သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခွဲထွက်ရေး အယူအဆ ပြန်ခေါင်းထောင်ထ လာနိုင်မလား


ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သားတစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင်တွေ့ရစဉ်။
ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ ကချင်တပ်သားတစ်ဦးကို ရှေ့ တန်းစစ်မျက်နှာတွင်တွေ့ရစဉ်။

အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်မှာ လွှတ်တော် တစ်ခုကနေ နောက် လွှတ်တော် တစ်ခုကို တာဝန်လွဲှပြောင်းပေးအပ်ဖို့ ပြင်ဆင်နေကြချိန်၊ မြန်မာ ကွန်ဗင်းရှင်း စင်တာမှာ အစိုးရ ဝန်ကြီးတွေ၊ တပ်မတော်အရာရှိတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်တွေ အပါအဝင် လူပေါင်း ၆၀၀ နီးပါး ငြိမ်းချမ်းရေး ကိစ္စ၊ အနာဂတ် ပြည်ထောင်စုသစ် ကိစ္စ ဆွေးနွေးနေကြချိန် ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်ကတော့ သီးခြား လွတ်လပ်တဲ့ ကချင်နိုင်ငံတော် တစ်ခု တည်ထောင်ဖို့ ကချင်ပြည်သူ့ပါတီ (Kachin Republic Party-KRP) ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းမယ် ဆိုတဲ့ သတင်းပါပဲ။ ဒီသတင်းမှာ ပါတဲ့ အချက်တွေ ဘယ်လောက် ခိုင်မာတယ်၊ မခိုင်မာဘူး မသိရပေမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံအတွက် သတင်းကောင်း တစ်ပုဒ်တော့ မဟုတ်ပါဘူး။ အဲဒီ ကချင်ပြည်သူ့ပါတီက ဘာတွေ ထုတ်ပြန်သလဲ၊ ဒီ ထုတ်ပြန်ချက်ကြောင့် ဘာ ပြသနာတွေ ရှိလာနိုင်သလဲ၊ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ကိုင်ဆောင်ရွက်သင့်သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

KRP ရဲ့ ယာယီ အထွေထွေ အတွင်းရေးမှူး လို့ ခေါ်တဲ့ ဦးလရှီ ယောန မဇ္ဈိမ သတင်းဌာနကို ပြောတာက လွန်ခဲ့တဲ့ ၁၅ နှစ် ၂၀၀၁- ၂၀၀၂ မှာ ကေအိုင်အို ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ဟာ စစ်အစိုးရက ဦးစီးကျင်းပတဲ့ ညောင်နှစ်ပင် ညီ်လာခံကို တက်ပြီး ဖွဲ့စည်းပုံ ရေးဆွဲရေးမှာ ပါခဲ့တယ်၊ နောက်ပိုင်း ကေအိုင်အေ ကချင်ပြည်လွတ်လပ်ရေး တပ်မတော်ကို အစိုးရက နယ်ခြားစောင့်တပ် (BGF) ပြောင်းလဲဖို့ ဖိအားပေးလာချိန်ကစ ဒီ KRP ပါတီကို ဖွဲ့စည်းဖို့ ကြံစည်ခဲ့တာလို့ ဆိုပါတယ်။ နောက်ပိုင်း ကေအိုင်အေ က နယ်ခြားစောင့်တပ် ဖွဲ့စည်းတာကို လက်မခံတဲ့အတွက် ပါတီ ဖွဲ့စည်းရေး ဆက်မလုပ်တော့ပဲ ရပ်ဆိုင်းထားလိုက်တယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့် ၂၀၁၃-၁၄ ခုနှစ်က စ ပြီး ကေအိုင်အိုဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီး တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ထိုးဖို့ ပြင်ဆင်ခဲ့တဲ့အကြောင်း၊ ဒါကြောင့် ကေအိုင်အိုဟာ နဂိုရည်မှန်းချက်တွေနဲ့ သွေဖီသွားပြီ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ ခုလို ပါတီ အဖွဲ့အစည်း အသစ်တစ်ခု တည်ထောင်ဖို့ လုပ်ကိုင်ရတာလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

ဦးလရှီယောန ရဲ့ ပြောပြချက်အရ သူတို့ဖွဲ့မယ့် ပါတီထဲမှာ ကချင်ခရစ်ယာန်အသင်းတော်က ဘာသာရေးခေါင်းဆောင်တွေ၊ (KIO)က ခေါင်းဆောင်တစ်ချို့နဲ့ KIA လက်အောက်ခံ ကချင်ပြည်သူ့စစ် (MHH) က ခေါင်းဆောင်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။ ဒီအဖွဲ့ဟာ ကေအိုင်အိုနဲ့ မတူတဲ့အကြောင်း၊ ကေအိုင်အိုက အစိုးရနဲ့ ဆွေးနွေးပြီး သူတို့ အဖွဲ့ကတော့ အစိုးရနဲ့ မဆွေးနွေးဘူးလို့ ဆိုပါတယ်။ နောက်ပိုင်း ကေအိုင်အေ နဲ့ အစိုးရတပ် ညှိနှိုင်းပြီး ကေအိုင်အေ က ဖယ်ပေးလိုက်တဲ့နေရာတွေမှာ အစိုးရစစ်တပ်က လာပြီး တပ်စွဲရင် အဲဒီနေရာတွေကို သူတို့က ဝင်ရောက်တိုက်ခိုက်မယ်၊ ဒီအတွက် Kachin Republic Army (KRA) ဆိုတဲ့ တပ်ဖွဲ့ကိုလည်း ဖွဲ့စည်းသွားမယ်လို့ ပြောပါတယ်။

ဦးလရှီယောန ရဲ့ အဲဒီ ပြောဆိုချက်၊ KRP ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကေအိုင်အို အဖွဲ့ တာဝန်ရှိသူတွေကတော့ ဒါဟာ မလုပ်သင့်တဲ့ အလုပ်ကို လုပ်တာလို့ ဆိုပါတယ်။ အလားတူ ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေကလည်း ဒီအဖွဲ့ဟာ ကချင်ပြည်နယ်ထဲမှာ ရှိတာမဟုတ်ဘူး၊ ကချင်လူထုကိုလည်း ကိုယ်စားမပြုဘူးဆိုပြီး ထုတ်ဖော်ပြောဆိုထားကြပါတယ်။ ဒီသတင်းထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးခေါ် မှူးဇော် ကလည်း သူ့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ယက် စာမျက်နှာမှာ "အသွင်ကူးပြောင်းစ မြန်မာ့ဒီမိုကရေစီ မြန်မာ့နွေဦးကို တစ်စစီ ကျိုးပျက်သွားစေနိုင်တဲ့ ကြိုးပမ်းအားထုတ်မှု တစ်ရပ်လို့ပဲ မြင်ပါတယ်။” ဆိုပြီး မှတ်ချက်ပြုထားပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကာလ အတော့်ကို ရှည်လျားလှပါပြီ။ ပြည်တွင်းစစ်ကြောင့်ပဲ စစ်အာဏာရှင်စနစ် ပေါ်ပေါက်၊ စစ်အာဏာရှင် စနစ်ကပဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို နိမ့်ကျ ပျက်စီးစေခဲ့တာ ဖြစ်ပါတယ်။ အခု အဲဒါကို ကုစားဖို့ နိုင်ငံရေးသမားတွေ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ ကြိုးစားနေကြတဲ့ ကာလလည်းဖြစ်ပါတယ်။ ဒီလိုကြိုးစားကြရာမှာ တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲအောင်တောင် မလုပ်နိုင်သေးပါဘူး။ အဖွဲ့တစ်ချို့နဲ့ အပစ်ရပ်နိုင်ခဲ့ပြီဖြစ်ပေမယ့် အဖွဲ့တစ်ချို့နဲ့တော့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေဆဲပါ။

နောင် တစ်တိုင်းပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လုပ်နိုင်ခဲ့ရင်တောင်၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ လက်နက်ကိုင် တပ်တွေ ပေါင်းစည်းရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေ အများကြီး အရှည်ကြာကြီး ဆွေးနွေး တည်ဆောက်ရဦးမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ခုလို ပြည်ထောင်စုထဲက ခွဲထွက်မယ် ဆိုတဲ့ အယူအဆမျိုး ပြန်ပေါ်လာတာဟာ အဆိပ်အတောက် တစ်ခုလို ဖြစ်နေမှာကတော့ သေခြာပါတယ်။ ဒီအယူအဆ စွဲကိုင်ခြင်းဟာ ကချင်တိုင်းရင်းသားတွေအတွက် မကောင်းသလို ပြည်ထောင်စု အတွက်လည်း ကောင်းကျိုး ဖြစ်စေမှာ မဟုတ်ပါဘူး။

အဲဒီအတွက် ဒီလို အဆိပ်အတောက် အယူအဆ မျိုးကို ပထမ ဦးဆုံး တိုက်ဖျက်ဖို့လိုတာဟာ ကချင်တိုင်းရင်းသားတွေရဲ့ ဦးဆောင်အဖွဲ့အစည်းဖြစ်တဲ့ ကေအိုင်အို ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ကချင်လူမှုအဖွဲ့အစည်းတွေကလည်း ဒီလို ခွဲထွက်ရေးအယူအဆကို လက်မခံဘူး ဆိုတာမျိုး ထုတ်ဖော်ပြောဆိုဖို့ လိုပါတယ်။ လက်ရှိ ပြသနာဟာ ပြည်ထောင်စု အတွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်ထောင်စုရဲ့ ပြသနာအဖြစ် ရှုမြင်ကြဖို့ လိုပါတယ်။ ဒါ့အပြင် လက်နက်ကိုင် တပ်ဖွဲ့တွေ တစ်တပ်ပြီး တစ်တပ် ထပ်ဖွဲ့တာတွေက ပြသနာတွေရဲ့ အဖြေမဟုတ်ဘူး ဆိုတာကိုလည်း နားလည်ကြဖို့ လိုပါတယ်။

တိုင်းရင်းသားတွေ၊ လက်နက်ကိုင်တွေ အနေနဲ့ ပြသနာကို ပြည်ထောင်စု ပြသနာလို့ နားလည်ရင် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနဲ့ အတူ ပေါက်ဖွားလာတဲ့ တပ်မတော်ကြီးကို တိုင်းရင်းသား စည်းလုံးညီညွတ်ညွတ်ရေး အကောင်အထည် ဖော်တဲ့၊ ဒီမိုကရေစီ စနစ်ကိုလိုလားတဲ့ ပြည်ထောင်စု တပ်မတော်ဖြစ်လာအောင် ဝိုင်းပြီးကူညီကြဖို့ လိုပါတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီ ထွန်းကားလာအောင် ကြိုးစားရုန်းကန်နေသူတွေကို ဝိုင်းပြီး အားပေးကြဖို့ လိုပါတယ်။ ပြည်ထောင်စုတွင်းမှာ ရှိတဲ့ နိုင်ငံရေးပြသနာတွေကို အဖြေရှာရာမှာ တက်တက်ကြွကြွ ပါဝင်ကြဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ့်လူမျိုးစုတစ်စု၊ ကိုယ့်နယ်မြေ အရေး တစ်ခုထဲကိုပဲကြည့်ပြီး ပြည်ထောင်စု တစ်ခုလုံးရဲ့ ပြသနာ ဖြေရှင်းရာမှာ မပါဝင်ခဲ့ရင် ကိုယ်လိုလားတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာမျိုး ပေါ်ပေါက်လာရေးဟာလည်း အလှမ်းဝေးနေဦးမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG