သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FBI က သင်တန်းလာပေးလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောင်းလဲသွားမှာလား


ၤFBI ကနေ မြန်မာရဲတပ်ဖွဲ့ကို သင်တန်းပေးနေစဉ် (U.S. Embassy Rangoon)
ၤFBI ကနေ မြန်မာရဲတပ်ဖွဲ့ကို သင်တန်းပေးနေစဉ် (U.S. Embassy Rangoon)
တိုက်ရိုက် လင့်ခ်

အခုတစ်ပတ်အတွင်း ထူးထူးခြားခြား ထွက်ပေါ်လာတဲ့ သတင်းတပုဒ် ကတော့ မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ကို အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI)က သင်တန်းပေးမယ် ဆိုတဲ့ သတင်းပါ။ အလုပ်ရုံဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ ၈ ပတ်ကြာမြင့်မယ့် အဲဒီ သင်တန်းဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ဖို့အတွက် ရည်ရွယ်တယ်လို့လည်း သိရပါတယ်။ တကယ်တော့ FBI ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက မြန်မာလူထုနဲ့ အလွန်ရင်းနှီးတဲ့ စကားလုံးပါ။ အမေရိကန် ဟောလိဝုဒ်က ရိုက်ကူးတဲ့ ဇာတ် ကားပေါင်းများစွာမှာ FBI စုံထောက်တွေကို မြင်တွေ့ခဲ့ရဖူးသလို၊ ဘာသာပြန် ဝတ္တုပေါင်းများစွာမှာလည်း ဖတ်ရှုခဲ့ကြရဖူးလို့ပါပဲ။ မြန်မာလူထုအနေနဲ့ FBI ဆိုတာ စွမ်းဆောင်ရည်မြင့်တဲ့ အဖွဲ့အစည်းတစ်ခု၊ FBI အေးဂျင့်တွေဆိုတာ ဘက်စုံတော်ပြီး ထက်မြက်တဲ့ စုံစမ်းထောက်လှမ်းရေး သမားတွေအဖြစ် နားလည်ခဲ့ကြတာပါ။ လက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အခြေအနေ ဘယ်လို ရှိနေသလဲ၊ FBI ကနေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သင်တန်းတွေ လာပေးတာဟာ ဘယ်လောက် အကျိုးရှိနိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုတာ ရဲတပ်ဖွဲ့က ထမ်းဆောင် ရမယ့် တာဝန်တွေနဲ့ ပတ်သက်ရင် စွမ်းဆောင်ရည် အလွန်နိမ့်နေတဲ့ အဖွဲ့အစည်း တခုအဖြစ် သတ်မှတ်လို့ ရနိုင်ပါတယ်။ ဒီလိုဖြစ်ရတာ သိပ် အထူးအဆန်း ကိစ ္စကြီးတော့ မဟုတ်ပါဘူး။ သမိုင်းကို ပြန်ကြည့်ရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုတာ နယ်ချဲ့ဗြိတိသျှ ကိုလိုနီ အုပ်စိုးမှု အောက်ကနေ ပေါက်ဖွားလာတာပါ။ အဲဒီအချိန်က ရဲတပ်ဖွဲ့ဆိုတာ သူ့ရဲ့ မူလ တာဝန်တွေဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေး၊ မှုခင်းတွေ ဖြစ်ပွားမှု မရှိအောင် ကြိုတင်ကာကွယ် တားဆီးရေး၊ ဖြစ်ပွားလာတဲ့ မှုခင်းတွေကိုလည်း မှန်မှန်ကန်ကန် ဖော်ထုတ်ပြီး ကျူးလွန်ခဲ့သူတွေကို တရားခွင်ထဲ အရောက်ပို့ရေး၊ အဓိကရုဏ်း နှိမ်နင်းရေး စတဲ့တာဝန်တွေ ထမ်းဆောင် ခဲ့ကြပါတယ်။ ပြောရရင် ရဲတပ်ဖွဲ့ဟာ ရဲတပ်ဖွဲ့အလုပ် ပီပီပြင်ပြင် လုပ်ခဲ့ကြတဲ့ ကာလလို့ ဆိုရင်လည်း မမှားပါဘူး။ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်ကနေ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်ချိန်အထိ ပါလီမန် ဒီမိုကရေစီ ခေတ်တလျောက်လုံး ရဲတပ်ဖွဲ့ဟာ အဲဒီတာဝန်တွေကို အဓိက ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်း စစ်အာဏာရှင်တွေခေတ်မှာ ရဲတပ်ဖွဲ့ဟာ အပြောင်းလဲ ကြီး ပြောင်းလဲ သွား ခဲ့ပါ တယ်။ ရဲတပ်ဖွဲ့ဟာ သူအဓိက ထမ်းဆောင်ရမယ့် တာဝန်တွေအစား အာဏာရှင်တွေကို အတိုက် အခံပြုတဲ့၊ ဆန့်ကျင် တဲ့ နိုင်ငံရေးသမားတွေကို စုံစမ်း၊ ဖော်ထုတ်၊ နှိပ်ကွပ်တဲ့ ယန္တယားအဖြစ် တဖြေးဖြေး အသွင်ပြောင်း သွားလို့ ပါပဲ။ ပိုဆိုးတာက ရဲတပ်ဖွဲ့ကို စစ်တပ်လက်အောက် သွတ်သွင်းလိုက်ရုံမက ရဲတပ်ဖွဲ့ကို ဦးဆောင်မယ့် အရာရှိကြီးငယ်ကနေ ရဲချုပ်အဆင့်ထိ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေကို တာဝန်ပေးတဲ့စနစ် ဖန်တီးခဲ့မှုပါပဲ။

အကျိုးဆက်ကတော့ ရဲတပ်ဖွဲ့ဟာ နဂိုမူလ ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားတွေ ကို အလေးထား ထမ်းဆောင်မယ့် မူဝါဒ မရှိတာအပြင် ရဲလုပ်ငန်းကို လုံး၀ နားမ လည်၊ ကျွမ်းကျင်မှုလည်း လုံးဝမရှိတဲ့ တပ်မတော် အရာရှိကြီးငယ်တွေ ဦးဆောင် တာ ဖြစ်လေတော့ စွမ်းဆောင်ရည် အလွန် နိမ့်ပါးသွားရတာပါပဲ။ ပြသနာကို ပိုပြီး ဆိုးရွားသွားစေတာကတော့ စစ်အာဏာရှင်တွေခေတ်မှာ ထွန်းကားခဲ့တဲ့ အဂတိလိုက်စားမှုပါ။ နဂိုကတည်းက စွမ်းဆောင်ရည် နိမ့်ပါးနေတဲ့ ရဲတပ်ဖွဲ့ဟာ အဂတိလိုက်စားမှုပါ ထပ်ပေါင်းလိုက်တော့ အခြေအနေ ပိုဆိုးသွားစေခဲ့ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ပြောပြောနေတဲ့ တရားစီရင်ရေးစနစ် ပျက်စီးယိုယွင်းနေ တယ် ဆိုတဲ့ ကိစ္စမှာ မှုခင်းတွေ ဖော်ထုတ်ပြီး တရားရုံးကို တရားစွဲဆို တင်ပို့ရတဲ့ ရဲတပ်ဖွဲ့ပြသနာကြောင့်လည်း အများကြီး ပါပါတယ်။

ဒီကနေ့အချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည် ကျဆင်းမှုနဲ့ ပတ်သက်ရင် ထောက်ပြစရာ နမူနာ ဇာတ်လမ်းပေါင်းများစွာ ရှိနေပါတယ်။ အဲဒီအထဲက နမူနာ တစ်ခုကတော့ သိပ်မကြာသေးခင် တုန်းက ဖြစ်ပွားခဲ့ တဲ့ လေးလောင်းပြိုင် လူသတ်မှုပါ။ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ အ ခင်းဖြစ် နေအိမ်ထဲမှာ ရဲအရာရှိဟောင်း ကိုစိုးနောင်၊ သူ့ဇနီး၊ သူ့ရဲ့ သားနဲ့သ မီး လေးဦးစလုံး နေအိမ်တွင်း သေဆုံးနေတာပါ။ မှုခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ပွားရာ နေအိမ်နဲ့ ပတ်ဝန်းကျင်ကို စစ်ဆေးတာအပြင် လူပေါင်း ၇၀ ထက်မနည်းကိုလည်း ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ အချိန်ထိ လူသတ်တရားခံကို မဖော်ထုတ်နိုင်သေးရုံမက ဒီ လူသတ်မှုဟာ ပြင်ပက လူတစ်ယောက်ယောက် ဒါမှမဟုတ် လူတစ်စုက နေအိမ်ထဲ ဝင်ပြီး သတ်ဖြတ်သွားတာလား၊ ဒါမှမဟုတ် မိသားစုဝင် အချင်းချင်း အိမ်ထဲမှာပဲ လူသတ်မှု ဖြစ်ခဲ့လေသလား ဆိုတာလေးကိုတောင် ကွဲကွဲပြားပြား ကောက်ချက် ချ ပြောဆိုနိုင်ခြင်း မရှိပါဘူး။ ဒါကိုကြည့်ရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ မှုခင်းဖော် ထုတ်ရေး စွမ်းရည် ဘယ်လောက် နိမ့်ပါးနေသလဲ ဆိုတာ နားလည်နိုင်ပါတယ်။

နောက်ထပ်ပြသနာကြီးတစ်ခုက မြန်မာနိုင်ငံတစ်ဝှမ်း မူးယစ်ဆေးတွေ နေရာတကာ ပျံ့နှံ့နေပြီး သန်းနဲ့ချီတဲ့ စိတ်ကြွမူးယစ်ဆေးတွေ အဖမ်းအဆီး မခံရပဲ နိုင်ငံအနှံ့ သယ်ဆောင် ရောင်းဝယ် ဖေါက်ကားနေနိုင်ကြတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်း လပိုင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မူးယစ်ဆေး ဖမ်းဆီးရမိမှု အကြိမ်ကြိမ် ရှိခဲ့ပြီး နှစ်လလောက်အတွင်း စိတ်ကြွဆေးပြား ၁၀ သန်းကျော် ဖမ်းဆီးရမိခဲ့ ပါတယ်။ ဒီမူးယစ်ဆေးတွေဟာ ရှမ်းပြည်နယ်ဘက်နေ မန္တလေး၊ မန္တလေးကနေ ရန်ကုန်၊ ရန်ကုန်ကနေ စစ်တွေ၊ စစ်တွေကနေ မောင်တောဘက် မြို့ပေါင်းများစွာ၊ နယ်ပေါင်းများစွာ ဖြတ်ပြီး ရောက်လာတာပါ။ ဒီဖြစ်စဉ်တွေကို သုံးသပ်ကြည့် ရင်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဘယ်လောက် စွမ်းဆောင်ရည် ကျဆင်းနေသလဲ သိနိုင်ပါတယ်။

ဒီပြသနာတွေ ဖြေရှင်းဖို့ ဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အရင် စစ်အာဏာ ရှင်ခေတ် က တာဝန်ထမ်းဆောင်စေခဲ့တဲ့ ပုံစံမျိုးကနေ လုံး၀ ပြောင်းလဲပစ်ဖို့ လိုပါမယ်။ တကယ့်ကို ရဲတပ်ဖွဲ့ ပီပီသသ၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ မှုခင်းတွေကို စနစ်တကျ ဖော်ထုတ်ပြီး တရားရုံးကို မှန်မှန်ကန်ကန် တင်ပို့နိုင်ရေး ဘက်တွေမှာ ကောင်းကောင်းမွန်မွန် ကျွမ်းကျွမ်းကျင်ကျင် တာဝန် ထမ်းဆောင်နိုင်အောင် လှည့်ပြောင်းပေးဖို့ လိုပါလိမ့်မယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ကို တပ်မတော် အရာရှိတွေက အဆင့်ဆင့် ကွက်ကဲ အုပ်ချုပ်နေတဲ့ အနေအထားကနေ ရဲလုပ်ငန်း ကျွမ်းကျင်သူတွေကသာ အဆင့်ဆင့် စီမံခန့်ခွဲ အုပ်ချုပ်နိုင်တဲ့ အနေအ ထား ဖြစ်လာအောင် အပြောင်းအလဲ လုပ်ပေးဖို့လည်း လိုပါလိမ့်မယ်။

ပြောရရင် အခု နာမည်ကျော် FBI အဖွဲ့အစည်းကနေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သင်တန်းလာပေးတာ အလွန်ကောင်းမွန်တဲ့ ကိစ္စ ဖြစ်ပါတယ်။ သင်တန်း တစ်ကြိမ်နှစ်ကြိမ် ပေးရုံနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီး ပြောင်းလဲမသွားပေမယ့် အနည်းဆုံးတော့ မှုခင်းဖော်ထုတ်တယ် ဆိုတာ လူတွေကိုဖမ်း၊ ရိုက်နှက်၊ညှင်းပန်းနှိ ပ်စက်လိုက်ရုံနဲ့ တရားခံတွေ ပေါ်မလာဘူးဆိုတာ၊ စနစ်တကျ ချဉ်းကပ်၊ စနစ်တကျ စုံစမ်းမှသာ မှုခင်းတွေကို ဖော်ထုတ်နိုင်မယ် ဆိုတာလောက်တော့ သိသွားကြပါ လိမ့်မယ်။ ဒီထက် တဆင့်တက်ပြီး တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့ ဒီမိုကရေ စီ စနစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ကို နိုင်ငံ တကာ ပုံစံ ပြောင်းလဲဖို့ လိုနေပြီဆိုတဲ့ အသိ ဝင်သွားတယ် ဆိုရင်ဖြင့် FBI က သင်တန်း လာပေးတဲ့ကိစ္စ အလွန်အောင်မြင် သွားပြီ လို့ ပြောနိုင် မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG