သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲစာရင်း မှားတဲ့ ပြသနာ ဘာတွေ ဖြစ်လာနိုင်သလဲ


ရန်ကုန်ဒေသခံများ မဲဆန္ဒရှင်စာရင်းကြည့်ရှုနေကြစဉ်
ရန်ကုန်ဒေသခံများ မဲဆန္ဒရှင်စာရင်းကြည့်ရှုနေကြစဉ်

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ရွေးကောက်ပွဲ ကျင်းပဖို့ တစ်လ ကျော်ပဲ လိုတော့တဲ့ အချိန်ထိ မှန်ကန်တဲ့ မဲစာရင်း ဆိုတာ မရှိသေးပါဘူး။ မဲစာရင်း မမှန်တာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဟာ နဂိုတုန်းကတော့ မဲစာရင်း လာမကြည့်တဲ့ ပြည်သူတွေကို အပြစ်ပုံချသလို၊ နောက်ပိုင်း ကွန်ပျူတာ ဆော့ဖ်ဝဲကြောင့် ဖြစ်တာဆိုပြီး အသက်မရှိတဲ့ နည်းပညာကို အပြစ်တင်ပါတယ်။ အခုနောက်ဆုံး မဲစာရင်းတွေ မှန်မှန်ကန်ကန် မဖြစ်တာဟာ သတင်းမီဒီယာတွေကြောင့်လို့ ဆိုပြီး အပြစ်တင်နေပြန်ပါပြီ။ မဲစာရင်းတွေ မမှန်ဘူးလို့ မီဒီယာတွေက ရေးလို့၊ ပြည်သူတွေ စိတ်ပျက်ရတယ်၊ စိတ်ပျက်ပြီး မဲစာရင်း သွားမကြည့်တော့ မဲစာရင်းကို မပြင်ဆင်နိုင်ပဲ အမှားတွေ ဖြစ်ရတယ်လို့ ဆိုတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မဲစာရင်းတွေ မှန်မှန်ကန်ကန် မဖြစ်ဘူး ဆိုတာကိုတော့ အားလုံးက လက်ခံထားလိုက်ကြပါပြီ။ ဒီလို မဲစာရင်းတွေ မမှန်ကန်ဘူးဆိုရင် ရှေ့ဘာပြသနာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒီနေရာမှာ မဲစာရင်းတွေ ဘယ်လို မှားတယ်၊ ဘယ်လောက်မှားတယ် ဆိုတာ အရင် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ မဲစာရင်းပြုစုပုံ စကတည်းက မမှန်တာကြောင့် ဘယ်လောက် အတိုင်းအတာအထိ မှားတယ် ဆိုတာ ဘယ်သူမှ တိတိကျကျ မသိနိုင်ပါဘူး။ အဓိက ဖြစ်ပေါ်နေတဲ့ ပြသနာတွေကို ကြည့်ရင် မဲပေးပိုင်ခွင့် ရှိသူတွေရဲ့ နာမည် မဲစာရင်းမှာ ပါမလာတာ၊ မဲစာရင်းမှာ ပါပေမယ့် အချက်အလက်တွေ မှားယွင်းနေတာ နဲ့ သေဆုံးပြီးသား အပါအဝင် မဲစာရင်းထဲ မပါသင့်သူတွေ ပါနေတဲ့ ပြသနာပဲ ဖြစ်ပါတယ်။ နောက်ဆုံး အခြေအနေအရ မဲစာရင်း ဖော်ပြပုံ ရှုတ်ထွေး၊ ပြည်သူတွေ နားမလည်တာကြောင့် မဲစာရင်းထဲ လူတွေ ဘယ်လောက် ကျန်သွားသလဲ မသိနိုင်ပါဘူး။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ ကိန်းဂဏန်း တစ်ချို့အရ ရန်ကုန်တိုင်းမှာ မဲစာရင်းမှာ မပါလို့ ထည့်ပေးပါ ဆိုပြီး လာရောက် လျောက်ထားသူ တစ်သိန်းခွဲ နီးပါး ရှိတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ရန်ကုန်ဆိုတာ မြို့ကြီးပြကြီး စီးပွားရေး မြို့တော်ပါ။ ပါတီ အများစု အခြေစိုက်နေပြီး မဲစာရင်း စစ်ဆေးဖို့ အကြီးအကျယ် လှုံ့ဆော်နေတဲ့ နေရာဖြစ်ပါတယ်။ ဒီလိုနေရာမို့လို့ မဲစာရင်းထဲ ကျန်ရစ်သူတွေ စာရင်းထဲ ထည့်ပေးဖို့ တောင်းဆိုနိုင်တာပါ။ ဒီလိုနေရာမှာတောင် လူတွေ ဒီလောက် ကျန်နေရင် နယ်မြို့တွေနဲ့ ဝေးလံ ခေါင်ဖျား နေရာတွေမှာ ဆိုရင်တော့ ပြည်သူတွေကိုယ်တိုင် မဲစာရင်း မကြည့်နိုင်တာမို့ ဘယ်လောက် မှားယွင်းနေမလဲ ဘယ်လိုမှ မှန်းလို့ မရနိုင်ပါဘူး။ သေခြာတာကတော့ လာမယ့် ရွေးကောက်ပွဲ မဲပေးမယ့်နေ့ ရောက်သည်အထိ မဲစာရင်း ကျန်ရစ်သူ အများအပြား ရှိနေပါလိမ့်မယ်။ ဒါကြောင့်လည်း ကော်မရှင်ဘက်ကနေ မဲပေးကာနီး နောက်ဆုံးအကြိမ် မဲစာရင်းကပ်တဲ့အခါမှာလည်း မဲစာရင်း လာကြည့်ကြပါ၊ နောက်ဆုံးအကြိမ်အဖြစ် မဲစာရင်းထဲ ထည့်ပေးဖို့ တောင်းဆိုနိုင်ပါသေးတယ် ဆိုပြီး ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြောစကားအရတော့ မဲစာရင်းပါပြီး အချက်အလက် မှားနေသူတွေ အတွက်ကတော့ သိပ်ပြသနာ မရှိဘူးလို့ ဆိုပါတယ်။ ကြားထဲမှာ မပြင်နိုင်ခဲ့ရင်တောင် မဲပေးမယ့်နေ့မှာ သက်ဆိုင်ရာ မဲရုံစောင့်တွေနဲ့ အောက်ခြေ ရပ်ရွာဒေသခံတွေက ထောက်ခံရင် မဲပေးခွင့် ရမှာပါလု့ိ ဆိုပါတယ်။ ဒါကြောင့် မဲစာရင်းထဲပါဖို့ အဓိက မဲစာရင်းမှားတာ သိပ်ပြသနာ မရှိဘူးလို့ ကော်မရှင်ဘက်က အကြိမ်ကြိမ်ပြောနေတာပါ။

နောက်ထပ် ပါတီတွေ လုပ်ကိုင်ရ ခက်ခဲတဲ့ ပြသနာ တစ်ခုကတော့ မဲစာရင်းထဲမှာ မပါသင့်တဲ့သူတွေ ပါနေတဲ့ ကိစ္စပါ။ ဒါဟာ သေဆုံးသွားသူတွေတင်မကပါဘူး။ အဲဒီ သတ်မှတ်နေရာမှာ နှစ်ပေါင်းများစွာ နေထိုင်ခြင်း မရှိတော့သူတွေလည်း အများကြီး ပါဝင်နေလို့ ဖြစ်ပါတယ်။ အဲလို နာမည်တွေကို စစ်ဆေးရတာ တကယ် ခက်ပါတယ်။ တစ်အိမ်တက်ဆင်း ပိုက်စိပ်တိုက် ကြည့်ပါမှ သိနိုင်မှာပါ။

အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတစ်ခုမှာတော့ ရန်ကုန် တောင်ဥက္ကလာ မဲဆန္ဒနယ်မှာ မဲပေးခွင့်ရှိသူ တစ်သိန်းခုနှစ်သောင်းကျော် ရှိတဲ့အနက် အဲဒီ နေရာမှာ နေထိုင်ခြင်း မရှိတော့တဲ့လူ ကိုးသောင်းကျော်တောင် ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒီ စာရင်းဇယားနဲ့ ပတ်သက်လို့ အင်န်အယ်လ်ဒီ အမတ်က ထောက်ပြခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဝန်ခံထားပြီးဖြစ်ပါတယ်။ ခရိုင်ကော်မရှင် တာဝန်ရှိသူတွေက ၁၉၈၉ ခုနှစ် လဝက က ထုတ်ပေးထားတဲ့ သန်းခေါင်စာရင်းကို အခြေပြုပြီး ထုတ်ပြန်ထားတာမို့ အဲဒီနာမည်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ တကယ်နေတဲ့ လူ အရည်အတွက်ထက် နေထိုင်ခြင်း မရှိတော့တဲ့ လူနာမည်က မဲစာရင်းမှာ ပိုများနေတယ် ဆိုတာ အလွန့်ကို စိုးရိမ်စရာကောင်းတဲ့ အချက်ပါ။ အတော် ကြောက်စရာ ကောင်းတဲ့ ကိန်းဂဏန်းပါ။ ဒီလို အခြေအနေမျိုး အခြား မြို့နယ်တွေမှာလည်း ရှိနိုင်ပေမယ့် ဘယ်သူမှ တိတိကျကျ ဖော်ထုတ်နိုင်ခြင်းတော့ မရှိပါဘူး။

ဒါကြောင့် တကယ့်တကယ် မဲပေးတဲ့နေ့ ကြုံလာနိုင်တဲ့ အဓိက ပြသနာကတော့ မဲစာရင်းထဲ မပါလို့ ဆိုပြီး ပြည်သူတွေ မဲပေးခွင့် ဆုံးရှုံးနိုင်တာမျိုးပါ။ အဲဒီအထဲမှာ ဒီရပ်ကွက်မှာမွေး၊ ဒီရပ်ကွက်မှာကြီး၊ ဒီရပ်ကွက်မှာပဲ နေထိုင်နေသူတွေ ပါနိုင်သလို၊ အခြားတစ်နေရာက ပြောင်းရွှေ့လာသူတွေလည်း ပါနိုင်ပါတယ်။ သေခြာတာ တစ်ခုကတော့ သန်းနဲ့ချီရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ မဲပေးခွင့် ဆုံးရှုံးကြပါလိမ့်မယ်။ ဒါတင်မက နိုင်ငံခြားထွက်ပြီး တရားဝင် သွားအလုပ်လုပ်ပေမယ့် ကော်မရှင်က စီစဉ်ပေးမှု မရှိတာကြောင့် ပြည်ပရောက် မြန်မာ အလုပ်သမား သန်းနဲ့ချီဟာလည်း မဲပေးခွင့် ဆုံးရှုံးမှာ သေခြာသလောက် ရှိနေပါပြီ။ အထူးသဖြင့် ထိုင်းနိုင်ငံထဲကို ပတ်စ်ပို့၊ ဗီဇာနဲ့ တရားဝင် အလုပ်သွားလုပ်သူတွေဖြစ်ပါတယ်။

နောက်ထပ် ဖြစ်လာနိုင်တဲ့ မသမာမှုကတော့ လူတစ်ယောက်ဟာ သူ့နာမည်နဲ့ ကြိုတင်မဲလည်းပေး၊ ရပ်ရွာမှာ နေထိုင်ခြင်း မရှိသူ တစ်ယာက်ယောက်ရဲ့ မဲစာရင်း နာမည်နဲ့လည်း မဲလာပေးနိုင်တာမျိုးတွေပါ။ ဒါနဲ့ ပတ်သက်ရင် ကော်မရှင်ဟာ မဲပေးကာနီး တစ်ပါတ် အလိုမှာ မဲပေးခွင့်လက်မှတ်တွေ ကြိုထုတ်ပေးမယ်၊ တကယ်မဲလာပေးရင် မှတ်ပုံတင်လို ခိုင်လုံတဲ့ အထောက်အထား ပြစရာ မလိုဘူး ဆိုတာကြောင့် အဲဒီနေ့ မဲလာပေးမယ့်သူတွေကို အမတ်လောင်း ကိုယ်စားလှယ်တွေက စစ်ဆေးနိုင်မှာ မဟုတ်လို့ပဲ ဖြစ်ပါတယ်။ တကယ်မဲပေးတဲ့နေ့ ကော်မရှင်က လက်မှာ သုတ်လိမ်းမယ် ဆိုတဲ့ မဖျက်နိုင်တဲ့ မှင်ဆိုတာကို ဖျက်နိုင်တဲ့ အနေအထားရှိသွားပြီ ဆိုရင်လည်း မဲမသမာမှု ပိုပြီး ဆိုးသွားစေနိုင်ပါတယ်။ ခြုံပြီးသုံးသပ်ရရင် မဲစာရင်း မမှန်တဲ့ ကိစ္စကြောင့် မဲပေးတဲ့နေ့ ပြသနာပေါင်း သောင်းခြောက်ထောင် တွေ့ကြုံနိုင်ပြီး ရလာဒ်တွေ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် အဲဒီပြသနာတွေ ဖြေရှင်းဖို့ ကော်မရှင်နဲ့ နိုင်ငံရေးပါတီကြီးတွေရဲ့ တာဝန်ရှိသူတွေ ခုကတည်းက တွေ့ဆုံဆွေးနွေး ညှိနှိုင်းသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG