လာမယ့် ၂၀၁၅ အောက်တိုဘာလ ကုန် နိုဝင်ဘာ လဆန်းမှာ ကျင်းပမယ်လို့ ကြေငြာထားတဲ့ ရွေးကောက်ပွဲကို လာရောက် လေ့လာဖို့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ ကာတာ ဖေါင်ဒေးရှင်းနဲ့ အီးယူ ဥရောပသမဂ္ဂ တို့ကို ဖိတ်ခေါ်သွားမယ်လို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ကြေငြာပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေ အာဏာရယူထားတဲ့ ၁၉၆၂ ခုနှစ်က စပြီးရေတွက်ရင် နှစ်ပေါင်း ၆၀ ကျော်ကာလ အတွင်း ပထမ ဦးဆုံးအကြိမ် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကို ဖိတ်ခေါ်မှု အဖြစ် မှတ်ယူနိုင်ပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာ တောတွင်း တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေက တည်ထောင်ထားတဲ့ ပါတီတွေ ဝင်ရောက် ယှဉ်ပြိုင်မှု မပြုနိုင်သေးတဲ့တိုင် အင်န်အယ်လ်ဒီ နဲ့ အတိုက်အခံ အင်အားစုတွေ ပါဝင်အရွေးချယ် ခံကြမယ် ဆိုရင်ဖြင့် အတော်အတန် ပါဝင်မှုရှိတဲ့ ရွေးကောက်ပွဲလို့ သတ်မှတ်နိုင်မှာကြောင့်လည်း အရေးကြီးတဲ့ ရွေးကောက်ပွဲ တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒီ ရွေးကောက်ပွဲကို နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေ ဝင်ရောက် လေ့လာခွင့်ပြုလိုက်ရုံနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာလား ဆိုတာ ဒီတစ်ပါတ် သုံးသပ်တင်ပြသွားပါ့မယ်။
ရွေးကောက်ပွဲတစ်ခု လွတ်လပ်ပြီး တရားမျှတမှု ရှိသလား မရှိဘူးလား ဆိုတာ အပိုင်း (၄) ပိုင်း ပိုင်းပြီး လေ့လာသုံးသပ်နိုင်ပါတယ်။ ပထမ တစ်ပိုင်းက ဘာအတွက် ဘယ်သူတွေကို ရွေးချယ်ရမှာလဲ ဆိုတာ ဖြစ်ပါတယ်။ ဒုတိယ ကတော့ ရွေးကောက်ပွဲကို ဒိုင်လူကြီးသဖွယ် ကျင်းပပေးမယ့် ရွေးကောက်ပွဲ ကော်မရှင်၊ တတိယ ကတော့ ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းတွေလို့ ပြောနိုင်တဲ့ ကော်မရှင် ဥပဒေ နည်းဥပဒေတွေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဆိုင်ရာ ဥပဒေတွေ နည်းဥပဒေ နဲ့ စည်းမျဉ်း စည်းကမ်းတွေဖြစ်ပါတယ်။ စတုတ္ထ နောက်ဆုံးအပိုင်းကတော့ ရွေးကောက်ပွဲ ဖြစ်စဉ် တစ်ခုလုံးပါ။
ပထမဆုံးအချက် ဘာအတွက် ဘယ်သူတွေကို ရွေးချယ်ရမှာလဲ ဆိုတာ သိနိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြန်ကြည့်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး စနစ်ဟာ သမ္မတ အုပ်ချုပ်ရေးလို့ အကြမ်းဖျဉ်း ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း သမ္မတ ကို ပြည်သူတွေက တိုက်ရိုက် ရွေးချယ်ခွင့် မရှိသလို ရွေးကောက်ခံ အမတ်တွေကချည်းပဲ ရွေးချယ်တာမျိုးလည်း မဟုတ်ပြန်ပါဘူး။ ရွေးကောက်ခံ အမတ်တွေနဲ့ ကာကွယ်ရေး ဦးစီးချုပ်က ခန့်တဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား အမတ်တွေ ပေါင်းပြီး သမ္မတ ရွေးချယ်၊ သမ္မတ ကမှ အစိုးရဖွဲ့၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်ပြီး အုပ်ချုပ်တာမျိုးပါ။ ဖွဲ့စည်းပုံမှာ အဲလို ပြဌာန်းထားတဲ့ အတွက်ကြောင့်လည်း စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးလို ပါတီဟာ ရွေးကောက်ပွဲမှာ အမတ်နေရာ ၃၄ ရာခိုင်နှုန်းလောက် ရတာနဲ့ တပ်မတော်သား အမတ်တွေနဲ့ပေါင်းပြီး သမ္မတ တစ်ယောက် တင်မြှောက်နိုင်၊ အစိုးရ ဖွဲ့နိုင်တဲ့ အနေအထားရှိပါတယ်။ အင်န်အယ်လ်ဒီ လို ပါတီမျိုးကတော့ အမတ်နေရာ ၆၇ ရာခိုင်နှုန်းကျော် နိုင်မှသာ သမ္မတ ရွေးချယ်နိုင်၊ အစိုးရဖွဲ့နိုင်မယ့် အနေအထားမျိုးပါ။ နောက်ပြသနာ တစ်ခုက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် တားမြစ်ထားတဲ့ အချက် ပါရှိနေတာ၊ ပုဒ်မ ၂၆၁ မှာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတ က ခန့်အပ်ရမယ် ဆိုတဲ့ ပြဌာန်းချက် ပါရှိနေတာတွေကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပမယ့် ဒီ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးက လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်ရင် ဖွဲ့စည်းပုံကို အရင်ပြင် ဆိုပြီး ပြောဆိုနေတာ ဖြစ်ပါတယ်။
ဒုတိယ အချက်ကတော့ ရွေးကောက်ပွဲကို ဒိုင်သဖွယ် ကျင်းပပေးမယ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ နဲ့ အဖွဲ့ဝင်တွေ၊ အဆင့်ဆင့်သော ကော်မရှင် အဖွဲ့ဝင်တွေပါ။ လက်ရှိ ကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ အရင် စစ်အာဏာရှင်ခေတ် ထိပ်ပိုင်း စစ်ခေါင်းဆောင် တစ်ယောက် ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ နောက် အဆင့်ဆင့်သော ကော်မရှင် ဥက္ကဌ နဲ့ အဖွဲ့ဝင်တွေအားလုံးလိုလို ဟာလည်း တပ်မတော်အရာရှိဟောင်းတွေချည်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ရွေးကောက်ပွဲ ကော်မရှင်ကနေ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပပေးမယ်ဆိုတာ ယုံကြည်သူ အလွန်နည်းပါတယ်။
ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေ နည်းဥပဒေတွေ၊ စည်းမျဉ်း စည်းကမ်းတွေဟာလည်း ရွေးကောက်ပွဲ တစ်ခုကို သမာသမတ် ကျကျ ကျင်းပပေးဖို့ ရည်ရွယ် ပြဌာန်းထားတာမျိုး မဟုတ်ပဲ၊ ကော်မရှင်က နိုင်ငံရေးပါတီတွေကို အချိန်ပြည့် ထိန်းချုပ်ခွင့်ရစေမယ့် ဥပဒေ၊ နည်းဥပဒေတွေ ဖြစ်နေတဲ့အတွက် လာမယ့် ရွေးကောက်ပွဲ တရားမျှတ လွတ်လပ်ဖို့ အာမခံချက် မရှိနိုင်ပါဘူး။ နောက် အရေးကြီးပြသနာ တစ်ခုက အခု ရွေးကောက်ပွဲ ကျင်းပဖို့ (၇) လ လောက်ပဲ လိုတော့တဲ့ အချိန်အထိ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲတွေကို အရင်လို ပုံမှန် စနစ်နဲ့ပဲ ကျင်းပမလား၊ PR လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ကျင်းပမလား ဆိုတာကို မသိနိုင်သေးတာပါ။
နောက်တစ်ခုက ရွေးကောက်ပွဲ ဖြစ်စဉ်ပါ။ ရွေးကောက်ပွဲကာလ နီးလာတဲ့ ဒီကနေ့ အချိန်ထိ နိုင်ငံမှာ ခိုင်လုံတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်း မရှိသေးပါဘူး။ လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ အရင်စစ်အစိုးရက စိတ်ကြိုက် ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မဲစာရင်းကို ပြန်မသုံးသလို၊ ငွေကြေး အများကြီး အကုန်အကျခံ ကောက်ယူထားတဲ့ သန်းခေါင်စာရင်းက စာရင်းတွေကိုလည်း မသုံးဘူး လို့ ဆိုထားပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ မဲစာရင်း ရရှိရေးအပြင် မဲဆန္ဒနယ်မြေ သတ်မှတ်တာ၊ ကိုယ်စားလှယ်လောင်း နာမည်စာရင်း တင်သွင်းတာ၊ မဲဆွယ်စည်းရုံးတာ၊ မဲရုံ တည်ဆောက်တာ၊ မဲရုံနဲ့ မဲရေတွက်တာကို စောင့်ကြည့်တာ၊ စွတ်စွဲပြစ်တင်မှုတွေ ပြုလုပ်ကြတာ စသဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ်မှာ ပြသနာတွေ အများကြီး ကြုံကြရပါဦးမယ်။
ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်း ၆၀ ကျော်အတွင်း နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့တွေကို ဖိတ်ခေါ် လေ့လာမှု ပြုစေခြင်းကိုတော့ ကြိုဆိုရမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ မဲပေးတဲ့နေ့မှာ ကော်မရှင်ဟာ ရန်ကုန်အခြေစိုက် သံရုံးနဲ့ အဖွဲ့အစည်း တစ်ချို့ကို တိုင်းနဲ့ ပြည်နယ် တစ်ချို့က ရွေးချယ်ထားတဲ့ မဲရုံ တစ်ချို့ကို ပေးကြည့်ခဲ့ပါတယ်။ လွတ်လွတ်လပ်လပ် လေ့လာစောင့်ကြည့်ခွင့် ပေးတာမျိုး မရှိတဲ့အတွက် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိတယ် မရှိဘူး ဘာမှ မပြောနိုင်ခဲ့ကြပါဘူး။
အခု ဝင်ခွင့်ပြုမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရာမှာ အတွေ့အကြုံများတဲ့၊ စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကြီး လွတ်လပ်ပြီး တရားမျှတမှု ရှိလာအောင် မဆောင်ကျဉ်းပေးနိုင်ပေမယ့် ရွေးကောက်ပွဲရဲ့ အရည်အသွေးကိုတော့ မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ကြမှာမို့ ကြိုဆိုအပ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။