံးဟာ ရုပ်သံ နဲ့ ရေဒီယိုပဲ ရှိပါတယ်။
ဒါပေမယ့် ရုပ်သံနဲ့ ရေဒီယိုလုပ်ငန်းကို ဒီနေ့အချိန်ထိ ပုဂ္ဂလိက ပြည်သူတွေက လုံး၀ လုပ်ကိုင်ခွင့်မရှိ သလို အစိုးရထိန်းချုပ်မှုအောက်က ရုပ်သံနဲ့ ရေဒီယို တွေကလည်း ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းကို ထိထိရောက်ရောက် လုပ်ကိုင်ကြမှာ မဟုတ်ပါဘူး။ လက်ရှိ အချိန်ထိလည်း လုပ်ကိုင်နေကြတာ မတွေ့ရပါဘူး။ ဥပမာအားဖြင့် တိုင်းပြည်ရဲ့ အထွတ်အထိပ် ရာထူးဖြစ်တဲ့ သမ္မတ ရွေးချယ်ရာမှာ ပြည်သူတွေရွေးကောက်တဲ့ အမတ် ၇၅ ရာခိုင်နှုန်းနဲ့ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်း ပေါင်းပြီး ရွေးကြလိမ့်မယ်၊ ဒါကြောင့် တပ်မတော်နဲ့ ပူးပေါင်းထားတဲ့ နိုင်ငံရေးပါတီ တစ်ခုခုဟာ ရွေးကောက်ပွဲမှာ အသာစီးရနိုင်တယ်၊ ဒါကြောင့် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်ဘူး ဆိုတာမျိုး ပွင့်ပွင့်လင်းလင်း အမှန်အတိုင်း အသိပေးတာမျိုး ဖြစ်ပါတယ်။
ခုဆိုရင် ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းပဲ လိုတော့တဲ့အချိန်ထိ မဲပေးခွင့်ရှိသူ စာရင်း ပြုစုတဲ့ ကိစ္စ အဆင်မပြေသေးပါဘူး။ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စစ်ဆေး ထုတ်ပြန်ချက်အရ ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိသော မဲစာရင်းတွေ မှားယွင်းနေတယ်လို့ ဆိုပါတယ်။ ဒီလောက် ဆိုးဆိုးရွားရွား မှားယွင်းနေတဲ့ ပြသနာမျိုးကို တော်ရုံတန်ရုံ နည်းနဲ့ ပြုပြင်ဖို့ မလွယ်ကူပါဘူး။ စွမ်းအားထက်တဲ့၊ ပြည်သူတွေ အိမ်ထဲအထိ ရောက်သွားတဲ့၊ ငွေကုန်ကြေးကျ မရှိတဲ့ ရုပ်သံ၊ ရေဒီယိုကနေ တဆင့် မဲစာရင်းမှာ ဘာတွေ ပြသနာပေါ်နေသလဲ၊ ဘယ်လောက် ပြသနာ ပေါ်နေတယ်ဆိုတာ အောက်ခြေ မဲစာရင်းပြုစုသူတွေ အပါအဝင် ပြည်သူတွေကို ရှင်းပြ၊ ပြည်သူတွေကိုယ်တိုင် မဲစာရင်းပြုပြင်ရာမှာ ပါဝင်လာအောင် တိုက်တွန်းနှိုးဆော်တာမျိုး လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
အလားတူပါပဲ။ အခုဆိုရင် နိုင်ငံရေးပါတီ (၉၄) ခုတိတိ မှတ်ပုံတင်ထားပါပြီ။ အဲဒီ ပါတီတွေဟာ ဘယ်လိုပါတီ အမျိုးအစားတွေလဲ ဆိုတာ ပြည်သူတွေ သိနိုင်အောင် သတင်းအချက်အလက်တွေ ပို့ပေးရပါလိမ့်မယ်။ ရွေးကောက်ပွဲ ကော်မရှင်ဟာ မဲဆန္ဒနယ်မြေတွေလဲ သတ်မှတ်ပြီးပါပြီ။ မဲဆန္ဒနယ်မြေ စုစုပေါင်း ၁၂၀၀ နီးပါး ရှိပြီး ပျမ်းမျှ တစ်နေရာ (၅) ယောက်နှုန်း ပြိုင်ရင်တောင် အမတ်လောင်း စုစုပေါင်း ၆၀၀၀ နီးပါး ရှိနိုင်ပါတယ်။ ပြည်သူတွေဟာ အဲဒီ ပြိုင်မယ့် အမတ်တွေဟာ ဘယ်သူတွေလဲ ဆိုတာ သိသင့်ပါတယ်။ ဒါတင်မက အလုပ်သမား အဖွဲ့အစည်းတွေ၊ လယ်သမား အဖွဲ့အစည်းတွေ၊ စာရေးဆရာ အဖွဲ့အစည်းတွေ၊ ပညာရေး ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အဖွဲ့အစည်းပေါင်းစုံဟာ သူတို့ ဘယ်လို အစိုးရမျိုး လိုချင်တယ် ဆိုတာမျိုး၊ သူတို့ လိုချင်တဲ့ အစိုးရတစ်ရပ် ရဖို့ ဘယ်ပါတီတွေကို မဲပေးဖို့ ဆန္ဒရှိနေတယ် ဆိုတာမျိုး အပြန်အလှန် ငြင်းခုံ ဆွေးနွေးတဲ့ အစီအစဉ်ပေါင်းများစွာ ပြည်သူတွေကို ထုတ်လွှင့်ပြသ သင့်ပါတယ်။
ဒီလို များပြားလှတဲ့ မီဒီယာ လုပ်ငန်းတွေကို လုပ်နိုင်ဖို့ လက်ရှိ ပုဂ္ဂလိက ပြည်သူတွေ လက်ထဲမှာ ရှိနေတာက ပုံနှိပ်မီဒီယာ တစ်ခုတည်းပါ။ သတင်းစာ၊ ဂျာနယ်တွေလောက်ပဲ ထုတ်နိုင်ပြီး ပြည်သူတွေဆီ အရောက်ပို့နိုင်ဖို့ အလွန်ခက်ခဲပါတယ်။ ပြည်သူတွေဘက်က ကြည့်ရင်လည်း သတင်းစာ တစ်စောင် အနည်းဆုံး ကျပ် ၂၀၀ လောက်ပေးဝယ်မှ ရမယ့် အနေအထားမို့ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် ရဖို့ မလွယ်ကူဘူး ဆိုတဲ့ အဖြစ်မျိုး ရောက်နေပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးမှုတွေကို အင်တာနက် အွန်လိုင်းတွေကနေ တဆင့် လုပ်နိုင်တယ် ဆိုပေမယ့်၊ အင်တာနက် လက်လှမ်းမီတာကလည်း မြို့ကြီးပြကြီး တစ်ချို့လောက်မှာပဲ ရှိနေတာပါ။ အခြား တစ်ဖက်မှာလည်း ပြန်ကြားရေးဝန်ကြီးဌာနဟာ ဘက်လိုက်မှု ရှိနိုင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ခရိုနီတွေပိုင် ရုပ်သံနဲ့ ရေဒီယိုတွေကို ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးမှုတွေ မထုတ်လွှင့်ဖို့ တားမြစ်နေပါတယ်။ ဒီလို အခြေအနေအတိုင်း ဆက်သွားရင် ၂၀၁၀ တုန်းကလိုပဲ ပြည်သူလူထုဟာ ရွေးကောက်ပွဲဆိုတာ ဘာမှန်း ရေရေရာရာ မသိလိုက်ရပဲ မဲပေးလိုက်ရမယ့် အဖြစ်မျိုး ရောက်သွားနိုင်ပါတယ်။
ဒီနေရာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ခုလို အချိန်နီးကပ်လာတော့မှ ရုပ်သံ၊ ရေဒီယို လုပ်ငန်း လုပ်ခွင့်ရဖို့ ဥပဒေမြန်မြန်ပြဌာန်းဖို့ တောင်းဆိုတာမျိုး၊ ဥပဒေ၊ နည်းဥပဒေရှိပြီးနောက် ရုပ်သံ၊ ရေဒီယို လုပ်ငန်း ထူထောင်တာမျိုး လုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အချိန် အတော်နှောင်းသွားပါပြီ။ ခုအချိန် လုပ်နိုင်တာကတော့ ရွေးကောက်ပွဲဝင်မယ့် NLD နဲ့ ပါတီ တစ်ချို့ စုစည်းပြီး ပြည်သူတွေကို ဘယ်လို အသိပညာပေးရေးတွေ လုပ်သင့်သလဲ၊ ဘယ် မီဒီယာတွေကနေ တဆင့် လုပ်နိုင်မလဲ၊ လုပ်နိုင်မယ့် မီဒီယာတွေက လုပ်ကိုင်ပေးလာအောင် နည်းလမ်းရှာ ဆွေးနွေးရမှာဖြစ်သလို၊ အစိုးရဘက်က ခွင့်ပြုလာအောင်လည်း တောင်းဆိုကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေ အနေနဲ့ သူတို့အကျိုးကို ဆောင်ကျဉ်းပေးမယ့် ကိုယ်စားလှယ်တွေကို မှန်မှန်ကန်ကန် မဲပေးရွေးချယ်နိုင်ကြမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။