သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ငြိမ်းခွင့်ကို မလိုချင်၊ မျှတတဲ့ တရားစီရင်ရေးကိုသာ လိုချင်တယ်


မြန်မာသတင်းသမားများ သတင်းလွတ်လပ်ခွင့်အတွက် ဆန္ဒပြ
မြန်မာသတင်းသမားများ သတင်းလွတ်လပ်ခွင့်အတွက် ဆန္ဒပြ

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ရန်ကုန် မြန်မာဂျာနယ်လစ် ကွန်ယက် ရုံးခန်းကို လာလည်ပြီး သတင်းမီဒီယာ သမားတွေနဲ့ တွေ့ဆုံပါတယ်။ အဲဒီမှာ သတင်းထောက်တွေ၊ အယ်ဒီတာတွေက ဘိုင်မွန်းတည့်နေဂျာနယ် အမှုနဲ့ ပါတ်သက်ပြီး တင်ပြဆွေးနွေးပါတယ်။ ဝန်ကြီးဦးရဲထွဋ်ကတော့ ဒါဟာ တရားစီရင်ရေးဘက်က လုပ်နေတာဖြစ်တယ်၊ သမ္မတကြီးအပါအဝင် အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်လို့ မသင့်တော်ဘူး၊ ဒါပေမယ့်လည်း တရားစီရင်ရေး ကိစ္စ ဆုံးခန်းတိုင်သွားရင် သမ္မတကြီးအနေနဲ့ အုပ်ချုပ်ရေးပိုင်းကနေ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်အောင် သူ့အနေနဲ့ ကြိုးစားပေးမယ်လို့ ပြောပါတယ်။ ဝန်ကြီးဦးရဲထွဋ် ပြောစကားက ဘယ်လို အဓိပ္ပါယ်ရှိပါသလဲ၊ ဘိုင်မွန်းတည့်နေ အမှုကရော ဘယ်လိုဖြစ်တာပါလဲ၊ ဒီပြသနာ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာ ဒီတစ်ပါတ်ဆွေးနွေးတင်ပြသွားပါ့မယ်။

တကယ်တော့ ဝန်ကြီးဦးရဲထွဋ် အပါအဝင် အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတွေ ခုလို ပြောကြတာ ဘိုင်မွန်းတည့်နေ အမှုကျမှ မဟုတ်ပါဘူး။ အခြားအခြားသော အလားတူ နိုင်ငံရေးဆန်တဲ့ အမှုတိုင်းမှာလည်း ဒီလို ပြောခဲ့တာချည်းပါပဲ။ အဓိပ္ပါယ်ကတော့ တိုင်းပြည်မှာ မဏ္ဍိုင်ကြီးသုံးရပ် သူ့ဖာသာသူ လွတ်လွတ်လပ်လပ် ရပ်တည်ပြီး သွားနေတယ်၊ ဒါကြောင့် မဏ္ဍိုင်တစ်ခုကနေ အခြားမဏ္ဍိုင်တစ်ခုကို လွှမ်းမိုးဖို့ မကြိုးစားအပ်ဘူး၊ ဒီအတွက် အမှုတွေ ဖြစ်လာရင် တရားစီရင်ရေးက လွတ်လွတ်လပ်လပ် လုပ်ကြ၊ တရားစီရင်ကြပါစေ၊ ပြီးသွားရင်တော့ အုပ်ချုပ်ရေးပိုင်းကနေ သမ္မတကြီးက လွတ်ငြိမ်းခွင့်ပေးတာတွေ၊ လျော့ပေါ့ခွင့် ပေးတာတွေ လုပ်ပေးလို့ရတယ် လို့ ဆိုလိုရင်းဖြစ်ပါတယ်။ ဝန်ကြီး ဦးရဲထွဋ်ပြောသလို ရှေ့ပိုင်းမှာ အဲလို လုပ်ခဲ့တာချည်းပါပဲ။

တိုက်ရိုက် လင့်ခ်

ဒီနေရာမှာ မေးစရာ မေးခွန်းအကြီးကြီး ရှိလာပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်ဟာ တကယ်ပဲ လွတ်လွတ်လပ်လပ် ဥပဒေနဲ့ အညီ တရားစီရင်နေသလား ဆိုတဲ့ မေးခွန်းပါ။ အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ထုတ် ဘိုင်မွန်းတည့်နေဂျာနယ်မှာ ” ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ်အစိုးအရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF (ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အား စု)က ထုတ်ပြန်” ဆိုတဲ့ သတင်းတစ်ပုဒ်ဖော်ပြခဲ့လို့ သတင်းရေးသူ သတင်းထောက်၊ အယ်ဒီတာ နဲ့ ငွေကြေးထည့်ဝင် လုပ်ကိုင်နေသူ နှစ်ယောက် စုစုပေါင်း (၅) ယောက်ကို ဖမ်းဆီး တရားစွဲဆိုခဲ့ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် သတင်းစာ၊ ဂျာနယ်တစ်စောင် မှာ သတင်းတစ်ပုဒ် ဖော်ပြတာနဲ့ ပါတ်သက်ပြီး အရေးယူဖို့ အကြောင်းပေါ်ပေါက်ခဲ့ရင် သတင်းရေးသူ၊ အယ်ဒီတာ၊ ထုတ်ဝေသူ စသဖြင့် အရေးယူလေ့ရှိပါတယ်။ ဒါပေမယ့် ဘိုင်မွန်းတည့်နေဂျာနယ်ကို အရေးယူတဲ့ ကိစ္စ ထူးခြားချက်ကတော့ အက်စ်ဘီလို့ ခေါ်တဲ့ ရဲအထူးသတင်းတပ်ဖွဲ့ဟာ သတင်းထောက်၊ အယ်ဒီတာလည်း မဟုတ်၊ ထုတ်ဝေသူလည်း မဟုတ်၊ အမှုနဲ့ လုံး၀ သက်ဆိုင်ခြင်း မရှိတဲ့ ငွေကြေးစိုက်ထုတ် လုပ်ကိုင်သူ ကိုကျော်မင်းခိုင်နဲ့ ကိုယဉ်မင်းထွန်း ၂ ယောက်ကိုပါ မရမက ဖမ်းဆီး အမှုထဲ ဇွတ်ဆွဲထည့် အမှုတည်ဆောက်ပြီး တရားရုံးကို တင်ခဲ့ပါတယ်။

အမှု တရားရုံးကိုတင်တော့ ပထမ ပိုင်းမှာ အများပြည်သူ အထိတ်တလန့်ဖြစ်စေမှု၊ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေရန် ကြံရွယ်မှု၊ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ- ၅(ဃ)/ (ည)နဲ့ တင်ခဲ့ပြီး နောက်ပိုင်း ဝေဖန်မှုတွေ များလာတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)/ ၃၄ နဲ့ ပြောင်းလဲ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ရဲက တရားရုံးကို တင်တဲ့ အဓိက အချက်တွေကတော့ ကိုထင်ကျော်တို့ အဖွဲ့ရဲ့ အဲဒီကြေငြာချက်ကို ကြေငြာချက် ထုတ်တဲ့နေ့နဲ့ တစ်ပြိုင်တည်း ထွက်တဲ့ ဂျာနယ်မှာ ဖော်ပြခဲ့တယ်၊ ဂျာနယ်ကို တစ်ရက်စောပြီး ထုတ်ဝေခဲ့တယ်၊ မျက်နှာဖုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ဖော်ပြခဲ့တယ် ဆိုတာပါပဲ။

ဒါနဲ့ပါတ်သက်ပြီး အမှုစတင် ဖြစ်ပွားစဉ်ကတည်းက ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို မီဒီယာတွေက မေးမြန်းတာ ရှိခဲ့ဖူးပါတယ်။ အဲဒီ ထုတ်ပြန်ကြေငြာချက် သတင်းနဲ့ ပါတ်သက်လို့ အလဲဗင်း သတင်းစာ အပါအဝင် ဂျာနယ် အတော်များများမှာ ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့တယ်၊ အဲဒါတွေကိုကျ မဖမ်းပဲ ဘိုင်မွန်းတည့်နေဂျာနယ်ကိုမှ ဘာလို့ ဖမ်းရပါသလဲ ဆိုတဲ့အခါ ဦးရဲထွဋ်က တစ်ရက်ကြိုပြီး ဖော်ပြလို့ ဖမ်းရတာပါ ဆိုပြီး ဖြေခဲ့ပါတယ်။ တကယ်တော့ သတင်းဆိုတာဟာ ကိုယ်က တစ်ရက်ဦးပြီးရရင် တစ်ရက်ကြိုတင် ဖော်ပြချင်ကြတာချည်းပါပဲ။ ဒါကို အားလုံးက နားလည်ကြပါတယ်။ ဒါကြောင့် တစ်ရက်ကြို ဖော်ပြခဲ့တာနဲ့ပဲ ဂျာနယ်တာဝန်ရှိသူတွေဟာ ကြေငြာချက်ထုတ်ပြန်တဲ့ ကိုထင်ကျော်တို့ အဖွဲ့နဲ့ ပူးပေါင်းပြီး တိုင်းပြည် မတည်မငြိမ်ဖြစ်အောင်၊ အထိတ်တလန့်ဖြစ်အောင် လုပ်တယ် ဆိုပြီး ထောင်ချအပစ်ပေးလိုက်တာကတော့ မှန်ကန်မှု ရှိတယ်လို့ မယူဆနိုင်ပါဘူး။

တရားရုံးမှာ ရဲဘက်က နောက်ထပ်စွပ်စွဲတာက ဘိုင်မွန်းတည့်နေဟာ သူ့ပုံမှန် ထုတ်ဝေရက် မဟုတ်ပဲ တနင်္လာနေ့မှာ စောပြီး ထုတ်ဝေတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဂျာနယ်ထုတ်ဝေတဲ့လောကမှာ ဘယ်ဂျာနယ်ကမှ ဂျာနယ်စာမျက်နှာမှာ ဖော်ပြထားတဲ့ ရက်စွဲအတိုင်း မထုတ်ကြပါဘူး။ စောပြီးထုတ်ဝေကြတာချည်းပါ။ ဘိုင်မွန်းတည့်နေ ဆိုရင် အတွဲ (၁) အမှတ်(၁) စ ပြီး ထုတ်ေ၀ စဉ်ကတည်းက တနင်္လာနေ့ပဲ ထုတ်ဝေခဲ့တယ်ဆိုတာ အားလုံးအသိ၊ သက်သေတွေကလည်း ထွက်ဆိုပေးကြပါတယ်။ တကယ့်အမှန်တရားလည်း ဖြစ်ပါတယ်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်ပုံ မျက်နှာဖုံးမှာ ဖော်ပြလို့ ပြည်သူတွေ ထင်ယောင် ထင်မှားဖြစ်တယ်၊ အထိတ်တလန့် ဖြစ်စေတယ် ဆိုတာကိုလည်း ရဲဘက်က တရားရုံးမှာ သက်သေထင်ရှား ပြသနိုင်ခြင်း မရှိပါဘူး။ ပြောရရင် ရန်ကုန်တိုင်း ပန်းပဲတန်းမြို့နယ် တရားရုံးဟာ ဘိုင်မွန်းတည့်နေ ဂျာနယ်အမှုနဲ့ပါတ်သက်ပြီး ဥပဒေအတိုင်း မျှမျှတတ တရားစီရင်တာမျိုး မလုပ်ခဲ့ပါဘူး။ အာဏာပိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရဲအထူးသတင်းတပ်ဖွဲ့ က တင်ပြလာတဲ့ အမှုဖြစ်လို့ စွဲဆိုထားတဲ့ လူအားလုံးကို ဥပဒေအရ အမြင့်ဆုံးပေးနိုင်တဲ့ ထောင်ဒါဏ် ၂ နှစ် ချခဲ့တာဖြစ်ပါတယ်။ ဒီလို ထောင်ဒါဏ် ချမှတ်ခဲ့တာကို ဘယ်မီဒီယာ၊ မီဒီယာသမားနဲ့ တတ်သိနားလည်သူတွေကမှ တရားမျှတမှုရှိတယ်လို့ မယူဆကြပါဘူး။

ပြောရရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တိုင်အောင် တရားရုံးတွေဟာ အာဏာပိုင်တွေက စွဲဆိုတင်ပြလာတဲ့ အမှုတွေဆို အားလုံးနီးပါး အမြင့်ဆုံး ပစ်ဒါဏ်တွေ ချမှတ်ခဲ့တာချည်းပါပဲ။ အခု မီဒီယာသမားတွေ၊ နိုင်ငံရေးသမားတွေ၊ လယ်သမားတွေ မတရားပစ်ဒါဏ်ချမှတ်ခြင်း ခံရသူတွေ လိုချင်နေတာဟာ၊ တောင်းဆိုနေကြတာဟာ သမ္မတကြီးရဲ့ သနားညှာတာသော လွတ်ငြိမ်းခွင့်၊ ပြစ်ဒါဏ်လျော့ပေါ့ခွင့်တွေ မဟုတ်ပါဘူး၊ ဥပဒေနဲ့အညီ မျှတတဲ့ တရားစီရင်မှုကို ခံယူလိုခြင်းပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG