သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေါင်းဆောင်သားသမီးတွေ ဒီမိုကရေစီကျင့်စဉ် အလေးထားသလား


ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ကရင်လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့ တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးပြီး ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေငြာချက်ထဲမှာ သူတို့ (၄) ဖွဲ့ဟာ ကော်သူးလေ တပ်မတော် (KAF) အဖြစ် ပြန်လည် ပေါင်းစည်းဖို့ သဘောတူတယ်၊ ကရင် အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ချမှတ်ထားတဲ့ မူ ၄ ချက် အပေါ် ရပ်တည်သွားမယ်၊ ဒီ ၄ ဖွဲ့ဟာ တစ်ခုတည်းသော ကရင်အမျိုးသား အလံတော် အောက်မှာ ရှိနေပြီး တစ်ဖွဲ့ကို တိုက်လာခိုက်လာရင် အဖွဲ့ တစ်ခုလုံးအနေနဲ့ စုစည်းခုခံကာကွယ် သွားမယ်၊ ဒါ့အပြင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား တပ်ပေါင်းစုနဲ့ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်သွားမယ် စတာတွေ ဖော်ပြထားပါတယ်။

အဲဒီကြေငြာချက် ထွက်ပေါ်လာပြီးနောက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ နောက်ဆက်တွဲ ကြေငြာချက် ထုတ်ပြန်တာတွေ လုပ်ခဲ့သလို၊ ကြေငြာချက် ထုတ်ပြန်ရာမှာ ပါဝင်ခဲ့သူတွေကလည်း သတင်းမီဒီယာတွေကို ရှင်းလင်းပြောဆိုတာလည်း လုပ်ခဲ့ကြပါတယ်။ အဲဒီ ဖြစ်ရပ်အားလုံးကို ခြုံငုံကြည့်လိုက်တဲ့အခါ ကော်သူးလေ တပ်မတော် ပြန်လည် ဖွဲ့စည်းမယ် ဆိုပြီး ကြေငြာချက်ထုတ် လှုပ်ရှားသူတွေထဲမှာ အဓိက ပါဝင်နေကြသူတွေက ကွယ်လွန်သွားကြပြီ ဖြစ်တဲ့ အရင် ကေအဲန်ယူ ဥက္ကဌဟောင်း စောတာမလာဘော နဲ့ စောဘိုမြ တို့ရဲ့ သားသမီးတွေက အဓိက ဇတ်ကောင်နေရာတွေက ပါဝင်နေတာ တွေ့ရပါတယ်။ ဒီကြေငြာချက်ရဲ့ အဖြစ်မှန်ဟာ ဘာလဲ၊ ကေအဲန်ယူ ခေါင်းဆောင် သားသမီးတွေရဲ့ လှုပ်ရှားမှုဟာ ဘယ်ကို ဦးတည်သွားနေသလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ကြေငြာချက်မှာ လက်မှတ်ထိုးထားတာက (၄) ဖွဲ့ပါ။ KNLA, KNDO, DKBA, KNU/KNLA (PC) အဖွဲ့တွေ ဆိုပြီး ဖြစ်ကြပါတယ်။ တစ်ဖွဲ့ချင်းစီကို ကြည့်ရင် KNLA ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်တော် နဲ့ KNDO ကရင့်အမျိုးသားကာကွယ်ရေး အဖွဲ့ ဆိုတာတွေဟာ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးအောက်က လက်နက်ကိုင် တပ်ဖွဲ့ နှစ်ခု ဖြစ်နေပါတယ်။ ကြေငြာချက်ထဲမှာတော့ KNLA ကို ကိုယ်စားပြုပြီး ဒုစစ်ဦးစီးချုပ် က လက်မှတ်ရေးထိုးထားပါတယ်။

တိုက်ရိုက် လင့်ခ်

KNDO ဆိုတာက ကရင့်ရဲတပ်ဖွဲ့ လို့ အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။ ဦးစီးချုပ်အနေနဲ့ လက်မှတ်ထိုးသူကတော့ စောနာဒါးမြ ဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ အရင် ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောဗိုလ်မြရဲ့ သားဖြစ်ပါတယ်။ ဒီကြေငြာချက်နဲ့ ပါတ်သက်ပြီး ထောက်ခံတဲ့အကြောင်း၊ ဒါဟာ ကရင့်အမျိုးသားကွန်ဂယက်ကနေ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်တာဖြစ်တဲ့အကြောင်း သတင်းမီဒီယာတွေကို ထွက်ပြောသူ နှစ်ယောက်ကတော့ ကေအဲန်ယူ ဒုဥက္ကဌ နော်စီဖိုးရာစိန်နဲ့ တပ်မဟာ (၂) တပ်မဟာမှူး ဗိုလ်ချုပ်မဲအေစိန် တို့ပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်လုံးဟာလည်း ကွယ်လွန်သူ ကေအဲန်ယူ ဥက္ကဌဟောင်း စောတာမလာဘော ရဲ့ သားနဲ့ သမီး ဖြစ်နေပါတယ်။ ဒါက ကေအဲန်ယူ ဘက်ကပါ။

အခြား လက်မှတ်ထိုးတဲ့ အဖွဲ့နှစ်ဖွဲ့ဘက်ကို ကြည့်လိုက်တော့ DKBA ကိုယ်စား စစ်ဦးစီးချုပ် စောလားပွယ် လက်မှတ်ကို ဖော်ပြထားပါတယ်။ ဒါပေမယ့် DKBA မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီးစောစိုးမြင့်က သူတို့ ခေါင်းဆောင် စောလားပွယ် လက်မှတ်ထိုးထားတာ မဟုတ်ဘူး၊ အဲဒီအတွက် သူကိုယ်တိုင် ပြသနာ ဖြစ်လာမှာ စိုးရိမ်နေတယ် ဆိုပြီးပြောပါတယ်။ ထူးခြားတာက ဒီ ကြေငြာချက်ကို သဘောတူတဲ့အကြောင်း ဗျူဟာမှူးစောဆန်းအောင်က မီဒီယာကို ပြောခဲ့လေတော့ DKBA တပ်ဖွဲ့ တစ်ခုလုံးရဲ့ သဘောထား မဟုတ်ပဲ စောဆန်းအောင်ရဲ့ သဘောထားလို့ နားလည်နိုင်ပါတယ်။ ဗိုလ်တိုက်ဂါးကတော့ ငြိမ်းချမ်းရေးကောင်စီ အနေနဲ့ လက်မှတ်ထိုးပါတယ်။ ဒီ ကြေငြာချက် ထုတ်ပြီးနောက်ပိုင်း ဗိုလ်တိုက်ဂါးကို ငြိမ်းချမ်းရေး ကောင်စီ PC ကနေ ထုတ်ပယ်လိုက်ပြီ ဆိုတဲ့အကြောင်း သူ့မိခင် အဖွဲ့အစည်းက ထုတ်ပြန်ကြေငြာပါတယ်။

အခု ကြေငြာချက်ကတော့ ကေအဲန်ယူ အဖွဲ့ကြီးနဲ့ မဆိုင်တဲ့အကြောင်း၊ ပါဝင်
လက်မှတ်ရေးထိုးသူတွေ ကိုယ့်သဘောနဲ့ ကိုယ် ထိုးပြီး ထုတ်ပြန်တာ
ဖြစ်တဲ့အကြောင်း၊ ကေအဲန်ယူ ကာကွယ်ရေးဌာနက တာဝန်ခံ စောရော်ဂျာခင်
လက်မှတ်ထိုးပြီး ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။”ပြောရရင် ဒီ ကော်သူးလေ တပ်မတော် ဖွဲ့တယ် ဆိုတာဟာ ကေအဲန်ယူ အဖွဲ့အစည်းကြီး အနေနဲ့ အကောင်အထည် ဖော်တာ မဟုတ်ပဲ KNU အဖွဲ့အစည်းထဲက ခေါင်းဆောင်သားသမီးတွေဖြစ်ကြတဲ့ နော်စီဖိုးရာစိန်၊ စောမဲအေစိန် နဲ့ စောနာဒါးမြ တို့ အဖွဲ့နဲ့ DKBA နဲ့ ငြိမ်းချမ်းရေးကောင်စီ ထဲက အုပ်စု တစ်ချို့ သဘောတူညီချက်လို့ နားလည်နိုင်ပါတယ်။ ဒီ ကေအဲန်ယူ ထဲက ခေါင်းဆောင်သားသမီးတွေ ဦးဆောင်တဲ့ အုပ်စုဟာ ဒီ့အရင်တုန်းကလည်း စောဘောကျော်ဟဲ ရဲ့ တပ်မဟာ(၅) နယ်မြေထဲက ABSDF ခွဲထွက်အဖွဲ့ တစ်ခုကို အသိအမှတ်ပြုခဲ့ဖူးပါတယ်။ အခုလည်း သက်ဆိုင်ရာ တပ်ဖွဲ့ တာဝန်ရှိခေါင်းဆောင်တွေနဲ့ မဟုတ်ပဲ လက်အောက်က သဘောထားကွဲပြားသူတွေနဲ့ ပူးပေါင်းပြီး ကော်သူးလေ တပ်မတော် တည်ထောင်တယ် ဆိုတာမျိုး၊ တိုင်းရင်းသား တပ်ပေါင်းစုလို့ ခေါ်တဲ့ UNFC အဖွဲ့နဲ့ ပူးပေါင်းမယ် ဆိုတာမျိုး ကြောငြာ်လာတာ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီခေါင်းဆောင်သားသမီးတွေဟာ ကေအဲန်ယူ အဖွဲ့ကြီးထဲက တပ်မှူးကြီးတွေ၊ အဖွဲ့အစည်းခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ သမိုင်းအစဉ်အလာကြီးတဲ့ ကေအဲန်ယူ အဖွဲ့ကြီးထဲက ခေါင်းဆောင်တွေ ဖြစ်တာနဲ့အညီ ကေအဲန်ယူ ကွန်ဂယက်က ဖွဲ့စည်းပေးလိုက်တဲ့ ကေအဲန်ယူ ဗဟိုကော်မတီ ရဲ့ ဆုံးဖြတ်ချက်အောက်မှာပဲ အလုပ်လုပ်ကိုင် သင့်ပါတယ်။ သဘောမတူညီနိုင်တာတွေကို ဗဟိုကော်မတီထဲမှာ ဆွေးနွေးနိုင်ပါတယ်။ အခု အဲလို မလုပ်ခဲ့ကြပါဘူး။ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ စုစည်းညီညွတ်ရေး လုပ်ရမယ် ဆိုတာ ၂၀၁၂ ကေအဲန်ယူ ကွန်ဂယက်က ချမှတ်ခဲ့တယ် ဆိုတာတော့ မှန်ပါတယ်။ အဲဒီ ကွန်ဂယက် ဆုံးဖြတ်ချက်ကို KNLA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက အကောင်အထည် ဖော်နေတာကိုလည်း သူတို့ အနေနဲ့ သိပြီးသားပါ။ ဒီလို အခြေအနေမျိုးမှာ အခြားသော ကရင် လက်နက်ကိုင် အဖွဲ့တွေထဲက သူ့မိခင် အဖွဲ့အစည်းနဲ့ သဘောထား မတူသူတွေကို စုစည်းပြီး ကော်သူးလေ တပ်မတော် ဆိုပြီး ဖွဲ့စည်းလိုက်တဲ့ လုပ်ရပ်ဟာ ပေါင်းစည်းတဲ့ လုပ်ရပ်ဖြစ်နိုင်ပါ့မလားဆိုတာမေးစရာဖြစ်နေပါတယ်။ ကိုယ့် ကေအဲန်ယူ အဖွဲ့အစည်းကြီးထဲမှာတောင် သဘောထားမညီမျှမှုတွေနဲ့ အကွဲအပြဲကိုပိုပြီးနက်ရှိုင်းသွားစေနိုင်ပါတယ်။ ခေါင်းဆောင် သားသမီးတွေ အနေနဲ့ ဒီလို အဖွဲ့အစည်းရဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့ အများသဘော ဆန္ဒကို အလေးထားကြောင်းပြသဖို့လိုကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG