အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရင် စစ်အစိုးရလက်ထက်က ဖေါက်လုပ်ခဲ့တဲ့ ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်း များပြားပြီး လူအသေအပျောက်လည်း များပြားပါတယ်။ ဒီယာဉ် မတော်တဆ မှုတွေနဲ့ ပတ်သက်ပြီး သတင်းဌာနတွေနဲ့ လေ့လာစောင့်ကြည့်သူတွေကတော့ လမ်းပြသနာ၊ ယာဉ်မောင်းပြသနာ၊ ယာဉ်ကြံ့ခိုင်မှု ပြသနာတွေ ပါဝင်တယ်လို့ သုံးသပ်ကြပေမယ့် အစိုးရ တာဝန်ရှိသူတွေဘက်ကတော့ ယာဉ်မောင်းတွေရဲ့ ပြသနာက အဓိကကျတယ်လို့ ကောက်ချက်ချထားပါတယ်။ ဒီလို ကောက်ချက်ချ ထားတာနဲ့အညီ အဲဒီ အမြန်ကားလမ်းမှာ ယာဉ်မောင်းတွေကို ထိန်းချုပ်နိုင်ဖို့ အတွက်ဆိုပြီး ကားတွေမှာ ဂျီပီအက်စ် စနစ် တပ်ဆင်ပြီး သက်ဆိုင်ရာကနေ စောင့်ကြည့် ထိန်းချုပ်ဖို့ ဆိုတဲ့ Vehicle Safety Management System ဆိုတဲ့ အစီအစဉ် တစ်ခု အကောင်အထည် ဖော်လာပါတယ်။ GPS , Telemetric စနစ် တပ်ဆင်မယ် ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်ကုမ္ပဏီက တင်ဒါ ရသွားသလဲ၊ အဲဒီ စနစ် တပ်ဆင်ဖို့အတွက် ဘတ်စ်ကားတွေ ကုန်တင်ကားတွေ ငွေဘယ်လောက် ကုန်ကျမှာလဲ၊ အဲဒီ စနစ် တပ်ဆင်လိုက်ရုံနဲ့ အမြန်လမ်းမှာ ယာဉ်အန္တရာယ် လျော့ပါးသွားမှာလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
အခု အစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနဟာ အမြန်လမ်းမှာ မောင်းတဲ့ ကားတွေကို GPS , Telemetric စနစ် တပ်ဆင်စေပြီး သက်ဆိုင်ရာက စောင့်ကြည့်ထိန်းချုပ်နိုင်တဲ့ လုပ်ငန်း လုပ်ကိုင်ဖို့ B’SMART Telemetric Myanmar ကုမ္ပဏီကို လုပ်ကိုင်ခွင့် ပေးလိုက်ပါပြီ။ ကုမ္ပဏီဟာ အမြန်လမ်းက သွားတဲ့ ကားတွေကို ဘတ်စ်ကား၊ ကုန်တင်ကား စတဲ့ စီးပွားရေး လုပ်ငန်းသုံးကားတွေနဲ့ ကိုယ်ပိုင်ကားတွေရယ်လို့ နှစ်မျိုးခွဲခြားပြီး စက်တွေ တပ်ဆင်၊ စောင့်ကြည့် ထိန်းချုပ် ဝန်ဆောင်မှု ပေးမယ် ဆိုတဲ့ အစီအစဉ်မျိုးပါ။ ဘတ်စ်ကား ကုန်တင်ကားတွေမှာ တပ်ဆင်မယ့် စက်တွေကို GPS, မိုဘိုင်းဖုန်း ဆင်းကဒ်၊ အင်တာနက် စနစ်တွေနဲ့ ချိတ်ဆက်ထားပြီး အဲဒီကား ဘယ်နေရာမှာရောက်နေတယ်၊ အမြန်နှုန်း ဘယ်လောက်နဲ့ မောင်းနေတယ်ဆိုတာကို ထိန်းချုပ်ခန်းကနေ သိနိုင်၊ မှတ်တမ်းတင်ထားနိုင်မယ့် စနစ်မျိုးဖြစ်ပါတယ်။ တကယ်လို့ ယာဉ်မောင်းဟာ သတ်မှတ် အမြန်နှုန်း တစ်နာရီ ကီလို ၁၀၀ ထက် ပိုမောင်းမယ် ဆိုရင် ထိန်းချုပ်နေရာက သိရှိမှာဖြစ်ပြီး သတိပေးတာ၊ နောက်ပိုင်း အရေးယူတာမျိုး လုပ်နိုင်မယ်လို့ ဆိုပါတယ်။
ဒီအတွက် ဘတ်စ်ကားမောင်းသူတွေ၊ ကုန်တင်ကား မောင်းသူတွေဟာ အဲဒီ စက်တွေကို ကုမ္ပဏီကနေ ငှားရမ်း တပ်ဆင်ရမှာပါ။ တပ်ဆင်ခ အဖြစ် တစ်လကို ကျပ် နှစ်သောင်း၊ တစ်နှစ်ကို ကျပ် နှစ်သိန်းလေးသောင်း တစ်ကြိမ်ထဲ ပေးချေရမှာဖြစ်ပါတယ်။ အခုလို နှုန်းထားသတ်မှတ်လိုက်တာကို ဘတ်စ်ကားလိုင်း ပိုင်ရှင်တွေနဲ့ ကုန်တင်ကား ပိုင်ရှင်တွေ စောဒက တက်ကြပါတယ်။ အီလိုက် အဝေးပြေးယာဉ်လိုင်း ကုမ္ပဏီကဆိုရင် သူတို့ ကုမ္ပဏီဟာ ခရီးသွားပြည်သူတွေ လုံခြုံစိတ်ချမှုရှိစေရေးအတွက် အပြည့်အ၀ ဆောင်ရွက်နေတယ်၊ နိုင်ငံတကာမှာ လက်ခံကျင့်သုံးတဲ့ ယာဉ်မောင်းရဲ့ အပြုအမူကို စောင့်ကြည့် အကဲခတ် ကြီးကြပ်တဲ့ စနစ် ကျင့်သုံးနေတယ်၊ အခု ဘီစမတ် ကုမ္ပဏီက အဆိုပြုတဲ့ စက်ကို ငှားရမ်း တပ်ဆင်လိုက်ရင် ခရီးသည်တစ်ယောက်အတွက် လက်မှတ်ခ ၇၅ ကျပ်လောက် ပိုလာမယ်၊ ဒီအခါ သူတို့ ယာဉ်လိုင်းအနေနဲ့ ခရီးသည် တစ်ယောက် ကျပ် ၅၀ စီ တိုးကောက်လို့ ဖြစ်နိုင်မလား၊ အခုလို တယ်လီမက်ထရစ် စနစ်မျိုး ဘယ်နိုင်ငံမှာများ တပ်ဆင် အသုံးပြု အောင်မြင်နေသလဲ၊ ဘီစမတ် ကုမ္ပဏီကို ဘယ်သူတွေက ဘယ်မူတွေနဲ့ ရွေးချယ် လုပ်ကိုင်ခွင့် ပေးလိုက်သလဲ စသဖြင့် မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။
ယာဉ်လိုင်းပိုင်ရှင်တွေ မေးခွန်းထုတ်မယ် ဆိုရင်လည်း ထုတ်စရာပါ။ အဲဒီ အမြန်ကားလမ်းမကြီးကနေ တစ်နေ့ကို ကားအစီးရေ တစ်သောင်းခွဲဝန်းကျင် ဖြတ်သန်းသွားလာနေပါတယ်။ ဘတ်စ်ကားက အစီးရေ ၂၀၀၀ ဝန်းကျင်လောက် ရှိပြီး ကျန်တာတွေကတော့ ကုန်တင်ကားနဲ့ အိမ်စီးကားငယ်လေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘတ်စ်ကား အစီးရေ နှစ်ထောင်နဲ့ တွက်ရင်ပဲ ကုမ္ပဏီဟာ စက်တပ်ဆင် ငှားရမ်းခ တစ်နှစ် ကျပ် သိန်းပေါင်း ငါးထောင်ကျော် ရမယ့် သဘောဖြစ်ပါတယ်။
နောက်ထပ် ရှိသေးတာက ကိုယ်ပိုင်ယာဉ်ငယ်တွေပါ။ ဒီကားတွေနဲ့ ပတ်သက်လို့ကတော့ ဘတ်စ်ကားတွေနဲ့ မတူတဲ့ စက်အမျိုးအစား တစ်မျိုးကို အခမဲ့ တပ်ဆင်ပေးမှာဖြစ်တယ်၊ လမ်းကို တစ်ကြိမ်ဖြတ်ရင် ကျပ်ငွေ ၅၀၀ နှုန်းကောက်ခံမယ်ဆိုပြီး ယေဘူယျ တင်ပြထားတယ်လို့ ဆိုပါတယ်။ နေပြည်တော် အမြန်လမ်းမကြီးပေါ်မှာ တစ်နေ့ ကိုယ်ပိုင်ကားအစီးရေ တစ်သောင်း သုံးထောင်ကျော်လောက် ပြေးဆွဲနေတာမို့ အဲဒီ စက်ငှားရမ်းခ ကနေ ကုမ္ပဏီဟာ တစ်နေ့ ကျပ် ၆၅ သိန်း၊ တစ်လ ကျပ် သိန်း ၂၀၀၀ နီးပါး၊ တစ်နှစ် ကျပ် ၂ ဒသမ ၃ ဘီလျံကျော် ဝင်ငွေရမယ့် သဘောဖြစ်နေပါတယ်။ တကယ်လို့သာ အစိုးရ ဆောက်လုပ်ရေး ဝန်ကြီးဌာနက အမြန်လမ်းမကြီးကို ဖြတ်သန်းသွားတဲ့ ကားတွေ မှန်သမျှ အဲဒီ ဂျီပီအက်စ် စနစ် မဖြစ်မနေ တပ်ဆင်ရမယ်၊ မတပ်ဆင်ရင် ဖြတ်သန်းခွင့် မပြုဘူးလို့ အမိန့်ထုတ်ခဲ့ရင် ဖြစ်ပေါ်လာမယ့် အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်လည်း ယာဉ်လိုင်းပိုင်ရှင်တွေ၊ ယာဉ်ပိုင်ရှင်တွေဟာ ဒီ စနစ် မတပ်ဆင်လိုကြပါဘူး။
အစိုးရဘက်က ဝန်မခံပေမယ့် ဒီ အမြန်လမ်းမကြီးမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆ ဖြစ်မှု လူသေဆုံးမှုတွေကို ကြည့်ရင် လမ်းပြသနာကြောင့် အများကြီး ဖြစ်ပွားတာ တွေ့နိုင်ပါတယ်။ လမ်းကို ခြောက်လမ်းသွား ခင်းထားရာကနေ တံတားကို ရောက်တဲ့အခါ လေးလမ်းသွားဖြစ်နေလို့ ဘတ်စ်ကား ချောက်ထဲ ထိုးကျသွားတဲ့ ဖြစ်စဉ်တွေ၊ လမ်းကို ကွန်ကရစ် ကြမ်းကြမ်းခင်းထားလို့ ကားဘီးတွေ တာယာပွင့်ထွက်ပြီး ယာဉ်တိမ်းမှောက် သေဆုံးရတဲ့ ဖြစ်ရပ်တွေ၊ ကားလမ်းနဘေး အကာအရံ ကောင်းကောင်းမရှိတော့ ကျွဲတွေ၊ နွားတွေ အမြန်လမ်းပေါ် တက်လာလို့ တိုက်မိပြီး ယာဉ်တိမ်းမှောက်မှု ဖြစ်ရတဲ့ ဖြစ်စဉ်တွေ၊ အမြန်လမ်းပေါ် ဆိုင်ကယ် မမောင်းရ သတ်မှတ်ထားပေမယ့် အမြန်လမ်းတစ်လျောက် ဘေးလမ်းတွေ ဖေါက်လုပ်ထားခြင်း မရှိလို့ လမ်းပေါ်တက်မောင်းတဲ့ ဆိုင်ကယ်နဲ့တိုက်မိပြီး ဖြစ်ရတဲ့ မတော်တဆ မှုတွေ အများကြီးရှိပါတယ်။
ဒါ့အပြင် သိပ်မကြာသေးခင်က ဖြစ်သွားတဲ့ လိုက်ထရပ်စ်ကား တိမ်းမှောက်၊ ကားတစ်ခြား ဘော်ဒီတစ်ခြားဖြစ်ပြီး ကိုရင်ငယ်တွေ သေဆုံးခဲ့တဲ့ မတော်တဆမှုမျိုး ဆိုရင်လည်း စက်မှုဇုံထုတ်ကားတွေရဲ့ ချို့ယွင်းချက်ကြောင့် ဖြစ်ပါတယ်။ ဒါတွေ မပြုပြင်ပဲနဲ့ ယာဉ်မောင်းကို ကြီးကြပ်ဖို့ ဆိုပြီး ခုလို ခရီးသည်တွေ၊ ကိုယ်ပိုင်ယာဉ်မောင်းသူတွေကို ဝန်ပိုစေမယ့် ဂျီပီအက်စ် တပ်ဆင်မယ့် စနစ်မျိုး တကယ်လိုအပ်၊ မလိုအပ် ပြန်စဉ်းစားသင့်သလို၊ အခြားဘယ်နိုင်ငံရဲ့ အောင်မြင်မှုကို အတုယူပြီး အကောင်အထည် ဖော်သလဲ ဆိုတာကိုလည်း မေးမြန်းရပါလိမ့်မယ်။
တကယ်တော့ ယာဉ်နဲ့ ယာဉ်မောင်းတွေကို စောင့်ကြည့်ချင်ရင် နိုင်ငံတကာ နည်းတူ အမြန်လမ်းတစ်လျောက် အရှိန်နှုန်း တိုင်းတာတဲ့ စက်တွေ တပ်ဆင်တာ၊ သတ်မှတ် မြန်နှုန်းထက် ပိုမောင်းတဲ့ ကားတွေကို မှတ်တမ်းတင်ပေးမယ့် အဆင့်မြင့် စီစီတီဗွီ ကင်မရာတွေ လမ်းတစ်လျောက် တပ်ဆင်စေတာ၊ သတ်မှတ်မိုင်နှုန်း ပိုမောင်းတာကို စနစ်တကျ ကြိုတင် စောင့်ဆိုင်း တားဆီးနိုင်မယ့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ချထားတာမျိုး လုပ်သင့်ပါတယ်။ အဲဒါတွေ အကောင်အထည်မဖော်ပဲ ကုမ္ပဏီတစ်ခုကို အကျိုးအမြတ် အကြီးအကျယ်ရစေပြီး ယာဉ်လိုင်းတွေ၊ ယာဉ်ပိုင်ရှင်တွေနဲ့ ခရီးသည်တွေကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့် ဂျီပီအက်စ် တပ်ဆင်၊ ငွေကောက်ခံမယ့် အစီအစဉ်မျိုး အကောင်အထည် မဖော်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။