သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြှုပ်နှံမှု တိုးတက်ဖို့ နိုင်ငံခြားဘဏ်တွေ ဖွင့်ခွင့်ပြုခဲ့ပြီ၊ ဘာလုပ်ဖို့ ကျန်နေသေးလဲ


Myanmar Visa Card
Myanmar Visa Card

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ နိုင်ငံခြားဘဏ် (၉) ခုကို ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံမှာ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေ အားနည်းနေသေးတယ်၊ နိုင်ငံခြား ဘဏ်တွေကိုသာ ဖွင့်ခွင့်ပြုလိုက်ရင် ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေ ပြိုလဲသွားနိုင်တယ် ဆိုပြီး လွှတ်တော်ဘက်က အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက ဖွင့်လှစ်ခွင့်ပြုလိုက်တာပါ။ အစိုးရဘက်ကတော့ မြန်မာနိုင်ငံထဲကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံတွေ ဝင်ရောက်လာစေရေး မှာ အခက်အခဲ အဟန့်အတား ဖြစ်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြသနာ တစ်ခုကို မြန်မြန်ဆန်ဆန် ဖြေရှင်းလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ ဗဟိုဘဏ်ဟာ နိုင်ငံခြား ဘဏ်တွေကို ဘယ်လို စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖွင့်ခွင့်ပေးလိုက်တာလဲ၊ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေကို ထိခိုက်မလား၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဖို့ ဆိုရင် ဘာတွေ ထပ်ပြီးလုပ်ဖို့ လိုဦးမလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

မြန်မာနိုင်ငံထဲမှာ ဘဏ်လုပ်ငန်း လုပ်ချင်ပါတယ် ဆိုပြီး တင်ပြလာတဲ့ နိုင်ငံခြားဘဏ်ပေါင်း ၄၀ ကျော်ရှိပါတယ်။ အဲဒီ အထဲကမှ ဗဟိုဘဏ်ဟာ နိုင်ငံ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဘဏ် (၉) ခုကို အကြံပေး ကုမ္ပဏီ အကူအညီနဲ့ ပွင့်ပွင့်လင်းလင်း ရွေးချယ် လုပ်ကိုင်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ရွေးချယ်ပုံမျိုး အခြားနိုင်ငံတွေမှာတောင် မရှိဘူးလို့ ဆိုပါတယ်။ ရွေးချယ်လိုက်တဲ့ ဘဏ်တွေထဲမှာလည်း တရုတ်၊ ဂျပန်၊ ထိုင်း၊ သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား နိုင်ငံစုံက ဘဏ်ကြီးတွေ ပါဝင်တဲ့အတွက် မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှု လာလုပ်ကိုင်တဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်ပါလိမ့်မယ်။ ဒီ နိုင်ငံခြားဘဏ်တွေ အနေနဲ့ မြန်မာနိုင်ငံထဲမှာ ဘဏ်ခွဲ တစ်ခုပဲ ဖွင့်လှစ်နိုင်ပါလိမ့်မယ်၊ အဓိကအားဖြင့် ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု လာလုပ်တဲ့ နိုင်ငံခြား ကုမ္ပဏီနဲ့ လုပ်ငန်းတွေကို ဝန်ဆောင်မှု ပေးနိုင်မှာဖြစ်ပြီး ပြည်တွင်း ကုမ္ပဏီတွေ၊ လုပ်ငန်းတွေကို ငွေထုတ်ချေးဖို့ကိုတော့ ပြည်တွင်းဘဏ်တွေနဲ့ ပူးပေါင်းပြီး ဖြစ်စေ၊ ပြည်တွင်း ဘဏ်တွေက တဆင့်ဖြစ်စေ ပဲ လုပ်ကိုင်နိုင်ပါလိမ့်မယ်။

တိုက်ရိုက် လင့်ခ်

နိုင်ငံခြားဘဏ်တွေ အနေနဲ့ ပြည်တွင်းမှာ ကျပ်ငွေနဲ့ ငွေချေးမယ် ဆိုရင် အခြား ပြည်တွင်းဘဏ်တွေအတွက် ဗဟိုဘဏ်က သတ်မှတ်ပေးထားတဲ့ အတိုးနှုန်း ၁၀ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းကြားပဲ ယူရမယ် ဆိုတဲ့ စည်းကမ်းကိုလည်း လိုက်နာဖို့ လိုပါလိမ့်မယ်။ နိုင်ငံခြားငွေနဲ့ ချေးမယ်ဆိုရင်တော့ အတိုးနှုန်း ဘယ်လောက်ယူရမယ် ဆိုတာ သတ်မှတ်ပေးမထားပါဘူး။ ဘဏ်တွေအနေနဲ့ ကိုယ့်ဖာသာကိုယ် လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ကြပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံထဲကို ဝင်ရောက် ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြား ကုမ္ပဏီတွေ အတွက် ဘဏ္ဍာရေး ဆိုင်ရာ အခက်အခဲ တစ်ခု ဖြေရှင်းပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

လွှတ်တော် အမတ်တွေဘက်ကလည်း ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေအတွက် စိုးရိမ်မယ် ဆိုရင်လည်း စိုးရိမ်လောက်ပါတယ်။ အကြောင်းကတော့ ပြည်တွင်း ပုဂ္ဂလိက ဘဏ် အများစုဟာ တည်ထောင်တာ သိပ်မကြာကြသေးပါဘူး၊ နိုင်ငံတကာဘဏ်တွေလို ဘဏ်လုပ်ငန်း မျိုးစုံ မလုပ်နိုင်ကြသေးပါဘူး၊ ယေဘူယျအားဖြင့် ငွေလွှဲလုပ်ငန်း၊ အပ်ငွေ လက်ခံတာ ချေးငွေ ထုတ်ပေးတာ နဲ့ ငွေပေးကဒ် ထုတ်လုပ်တာလောက်ပဲ လုပ်နိုင်ကြပါသေးတယ်။ ရင်းနှီးမတည်ငွေ ပမာဏ မှာလည်း နိုင်ငံတကာကို မီဖို့ မဆိုထားနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက ဘဏ်တွေရဲ့ အပုံ ၁၀၀ ပုံတစ်ပုံ လောက်ပဲ ရှိပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံက အကြီးဆုံးနဲ့ ဘဏ်ခွဲအများဆုံး ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်တဲ့ ကမ္ဘောဇဘဏ်ဟာ မတည်ရင်းနှီးငွေ ကျပ် ဘီလျံ ၇၀ နီးပါးပဲ ရှိပေမယ့် ထိုင်းနိုင်ငံက အကြီးဆုံး ဘန်ကောက်ဘဏ်ကတော့ ကျပ်ငွေနဲ့ တွက်ရင် ဘီလျံ ၇၀၀၀ နီးပါးရှိနေပါတယ်။ မြန်မာ့ပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်ရဲ့ စုစုပေါင်း မတည်ရင်းနှီးငွေဟာ ကျပ်ငွေ ဘီလျံ ၄၀၀ လောက်ပဲ ရှိပေမယ့် ထိုင်းက ဘဏ် ၁၆ ခုရဲ့ မတည်ရင်းနှီးငွေ ပမာဏ ကတော့ ကျပ်ငွေနဲ့ တွက်ရင် ဘီလျံ ၃ သောင်းနီးပါး ရှိတာ တွေ့နိုင်ပါတယ်။ အဲဒီလောက် ကွာခြားတာပါ။

ဒါကြောင့်လည်း နိုင်ငံခြား ဘဏ်တွေကို လုပ်ကိုင်ခွင့်ပေးရာမှာ ဗဟိုဘဏ်ဟာ ပြည်တွင်းဘဏ်တွေကို မထိခိုက်စေဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားပြီး လုပ်ကိုင်ခဲ့တာ တွေ့နိုင်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း အလွန်အားနည်း နေတယ်ဆိုတာ ADB အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း သူ့ အစီရင်ခံစာထဲမှာ ထောက်ပြထားပါတယ်။

လက်ရှိ အချိန်ထိ မြန်မာနိုင်ငံမှာ T-Bill interbank market လို့ခေါ်တဲ့ အစိုးရငွေတိုက် စာချုပ် ဈေးကွက် မတည်ထောင်ရသေးပါဘူး။ ဒီဈေးကွက် မတည်ထောင်ရသေးတဲ့ အတွက် အစိုးရဘဏ်နဲ့ ပုဂ္ဂလိက ဘဏ်တွေက ယူရမယ့် ချေးငွေ အတိုးနှုန်းတွေကို ဗဟိုဘဏ်က နှုန်းထား Range တစ်ခု သတ်မှတ်ပေးနေရတာ ဖြစ်ပါတယ်။ တကယ်လို့ အစိုးရ ငွေတိုက်စာချုပ် ဈေးကွက် တည်ထောင် ပေါ်ပေါက်လာပြီဆိုရင် ဘဏ်တွေက ယူရမယ့် အတိုးနှုန်းကို ဈေးကွက်က သူ့အလိုလို သတ်မှတ်သွားပါလိမ့်မယ်။ ဗဟိုဘဏ်က သတ်မှတ်ဖို့ မလိုပါဘူး။ ဒီအတွက် မြန်မာနိုင်ငံမှာ အစိုးရငွေတိုက် စာချုပ် ဈေးကွက် တစ်ခုကို လာမယ့် ၂၀၁၅ ခုနှစ်ဆန်းလောက်မှာ အဆင့်နှစ်ဆင့်နဲ့ တည်ထောင်သွားမယ် လို့ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဆက်အောင်လည်း ပြောဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဟာ သူတို့ တာဝန်ယူကတည်းက မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာအောင် အစွမ်းကုန် လုပ်ခဲ့တာ တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လျော့ပါးအောင်၊ မြန်မာနိုင်ငံအပေါ် တင်ရှိနေတဲ့ ကြွေးမြီတွေ ပြသနာတွေ ပြေလည်အောင် လုပ်ကိုင်ခဲ့ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာအောင် ဥပဒေ လုပ်ထုံးလုပ်နည်း ဖြေလျော့ပေးတာ၊ အသစ် ပြဌာန်းပေးတာ၊ ဘဏ္ဍာရေး ကဏ္ဍ ပြင်ဆင်ပေးတာ လုပ်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရင်းနှီးမြှုပ်နှံမှုတွေ ဆက်ပြီး ဝင်လာစေဖို့၊ စီးပွားရေး ဆက်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အခြေခံအဆောက်အဦတွေ ကောင်းမွန် တိုးတက်အောင် လုပ်ပေးဖို့၊ ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးမယ့် ဥပဒေ တွေပြဌာန်းပေးဖို့၊ တိုင်းပြည် တည်ငြိမ်မှု ရှိအောင် ပြည်တွင်း ငြိမ်းချမ်းရေး ရအောင် လုပ်ဖို့၊ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးဖို့၊ အဲဒီ ရွေးကောက်ပွဲက ပေါ်ပေါက်လာမယ့် သမ္မတ သစ်နဲ့ အစိုးရအဖွဲ့ကို ငြင်ငြင်သာသာ အာဏာလွှဲပြောင်းပေးဖို့ စတာတွေ လုပ်ပေးဖို့ လိုအပ်နေသေးတဲ့အကြောင်း နိုင်ငံတကာ အစိုးရနဲ့ အဖွဲ့အစည်းတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။ သမ္မတ ဦးသိန်းစိန် အနေနဲ့ သူ့ကျန်နေသေးတဲ့ တစ်နှစ်ကျော် သက်တမ်းအတွင်း အဲဒီ လုပ်ငန်းတာဝန်တွေကို ကောင်းကောင်းမွန်မွန် အကောင်အထည် ဖော်ပေးနိုင်မှသာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ပြီး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဆက်ပြီး ထိန်းသိမ်းသွားနိုင်မယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG