သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတော့မှာလား


လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံ၊ မထောက်ခံ မဲခွဲဆုံးဖြတ်ဖို့ တပ်မတော်သားကိုယ်စားလှယ်တွေ မဲပေးနေကြစဉ်
လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံ၊ မထောက်ခံ မဲခွဲဆုံးဖြတ်ဖို့ တပ်မတော်သားကိုယ်စားလှယ်တွေ မဲပေးနေကြစဉ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ တိုင်းရင်းသား အခွင့်အရေးဆိုတာ ဝေးလို့ စစ်ဘုရင် မင်းဆက် တည်တံ့အောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အဆင့်ပဲ ဖြစ်နေတာပါ။ အဲဒီအထဲမှာ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကို သမ္မတ က ပဲ ခန့်နိုင်တယ်ဆိုတဲ့ ပြဌာန်းချက်ကိုလည်း တိုင်းရင်းသားတွေက သဘောမကျကြပါဘူး။

ပြီးခဲ့တဲ့ အပါတ်က လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆(ခ) ဆိုင်ရာ အပိုင်းကို ဆွေးနွေးခဲ့ကြပြီး အခု တစ်ပါတ်အတွင်း မဲခွဲဆုံးဖြတ် အတည်ပြုတော့မှာ ဖြစ်ပါတယ်။ ဒီ အပိုင်းမှာ အခြားသော အကြောင်းအရာ ပြင်ဆင်ချက်တွေနဲ့အတူ လူအများ စိတ်ဝင်စားနေကြတာကတော့ တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး ပိုပေးနိုင်မယ့် ပုဒ်မ ၂၆၁ နဲ့ နောက်ဆက်တွဲ ဇယား (၁) ဇယား (၂) ဆိုင်ရာ ပြင်ဆင်ချက်တွေလဲ ပါဝင်ပါတယ်။ ၄၃၆(ခ) ထဲမှာ ပြည်ခိုင်ဖြိုးပါတီက ဘာတွေ ပြင်ဆင်မယ်လို့ တင်ပြထားသလဲ၊ အဲဒီထဲမှာ ပုဒ်မ ၂၆၁ ဟာ ဘာကြောင့် အရေးကြီးသလဲ၊ လွှတ်တော်တွင်း ဆွေးနွေးချက် ဘယ်လိုရှိသလဲ၊ ရှေ့ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လွှတ်တော်တွင်း ဆွေးနွေးပြီးသွားပြီဖြစ်တဲ့ ပြည်ခိုင်ဖြိုးက တင်တဲ့ ပုဒ်မ ၄၃၆ (ခ) ပါ ပြင်ဆင်ချက်တွေကို လေ့လာကြည့်ရင် တိုင်းရင်းသား တန်းတူရေးနဲ့ ဆိုင်တဲ့ ပြင်ဆင်ချက် တစ်ချို့၊ နောက်ဆက်တွဲ ပြဌာန်းလိုက်တဲ့ ဥပဒေတွေနဲ့ ကိုက်ညီအောင် ဖွဲ့စည်းပုံ ကို ပြန်ပြင်တဲ့ ပြင်ဆင်ချက် တစ်ချို့၊ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ဆိုင်ရာ လုပ်ပိုင်ခွင့် အပြောင်းအလဲ လုပ်တဲ့ ပြင်ဆင်ချက် တစ်ချို့နဲ့ တရားစီရင်ရေး အပိုင်းဆိုင်ရာ ပြင်ဆင်ချက် တစ်ချို့ စတာတွေပဲ ပါဝင်တာ တွေ့ရပါတယ်။ အဲဒီအထဲကမှ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးလို တိုင်းရင်းသား တန်းတူရေးနဲ့ ဆိုင်တဲ့ အချက်က အလွန်အရေးကြီးတာ တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

ပြောရရင် လက်ရှိ မြန်မာနိုင်ငံဟာ ဖြေရှင်းဖို့ လိုအပ်နေတဲ့ ကြီးမားတဲ့ ပြသနာ နှစ်ရပ်နဲ့ ရင်ဆိုင်နေရတာပါ။ ပထမ ပြသနာက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပြီး နောက်ပြသနာ တစ်ခုကတော့ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရရေး၊ တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးပါ။ ဒီ ပြသနာ နှစ်ရပ်ကို ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်ပါမှ ကျန် တိုင်းပြည်ကို စီးပွားဖွံ့ဖြိုးတိုးတက်လာအောင်၊ ပညာရေး၊ ကျန်းမာရေး အဖက်ဖက်က တိုးတက်လာပြီး ကမ္ဘာ့အလည်မှာ တင့်တယ်လာအောင် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒီအထဲကမှ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုတာ ဒီမိုကရေစီရေးနဲ့ ဆက်စပ်နေပါတယ်။ တပ်မတော်က တိုင်းပြည်အာဏာမှာ အခွင့်ထူး အမျိုးမျိုးရယူထားတာ၊ ဖွဲ့စည်းပုံထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် တားမြစ်ထားတာကြောင့် အဲဒီ ပြသနာ ပြေလည်ဖို့ မလွယ်သေးပါဘူး။

တိုင်းရင်းသား တန်းတူရေး ပြသနာလည်း အဲဒီအတိုင်းပါပဲ။ ခုဆိုရင် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၇၀ နီးပါးတောင် ရှိလာပါပြီ။ ဗမာ အများစု နဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ကြ ခိုက်ကြတဲ့ ပွဲလို့ နာမည်တပ်မယ် ဆိုရင်လည်း မမှားပါဘူး။ တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေး မရလို့၊ အခြားနည်းနဲ့ ဖြေရှင်းတာ မပြေလည်လို့ လက်နက်စွဲကိုင် ပုန်ကန်တိုက်ခိုက်ကြတာပါ။ ဒီ ပြည်တွင်းစစ် ပြသနာ ရှိနေသေးသ၍၊ တစ်နည်းပြောရရင် တိုင်းရင်းသား တန်းတူခွင့် မရှိသေးသ၍၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးသ၍ နိုင်ငံကို တည်ငြိမ်အောင် မအုပ်ချုပ်နိုင်ပါဘူး။ နိုင်ငံ့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် မတည်ဆောက်နိုင်ပါဘူး။

ဒါကြောင့်လည်း ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်မယ် ဆိုတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့သစ် တက်လာတဲ့အခါ ပြည်တွင်းငြိမ်းချမ်းရေး ရအောင် ကြိုးစား တည်ဆောက်ပါတယ်။ အရင် ဘယ်အစိုးရကမှ မပေးဘူးတဲ့ လိုက်လျောမှုတွေ၊ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေနဲ့အတူ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်တစ်ခု လက်မှတ်ရေးထိုးနိုင်အောင် အကောင်အထည် ဖော်ပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်ထိ အောင်မြင်မှု မရပါဘူး။ အဓိက အကြောင်းရင်းကတော့ ငြိမ်းချမ်းရေးကို ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ထဲက တည်ဆောက်လို့ ရတာမျိုးမဟုတ်ပဲ၊ အခြားသော တပ်မတော်ရဲ့ လှုပ်ရှားမှု၊ အစိုးရအဖွဲ့ ရပ်တည်ချက်၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဆက်စပ် နေလို့ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ ဘက်ကလည်း အဲဒီ အချက်တွေနဲ့ပါ ဆက်စပ် သုံးသပ်ကြည့်ရှုကြလို့ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကလည်း ပြသနာကြီး တစ်ခုအနေနဲ့ ပါဝင်ပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် အကြီးအကဲ သူရဦးရွှေမန်းနဲ့ စစ်ဗိုလ်ချုပ်၊ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတာကို လက်ခံတယ်လို့ နှုတ်ကနေ ထုတ်ဖော်ပြောဆိုထားကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ တိုင်းရင်းသား အခွင့်အရေးဆိုတာ ဝေးလို့ စစ်ဘုရင် မင်းဆက် တည်တံ့အောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အဆင့်ပဲ ဖြစ်နေတာပါ။ အဲဒီအထဲမှာ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကို သမ္မတ က ပဲ ခန့်နိုင်တယ်ဆိုတဲ့ ပြဌာန်းချက်ကိုလည်း တိုင်းရင်းသားတွေက သဘောမကျကြပါဘူး။ ဖွဲ့စည်းပုံထဲမှာ ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော် အမတ်တွေထဲကပဲ ရွေးချယ်ရမယ်လို့ ပြဌာန်းထားပေမယ့် သမ္မတ ဟာ သူကြိုက်သူ မတွေ့ရင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စစ်ဗိုလ်တစ်ယောက်ကို တပ်မတော်သား အမတ်အဖြစ် နာမည်စာရင်းသွင်း၊ သမ္မတက အဲဒီ စစ်ဗိုလ်ကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်နိုင်တဲ့အထိ လုပ်ကိုင်လို့ ရပါတယ်။

ခုတော့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပုဒ်မ ၄၃၆(ခ) အပိုင်းကို ဆွေးနွေးနေကြပြီး အဲဒီ အချက်လည်း ပါဝင်နေပါတယ်။ လွှတ်တော်တွင်း ဆွေးနွေးချက်တွေအရ ပြင်ဆင်ချက်တင်သူ ပြည်ခိုင်ဖြိုးဘက်ကရော၊ အခြား အင်န်အယ်လ်ဒီ နဲ့ တိုင်းရင်းသား ပါတီတွေကပါ ဝန်ကြီးချုပ်ကို သမ္မတ က ခန့်အပ်တာ အစား၊ သက်ဆိုင်ရာ လွှတ်တော်အမတ်တွေကပဲ ရွေးချယ်ခွင့်ရရေး ပြင်ဆင်လိုကြောင်း တညီတညွတ်တည်း ပြောဆိုနေကြပါတယ်။ ခက်တာက တပ်မတော်သား အမတ်တွေဟာ အဲဒီ အချက်ကို ပြင်ဆင်ဖို့ မသင့်တော်ဘူး ဆိုပြီး ပြောဆိုနေကြတာပါ။

အခုဆိုရင် ဝန်ကြီးဦးအောင်မင်းနဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံကိုသွားရောက်ပြီး လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စ ဆွေနွေးညှိနှိုင်းနေကြပါပြီ။ တစ်ပြိုင်နက်တည်း လွှတ်တော်ထဲမှာ တိုင်းရင်းသား တန်းတူရေးကို တစ်စုံတစ်ရာ ဖော်ညွှန်းနိုင်တဲ့ ပုဒ်မ ၂၆၁ ကို ပြင်မလား၊ မပြင်ဘူးလား ဆုံးဖြတ်ကြပါတော့မယ်။ တပ်မတော်ဘက်ကသာ ဒီ ပြင်ဆင်ချက်ကို ပယ်ချခဲ့မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ မကျေနပ်မှု ဒီထက် ပို တိုးပွားလာမယ့်အပြင် ငြိမ်းချမ်းရေး တည်ဆောက်ရေးကိုလည်း တိုက်ရိုက် ဆိုးကျိုးသက်ရောက်စေပါလိမ့်မယ်။ အရပ်သား နိုင်ငံရေးပါတီ အားလုံးကလည်း တပ်မတော်ကို ယုံကြည်မှု ရှိတော့မှာ မဟုတ်ပါဘူး။ ဒီအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ သက်ဆိုင်သူတွေဟာ လွှတ်တော်ထဲက ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ထောက်ခံပေးကြဖို့ အလေးအနက်ထား စဉ်းစားသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG