သုံးရလွယ်ကူစေသည့် Link များ

ဗုဒ္ဓဘာသာ ပုံရိပ် ပြန် မြှင့်တင်နိုင်တော့မလား


မဟန (၄၇) ပါး စုံညီ အစည်းအဝေးကျင်းပနေစဉ် (ဇူလိုင် ၁၆ ရက်၊ ၂၀၁၆)

အခုရက်ပိုင်း ပြည်သူတွေ စိတ်အ၀င်စားဆုံး သတင်းကတော့ နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ မဟန (၄၇) ပါး စုံညီ အစည်းအဝေး ကျင်းပတဲ့ သတင်းနဲ့ သံဃမဟာ နာယက အဖွဲ့ရဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့နဲ့ ပတ်သက်ပြီး ကြေငြာချက် ထုတ်ပြန်ခဲ့တဲ့ သတင်းပါ။ မဟန အဖွဲ့ကြီးရဲ့ အထင်ကရ ဖြစ်စေတဲ့ ကြေငြာချက်ထဲမှာ မဘသ အဖွဲ့ကြီး ဆိုတာဟာ သံဃာ့အဖွဲ့အစည်း အခြေခံ စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဖွဲ့စည်းထားတဲ့ အဖွဲ့ မဟုတ်ဘူး၊ မဟန အဖွဲ့ကြီးဟာ မဘသ အဖွဲ့ကို ဘယ် တုန်းကမှ အသိအမှတ်ပြုတာလည်း မရှိခဲ့ဖူး ဆိုတာပါပဲ။ ဒါတွေကိုတော့ အများပြည်သူ သိကြပြီးဖြစ်ပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာကတော့ ဇူလိုင် (၁၃) ရက်နေ့ ကျင်းပတဲ့ အစည်းအဝေးမှာ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုရဲ့ မဟန ဆရာတော်ကြီးတွေကို လျောက်ထားတဲ့ လျောက်ထားချက်ပါ။ အဲဒီမှာ ဗုဒ္ဓသာသနာတော် သန့်ရှင်း၊ တည်တံ့ ပျံ့ပွားဖို့ အကောင်အထည် ဖော်ရမယ့် ကိစ္စတွေ အများကြီးပါဝင်ပါတယ်။ မဟန ဆရာတော်ကြီးတွေနဲ့ သာသနာရေး ၀န်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံအတွင်း အမုန်းတရား ဖြန့်ဖြူးမှုတွေ ရပ်တန့် သွားနိုင်မလား၊ နိုင်ငံတကာ အလည်မှာ ကျဆင်းခဲ့ရတဲ့ ဗုဒ္ဓဘာသာ ပုံရိပ် ပြန်ပြီး မြင့်တက်လာစေနိုင်မလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

မဟန အစည်းအဝေးပွဲမှာ ၀န်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံမှာ ရဟန်း၊ သာမဏေ ၅ သိန်း ၃ သောင်းကျော် ရှိတဲ့အကြောင်း၊ တချို့သော ရဟန်း၊သာမဏေတွေဟာ ကြည်ညိုဖွယ် မဆောင်တဲ့ ပြုမူဆောင်ရွက်ချက်တွေကို ရဲရဲတင်းတင်း ပြုလုပ်နေတာကို တွေ့မြင်ကြားသိနေရတဲ့အတွက် သာသနာတော် အတွက် စိတ်မချမ်းမြေ့ ဖြစ်ရတဲ့အကြောင်း၊ သာသနာတော်မြတ် ကြီးရဲ့ ရေရှည် အကျိုးကို မျှော်ကိုးပြီး အဲဒီလို ကြည်ညိုဖွယ် မဆောင်တဲ့ ကိစ္စရပ်တွေကို ထိထိရောက်ရောက် နှိမ်နင်း သင့်တယ်လို့ လျောက်ပါတယ်။ တဆက်တည်းမှာပဲ ၀န်ကြီးက ခုဆိုရင် ဆက်သွယ်ရေးနဲ့ သတင်းနည်းပညာတွေ တိုးတက်လာတာနဲ့အ ညီ ဖေ့စ်ဘုတ်နဲ့ လူမှုကွန်ယက် သတင်းစာမျက်နှာတွေမှာ ဘာသာရေး အဓိက ရုဏ်းနဲ့ လူမျိုးရေး အဓိကရုဏ်း ဖြစ်စေနိုင်တဲ့ အပြောအဆို အရေးအသားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြလို့ သာသနာတော်နဲ့ လျော်ညီခြင်းမရှိတဲ့ လုပ်ဆောင်ချက်တွေ အလျင်အမြန် ပျံ့နှံ့ ဖြစ်ပွားလာနိုင်တဲ့အတွက် အလွန် ဂရုပြုရမယ့် အခြေအနေကို ရောက်နေတယ် ဆိုပြီး လျောက်ထားပါတယ်။ ၀န်ကြီး သူရဦးအောင်ကိုရဲ့ လျောက်ထားချက် မှန်ကန်တယ် ဆိုတာ ဒီကနေ့ အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေ မှာ ပြန့်နှံ့နေတဲ့ ရေး သားပြော ဆိုချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။

ဆက်ပြီး ၀န်ကြီးက ဒီမိုကရေစီစနစ်ရဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ဆိုတဲ့ လူ့အခွင့်အရေးကို အကြောင်းပြုပြီး မလျော်တဲ့ အကြောင်းအရာတွေကို မဟုတ်မမှန် ဖန်တီးရေးသားနေကြလို့ လူမျိုးရေးနဲ့ ဘာသာရေး အဓိက ရုဏ်းဖြစ်အောင်၊ ဘာသာဝင် အချင်းချင်း၊ သံဃာတော် အချင်းချင်း၊ အထက်အောက် သံဃာ့အဖွဲ့အစည်း အတွင်း ပဋိပက္ခဖြစ်ပွားလာနိုင်တဲ့အတွက် ဆရာတော်ကြီးတွေ အနေနဲ့ သံဃာ့အဖွဲ့အစည်းအားလုံး ညီညွတ်မှုကို ပိုပြီး အလေး ထားဆောင် ရွက်သင့်တဲ့ အချိန်အခါ ဖြစ်တယ် ဆိုပြီး လည်း လျောက်ထားပါတယ်။

ဝန်ကြီးသူရဦးအောင်ကိုဟာ ပုံနှိပ် စာစောင်တွေမှာ ဖြစ်ပေါ်နေ တဲ့ ပြသနာတွေ ကိုလည်း မေ့လျော့မထားပါဘူး။ သူက အခုဆိုရင် လစဉ်ထုတ် ဘာသာရေးဆိုင်ရာ စာစောင်တွေ၊ မဂ္ဂဇင်းတွေ၊ တရားစာ အုပ်တွေ အများအပြား ထွက်ပေါ်နေ တဲ့အကြောင်း၊ တချို့စာစောင် စာအုပ်တွေမှာ ထေရ၀ါဒ ဓမ္မ၀ိနိယ နဲ့ မညီညွတ်တဲ့ အဓမ္မ၀ါဒတွေ ပြန်ပြီး ခေါင်းပြူလာမယ့် အရိပ်အယောင်တွေမို့လို့ သာသနာတော် သန့်ရှင်းရေးအတွက် အထူးသတိထားရမယ့် အနေအထားမျိုး ဖြစ်နေတယ် ဆိုပြီး လျောက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရဟန်းသာမဏေ အများကြီးရှိတဲ့အထဲ အများစုဟာ ကိုယ့်ကျောင်း တိုက်ထဲမှာပဲ စာကျက် စာအံတာ၊ တရားဓမ္မ ကျင့်ကြံအားထုတ်တာ စတဲ့ ဘုရားရှင် ဆိုဆုံးမတဲ့ သြ၀ါဒနဲ့အညီ သီတင်းသုံးနေကြပေမယ့် တချို့ ရဟန်း သာမဏေတွေကတော့ မလျော်ကန်တဲ့ ကာလ ဒေသတွေနဲ့ ဖေ့စ်ဘုတ်နဲ့ လူမှုကွန်ယက်တွေမှာ အချိန်ဖြုန်းနေကြတာမျိုးလည်း ရှိနေတဲ့အကြောင်း၊ အဲဒီ ရဟန်း သာမဏေတွေကို ပဓာန နာယက ဆရာတော်ကြီးတွေ အနေနဲ့ ညွှန်ကြား လွှာ ၇၂ နဲ့အညီ တင်းတင်းကြပ်ကြပ် ဆုံးမပေးဖို့ လိုတယ်ဆိုပြီး လျောက်ပါတယ်။

တကယ်တော့ သံဃာ့ အဖွဲ့အစည်းကြီးမှာ အကျင့်သီလ ဖေါက်ဖျက်တဲ့ ရဟန်းသာမဏေတွေကို တားဆီးဆုံးမနိုင်ဖို့ ညွှန်ကြားလွှာ အမှတ် ၇၅ ကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ထုတ်ပြန်ထားပြီး ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် သက်ဆိုင်ရာ မြို့နယ်အဆင့် သံဃနာယက အဖွဲ့တွေအနေနဲ့ အဲဒီ ကြည်ညိုဖွယ် မဆောင်တဲ့ အမှုတွေ ကျူးလွန်နေတဲ့ ရဟန်း သာမဏေတွေကို ထိထိရောက်ရောက် စစ်ဆေး အရေးယူပေးဖို့ လိုနေတဲ့အကြောင်း၊ ဒီလို အကောင်အထည်ဖော်နိုင်ဖို့ ဆိုရင် မြို့နယ်အဆင့် သံဃာ့အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်နိုင်စွမ်းဟာ အရေးပါလှတာမို့ ဆရာတော်ကြီးတွေကိုယ်တိုင် ဦးဆောင် လမ်းညွှန်မှုပေးဖို့ လိုတဲ့အကြောင်း၊ ဆရာတော်ကြီးတွေက အဲလို အမှုအခင်းတွေကို ဓမ္မစက်နဲ့ ဆောင်ရွက်ပြီး အစိုးရဘက်ကနေ အာဏာစက်နဲ့ အကောင်အထည် ဖော်ပေးမယ်ဆိုရင် သာသနာတော် သန့်ရှင်းစင်ကြယ်ပြီး တိုးတက်ပျံ့ပွားနိုင်မယ်လို့ သူယုံကြည်တဲ့ အကြောင်း လျောက်ထား ခဲ့တာ တွေ့ရပါတယ်။

ဝန်ကြီး သူရဦးအောင်ကို လျောက်ထားခဲ့တာတွေဟာ အမှန်ပါပဲ။ လွန်ခဲ့တဲ့ ရာစုနှစ် တစ်ဝက်ကျော် လောက် မြန်မာနိုင်ငံက ရဟန်းသံဃာတွေဟာ စစ်အာဏာရှင်တွေ လက်အောက် သီတင်းသုံး နေထိုင်ခဲ့ကြရပါတယ်။ စစ်အာဏာရှင်တွေဟာ သံဃာ့အဖွဲ့အစည်းတွေကို သူတို့အာဏာ တည်မြဲရေးအတွက် အသုံးချတာ၊ အာဏာကို အံတုမယ့် အရိပ်လက္ခာတွေ့တယ် ဆိုရင် သံဃာရော၊ ကျောင်းတိုက်ရော မရှောင် အကြမ်းဖက် စီးနင်း၊ ၀င်ရောက်၊ ရိုက်နှက်၊ ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချတာ တောက်လျောက် လုပ်ကိုင်ခဲ့ကြပါတယ်။ တကယ်လုပ်သင့်တဲ့ သာသနာတော် သန့်ရှင်း တည်တံ့ရေး အလုပ်တွေ မလုပ်ခဲ့တဲ့အတွက် ဒီကနေ့အချိန် မြန်မာနိုင်ငံ လူဦးရေရဲ့ တစ်ရာခိုင်နှုန်းလောက် ရှိတဲ့ သံဃာထုထဲမှာ ကိုယ်ကျိုးစီးပွားဆိုင်ရာ ပြသနာတွေ၊ သံဃာလို မနေ၊ လူလို နေထိုင်နေကြတာတွေ၊ ကြည်ညိုဖွယ် မဆောင်တဲ့ အမှု ကျူးလွန်နေကြတာတွေ အများကြီး တွေ့ကြရမယ် ဖြစ်ပါတယ်။ တချို့ သံဃာ၊ သာမဏေတွေကတော့ အဲဒီအဆင့်တက် ကျော်လွန်ပြီး ဘာသာခြား အမုန်းတရား ဟောပြောတာ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာ၊ ဒုတ်ဆွဲ ဓားဆွဲ အကြမ်းဖက်မှုတွေထဲ ကိုယ်တိုင် ပါဝင်တာ အထိ ဖြစ်လာနေ တာကိုလည်း တွေ့နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သာသနာရေး ၀န်ကြီး သူရဦးအောင်ကိုကနေ မဟန ဆရာတော်ကြီးတွေဆီ လျောက်ထားတာတွေကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်ရေး ဆိုတာကတော့ သိပ်ပြီး လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ထိပ်ပိုင်းက ဆရာတော်ကြီးတွေ ကိုယ်တိုင် လမ်းညွှန် တိုက်တွန်းမှု၊ အကောင်အထည် ဖော်တဲ့ ဆရာတော်များရဲ့ အားကြိုးမာန်တက် ဆောင်ရွက်မှု၊ ဗုဒ္ဓဘာသာ ပြည်သူလူထုကြီးရဲ့ ၀ိုင်းဝန်း ကူညီ ပါဝင်မှု စတာတွေနဲ့ ပေါင်းစပ်မှသာ သာသနာတော် သန့်ရှင်း၊ တည်တံ့ ပျံ့ပွားရေး ဖြစ်ပေါ်လာ မှာ ဖြစ် သလို၊ နိုင်ငံတကာအလည်မှာလည်း ဗုဒ္ဓဘာသာ ပုံရိပ် ပြန်ပြီး မြင့်တက်လာ မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG