သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တစ်နိုင်ငံလုံး မှောင်ခိုဖြစ်နေတဲ့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင် တင်သွင်းခွင့်ပြသနာ


Johnnie Walker
Johnnie Walker

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ဆိုင်ခွဲပေါင်း ၃၀၀ ကျော်ပါဝင်တဲ့ စူပါမားကက်နဲ့ စတိုးဆိုင် အုပ်စုကြီးက သူတို့ဆိုင်တွေမှာ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင် နဲ့ စီးကရက်တွေ လုံး၀ တင်ရောင်းတော့မှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ပြန်ကြေငြာပါတယ်။ တကယ်လည်း အဲဒီ အုပ်စုထဲမှာ ပါဝင်တဲ့ စီးတီးမတ်၊ အိုးရှင်း စူပါစင်တာ၊ အေဘီစီ၊ ရူဘီမတ် ဆိုင်တွေဟာ သူတို့ အရောင်းကောင်တာတွေပေါ်ကနေ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နဲ့ စီးကရက်တွေ လုံး၀ ဖယ်ရှားလိုက်ပြီမို့ စားသုံးသူတွေ ဝယ်ယူလို့ မရတော့ပါဘူး။ အဲဒီ လက်လီ အရောင်းဆိုင် အုပ်စုက ဘာကြောင့် ဒီလို ကြေငြာရတာလဲ၊ အဲဒီ ကိစ္စ နောက်ကွယ်မှာ ဘယ်လောက်ကြီးမားတဲ့ ပြသနာကြီးရှိနေသလဲ၊ ရှေ့ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ လေ့လာသုံးသပ်ကြည့်ရအောင်ပါ။

စတိုးဆိုင် အုပ်စုကြီးက ဘာကြောင့်အဲလို ကြေငြာချက် ထုတ်ရတယ် ဆိုတာ မရှင်းခင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်၊ စီးကရက် တင်သွင်းမှုနဲ့ ဈေးကွက်အကြောင်း အရင် ရှင်းပြဖို့ လိုပါလိမ့်မယ်။ အားလုံးမှတ်မိကြပါလိမ့်ဦးမယ်။ အရင် စစ်အစိုးရဟာ ကုန်ပစ္စည်း အုပ်စု (၁၁) စုကို ပြည်တွင်း တင်သွင်းခွင့် မရှိဘူး ဆိုပြီး တားမြစ် ပိတ်ပင်ခဲ့ပါတယ်။ အဲဒီ အုပ်စု (၁၁) စုထဲမှာ နိုင်ငံခြားဖြစ် အရက်၊ ဘီယာတွေ အပါအဝင် စားကုန်သောက်ကုန်၊ အချိုရေ၊ လောင်စာဆီ၊ အဝတ်အထည် ကအစ အမျိုးအစားပေါင်း များစွာ ပါဝင်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ပြည်တွင်းကို တရားမဝင် ကုန်စည် မှောင်ခို တင်သွင်းတဲ့ လုပ်ငန်း အကြီးအကျယ် ဖွံ့ဖြိုးခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာတော့ အဲဒီ ပိတ်ပင်ထားတဲ့ ကုန်စည် အတော်များများကို တရားဝင် တင်သွင်းခွင့် ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဘီစကွပ်မုန့်လို၊ ခေါက်ဆွဲခြောက်လို၊ အချိုရည်လို ကုန်စည်တွေ တရားဝင် တင်သွင်းခွင့် ရလာပါတယ်။ ဒါပေမယ့်လည်း နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင် နဲ့ စီးကရက် တင်သွင်းခွင့်ကိုတော့ လုံး၀ ပိတ်ပင်ထားဆဲ ဖြစ်ပြီး ဒီကနေ့အချိန်ထိ တင်သွင်းခွင့် မပေးသေးပါဘူး။ ဒါပေမယ့် လေဆိပ်တွေမှာ ဖွင့်လှစ်ထားတဲ့ အခွန်လွတ်အရောင်းဆိုင်တွေ နဲ့ နိုင်ငံခြားသားတွေ လာရောက် တည်းခိုတဲ့ ဟော်တယ်ကြီးတွေမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေမှာ အသုံးပြုဖို့ အတွက်ကိုတော့ အကန့်အသတ်နဲ့ တင်သွင်းခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ ဟော်တယ်ကြီးတွေက စားသောက်ဆိုင်တွေမှာ ရောင်းချဖို့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင် တင်သွင်းလိုသူတွေဟာ ဟော်တယ်ခရီး ဝန်ကြီးဌာနရဲ့ ထောက်ခံချက်နဲ့ စီးပွား- ကူးသန်း မှာ ပါမစ်လျောက်ပြီး တင်သွင်းနေကြတာပါ။

ဒါဆိုရင် မေးစရာ မေးခွန်းရှိလာပါပြီ။ လက်ရှိ တစ်နိုင်ငံလုံးက လစ်ကွာဟောက်စ်တွေ၊ ကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ ရောင်းနေတဲ့ ဂျော်နီဝါကား ၊ ဂျက်ဒန်နီယယ်၊ ချီးဗက်စ်လို အရက်တွေ၊ ဟင်နီကင်၊ ဘီယာချန်း၊ ဆင်းဂါး နဲ့ ဘတ်ဝိုက်ဇာလို ဘီယာတွေ၊ သြစတြေးလျနဲ့ ပြင်သစ် ဝိုင်တွေ ဘယ်က ဝင်လာပြီး ဘယ်လို ရောင်းနေကြသလဲလို့ မေးစရာ ရှိလာပါတယ်။ ပြောရရင် အားလုံးဟာ လုံး၀ ရောင်းချခွင့် မရှိပဲနဲ့ တရားမဝင် ရောင်းချနေကြတာချည်းပါ။ ရဲတပ်ဖွဲ့လို သက်ဆိုင်ရာ အာဏာပိုင်တွေက အချိန်မရွေး ဝင်ရောက်ဖမ်းဆီး အရေးယူနိုင်တဲ့ မှောင်ခို ပစ္စည်းတွေချည်းပါ။

ဒီ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်၊ စီးကရက်တွေဟာ မြန်မာနိုင်ငံတစ်ဝှမ်းကို လမ်းကြောင်းနှစ်ခုကနေ ဝင်ရောက်လာပါတယ်။ တစ်နည်းကတော့ နယ်စပ်၊ ရေလမ်း နဲ့ လေဆိပ်တွေကနေ မှောင်ခို ခိုးသွင်းလာတာတွေပါ။ နောက်တစ်နည်းကတော့ အစိုးရက အခွင့်ထူးပေးထားတဲ့သူတွေက အခွန်လွတ်ဆိုင် နဲ့ ဟော်တယ်စားသောက်ဆိုင်တွေ အတွက်ဆိုပြီး တရားဝင် လိုင်စင်လျောက်၊ အဲဒီအတွက် တရားဝင် အခွန်ဆောင်ပြီး သွင်းလာတာတွေထဲက ပြန် ဖြန့်ဖြူးရောင်းချနေကြတာတွေပါ။ တရားဝင် လမ်းကြောင်းကပဲ ပါမစ်ရပြီး သွင်းသွင်း၊ မှောင်ခိုပဲ သွင်းသွင်း ဘယ်စတိုးဆိုင်၊ ဘယ် စားသောက်ဆိုင်ကမှ အဲဒီ အရက်၊ ဘီယာ၊ ဝိုင်၊ စီးကရက်တွေကို ရောင်းချခွင့် ပြုမထားတဲ့အတွက် တစ်တိုင်းပြည်လုံး မှောင်ခို ဖြစ်နေရတာပါ။

တကယ်တော့ ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးတဲ့ နိုင်ငံ တစ်နိုင်ငံ အနေနဲ့၊ တစ်နှစ်ကို ကမ္ဘာလှည့်ခရီးသည် သန်းနဲ့ချီ ဝင်ရောက်နေတဲ့ နိုင်ငံ တစ်နိုင်ငံအနေနဲ့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်၊ စီးကရက် တင်သွင်းခွင့် လုံး၀ ပိတ်ပင်တားမြစ်ထားတာဟာ အလွန်ထူးဆန်းနေပါတယ်။ မြန်မာနိုင်ငံဟာ အရက်၊ဘီယာ သောက်သုံးမှု တားမြစ်တဲ့ အစ္စလာမ်မစ် နိုင်ငံလည်း မဟုတ်ပါပဲ ခုလို ကန့်သတ်ထားတာကလည်း ထူးခြားနေပါတယ်။ ဖြစ်နိုင်တာ တစ်ခုကတော့ ပြည်တွင်းမှာ အရက်၊ ဘီယာ ထုတ်လုပ်နေတဲ့ ဦးပိုင်လို ကုမ္ပဏီတွေက သူတို့ အကျိုးစီးပွား ထိခိုက်မှာစိုးလို့ ကန့်ကွက်တာ ဖြစ်နိုင်သလို၊ နှစ်ပေါင်းများစွာ အခွင့်ထူးရပြီး အရက်၊ဘီယာ၊ ဝိုင် တင်သွင်းခွင့် ရနေတဲ့ လက်တဆုတ်စာ ခရိုနီ တစ်စုက မနှစ်သက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးပါမစ် ကို ခွင့်ပြုပေးရင်း ကိုယ်ကျိုးရနေတဲ့ စီးပွား-ကူးသန်းနဲ့ ဟော်တယ်ခရီး ဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့ထဲက ထိပ်တန်း အရာရှိကြီးတွေရဲ့ အကျိုးစီးပွားကြောင့် လည်း ဖြစ်နိုင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပြည်တွင်းက အရက်၊ ဘီယာ ထုတ်လုပ်သူများ အသင်းကတော့ နိုင်ငံခြားကနေ တရားမဝင် အရက်၊ ဘီယာ၊ ဝိုင် တင်သွင်း ရောင်းချမှုကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်တာ၊ ကြေငြာချက် ထုတ်တာ တွေ့ရပါတယ်။ သူတို့တွေရဲ့ တိုက်တွန်းနှိုးဆော်ချက်ကြောင့် အရက် ဘီယာ မှောင်ခို တင်သွင်းတာကို အကြီးအကျယ် ဖမ်းဆီးမှု လုပ်ခဲ့သလို၊ ပြီးခဲ့တဲ့နှစ်အတွင်း ဖမ်းဆီးမှုတွေမှာတော့ စီးတီးမတ်လို ကုမ္ပဏီကြီးရဲ့ လက်ခွဲ ကုမ္ပဏီတောင် ဖမ်းဆီးခံရပြီး သိန်းဂဏန်း နီးပါးရှိတဲ့ အရက်၊ ဘီယာနဲ့ ဝိုင် ပုလင်း သိမ်းဆည်းခံရတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ဖူးပါသေးတယ်။ ဒါကြောင့်လည်း အခုလို ကုန်စုံဆိုင် လုပ်ငန်းရှင်တွေ စုပေါင်းပြီး နိုင်ငံခြားဖြစ် အရက်ဘီယာ ဝိုင်တွေ လုံး၀ မရောင်းတော့ဘူးလို့ ကြေငြာလိုက်တာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ မတရား ဖမ်းဆီး အရေးယူတာမျိုး မခံချင်ကြသလို၊ အခွင့်ထူးခံ လူတစ်စုက သွင်းလာတဲ့ အရက်၊ ဘီယာ၊ ဝိုင်တွေကို မရောင်းပေးချင်တော့တာလည်း ပါပါတယ်။

အစိုးရအနေနဲ့ တကယ့် ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးချင်တယ် ဆိုရင် ခုလို တစ်နိုင်ငံလုံး မှောင်ခို ဖြစ်နေတဲ့ ပြသနာ၊ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ ဝိုင် ရောင်းချသူရော၊ ဝယ်ယူသူနဲ့ စားသောက်ဆိုင်မှာ သောက်သုံးသူတွေပါ ဥပဒေအပြင်ဘက် ရောက်နေတဲ့ ကိစ္စ ဖြေရှင်းပေးဖို့ လိုပါတယ်။ ဒီအတွက် အစိုးရနဲ့ နီးစပ်တဲ့ ပြည်တွင်းဖြစ် အရက်၊ ဘီယာ ထုတ်လုပ်သူနဲ့ နိုင်ငံခြားက တင်သွင်းခွင့် ရသူ လက်တစ်ဆုတ်စာ လုပ်ငန်းရှင်တွေကို အကာအကွယ် အခွင့်ထူး ပေးနေမယ့် အစား ဈေးကွက်စနစ်နဲ့ လျော်ညီစွာ စည်းမျဉ်း စည်းကမ်းနဲ့ အခွန်အခ သတ်မှတ်ပြီး နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်တွေကို တရားဝင် တင်သွင်းခွင့်ပြုဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG