အခုရက်ပိုင်း ပြည်သူတွေကြားထဲ စိတ်ဝင်စားကြတဲ့ သတင်းတစ်ပုဒ်ကတော့ သစ်ခိုးထုတ်တယ် ဆိုပြီး ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား (၁၅၀) ကျော်ကို မြစ်ကြီးနား တရားရုံးကနေ တစ်သက်တစ်ကျွန်းလို အမြင့်ဆုံး ပြစ်ဒါဏ်တွေ ချမှတ်လိုက်တဲ့ ကိစ္စပါ။ ဒီလို ပြင်းထန်တဲ့ ထောင်ဒါဏ်တွေ ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရဘက်က ဝေဖန်ပြောဆိုတာတွေ၊ တရုတ်နေ့စဉ် သတင်းစာတွေက ကန့်ကွက်ရေးသားတာတွေ ရှိခဲ့ပါတယ်။ မြန်မာ အစိုးရဘက်ကတော့ ဒါဟာ အစိုးရအနေနဲ့ ဝင်ရောက် စွက်ဖက်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး၊ တရားစီရင်ရေး မဏ္ဍိုင်က သူ့ဖာသာသူ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်တဲ့ ကိစ္စပဲ ဆိုပြီး ဖြေရှင်းပါတယ်။ ခုလို မြန်မာ့ တရားရုံး တစ်ခုကနေ တရုတ်နိုင်ငံသား အများအပြားကို နှစ်ရှည် ထောင်ဒါဏ်တွေ ချမှတ်လိုက်တာဟာ ဘာ အဓိပ္ပါယ် ဆောင်ပါသလဲ၊ နောက်ထပ် ဘာ ဆက်ဖြစ်လာနိုင်သလဲ၊ မြန်မာ အစိုးရနဲ့ တရားရုံးရဲ့ အရေးယူဆောင်ရွက်မှုဟာ မြန်မာ့သစ်တွေကို တရုတ်ဘက်က နှစ်ရှည်လများ ခိုးထုတ်နေတာတွေ ရပ်ဆိုင်းသွားနိုင်ပါ့မလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက မြန်မာ့တပ်မတော်ဟာ နယ်စပ်မှာ သစ်ခိုးထုတ်နေတဲ့ အဖွဲ့တွေကို အရေးယူဖမ်းဆီးနိုင်ဖို့ KIA ကေအိုင်အေ ကချင်ပြည် လွတ်မြောက်ရေး တပ်ဖွဲ့ နယ်မြေထဲကို ထိုးစစ်ဆင်နွဲှခဲ့ပါတယ်။ လေကြောင်း ပစ်ကူတွေပါတဲ့ အဲဒီ ထိုးစစ်အပြီး တရုတ်နိုင်ငံသား (၁၅၀) ကျော်၊ တရုတ်ပြည်ထဲ သယ်ယူဖို့ ပြင်ဆင်ထားတဲ့ သစ်လုံးတွေ၊ သစ်ထုတ်ရာမှာ အသုံးပြုတဲ့ ယာဉ်ယန္တရားတွေနဲ့ စက်ပစ္စည်းကရိယာတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် နယ်စပ် သစ်ခိုးထုတ်မှုကို မြန်မာစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက် ဖမ်းဆီးမှုတွေ လုပ်ခဲ့ပြီး နှစ်ပေါင်းများစွာအတွင်း သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား အများအပြား ဖမ်းဆီး တရားရုံး တင်နိုင်မှုလည်း ဖြစ်ခဲ့ပါတယ်။
တကယ်တော့ လက်နက်ကိုင်တွေ ကြီးစိုးတဲ့ နယ်စပ်ကနေ မြန်မာ့သစ်တွေကို တရုတ်နိုင်ငံဘက် ထုတ်ယူနေတာ အလွန်ကြာမြင့်ခဲ့ပါပြီ။ ၁၉၈၀ခုနှစ် ကျော် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ တပ်ဖွဲ့တွေ တရုတ်နယ်စပ်မှာ ခြေကုတ်ယူထားစဉ်ကတည်းက တရုတ်နိုင်ငံဘက် သစ်ထုတ်ယူခဲ့မှုတွေ ရှိခဲ့ပြီး KIA ထိန်းချုပ်နယ်မြေမှာလည်း အလားတူ သစ်ထုတ်ယူမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုလဲပြီး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အရင် စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲလိုက်တဲ့အခါ နယ်စပ်ကနေ တရုတ်ဘက် သစ်ထုတ်လုပ်မှုဟာ တရားဝင်သဖွယ် ပိုပြီး များပြားလာပါတယ်။ တရားဝင် သဖွယ်လို့ ပြောရတာက လက်နက်ကိုင် တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့တွေဟာ အစိုးရဆီက သစ်ခုတ်ခွင့် ပါမစ် တစ်စောင် နှစ်စောင် တောင်းယူ၊ အဲဒီ ပါမစ်တွေကို အကြောင်းပြုပြီး သူတို့ ထိန်းချုပ်ရာ ဒေသတွေကနေ သစ် အကြီးအကျယ် ထုတ်ခဲ့ကြလို့ ဖြစ်ပါတယ်။
လက်နက်ကိုင် တိုင်းရင်းသားတွေ အနေနဲ့ အဲဒီအချိန်က သူတို့ပိုင် နယ်မြေတွေကနေ သစ်ထုတ်ယူခဲ့တာဟာ သစ်ထုတ်ယူတယ်လို့သာ ပြောရ၊ တကယ့် တကယ်လက်တွေ့မှာတော့ သစ်တောကို လက်ညှိုးထိုး ရောင်းစားတာမျိုးလောက်ပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေဟာ သူတို့နဲ့ မိသားစုဝင်တွေ သစ်ထုတ်ခွင့် ပါမစ်ရယူ၊ တရုတ်သူဌေးကို ပါမစ် လက်လွဲှရောင်းစား လိုက်တာပါ။ တရုတ်ဘက်က ကုမ္ပဏီတွေက သူ့ဖာသာသူ လမ်းဖေါက်၊ သူ့လုပ်သားတွေနဲ့ သူ့ဖာသာသူ သစ်ထုတ်၊ နယ်စပ်ရောက်မှ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့ကို အခွန်ဆောင်ပြီး တရုတ်နိုင်ငံထဲ သစ်ထုတ်ယူသွားတာပါ။
နောက်ပိုင်း တရုတ်ဘက်ကို သစ်ထုတ်ယူတာတွေဟာ လက်နက်ကိုင်တိုင်းရင်းသားတွေ ထိန်းချုပ်ထားတဲ့ နယ်မြေက သစ်တွေတင်မကတော့ပါဘူး။ အစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေက သစ်တွေပါ လက်နက်ကိုင် အဖွဲ့ နယ်မြေတွေထဲ ဖြတ်ပြီး တရုတ်ပြည်ဘက် ခိုးထုတ်မှု လုပ်တာမျိုး ရှိခဲ့ပါတယ်။ ဒီလိုနည်းနဲ့ မြန်မာနိုင်ငံရဲ့ ခေါင်မိုးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက မိုးသစ်တောတွေ ပျက်သုဉ်းခြင်းမက ပျက်သုဉ်းပြီး ရေကြီးတာ၊ ရာသီဥတု ပူနွေးတာလို သဘာ၀ ဖေါက်ပြန်တဲ့ ပြသနာတွေ ကြုံလာရတဲ့အထိပါပဲ။
အခုလို မြန်မာ့သစ်တွေ တရုတ်ဘက် စည်းမရှိ ကမ်းမရှိ ခိုးထုတ်နိုင်တာဟာ မြန်မာနိုင်ငံတွင်းမှာ ပြည်တွင်းစစ် ဖြစ်ပွားနေတာရယ်၊ အဂတိလိုက်စားမှု ကြီးမားတာရယ်၊ တရုတ်နိုင်ငံဘက်ကလည်း မြန်မာအစိုးရ ဖြစ်စေ၊ လက်နက်ကိုင်တွေဆီက ဖြစ်စေ၊ ဘယ်သူ့ဆီကမဆို တရားဝင် သဘော သစ်နဲ့ သယံဇာတ တွေ ထုတ်ယူနိုင်တယ်ဆိုပြီး ပေါ်လစီ ချမှတ်ထားလို့ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေကလည်း သူတို့ တပ်ဖွဲ့ ရံပုံငွေနဲ့ ကိုယ်ကျိုးစီးပွားအတွက် တရုတ်ဘက် သစ်ထုတ်ကြပါတယ်။ မြန်မာအစိုးရ ထိန်းချုပ်ရာနယ်မြေက ခရိုနီကုမ္ပဏီတွေနဲ့ အဂတိလိုက်စားတဲ့ အရာရှိတွေကလည်း ကိုယ်ကျိုးစီးပွားအတွက် သစ်ခိုးထုတ်ကြတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာတဲ့အခါ သစ်ထုတ်လုပ် တင်ပို့မှုနဲ့ပတ်သက်တဲ့ ပေါ်လစီတစ်ချို့ ပြောင်းလဲလာပါတယ်။ ပြီးခဲ့တဲ့ နှစ်ကစ ပြည်ပကို သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းလိုက်ပါတယ်။ ဒါပေမယ့် နယ်စပ်ကနေ တရုတ်ဘက် သစ်ခိုးထုတ်နေတာတွေကိုတော့ တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။
နောက်ပိုင်း အစိုးရနဲ့ ၁၇ နှစ်ကြာ အပစ်ရပ်ထားတဲ့ KIA တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ အစိုးရဟာ နှစ်ပေါင်းကြာရှည် ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ရပ်စဲပြီး ငြိမ်းချမ်းရေးရအောင် ဆွေးနွေးပွဲတွေ လုပ်ပါတယ်။ ဒါပေမယ့်လည်း တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့လို့ အစိုးရအပေါ် အယုံအကြည်မရှိတဲ့ ကေအိုင်အေ တပ်ဖွဲ့နဲ့တော့ အပစ်အခတ် ရပ်စဲရေး မလုပ်နိုင်ခဲ့ပါဘူး။ ဒီအခါ အစိုးရဘက်က ကေအိုင်အေအပေါ် ထားတဲ့ သဘောထားဟာ တစ်ဖက်က ငြိမ်းချမ်းရေး အတွက် စကားပြောပြီး အခြားတစ်ဖက်ကတော့ လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ ရပ်တည်ရာမှာ အလွန်အရေးကြီးတဲ့ ဘဏ္ဍာရေး ရေသောက်မြစ် ဖြတ်တောက်ဖို့ ကြိုးစားလာခြင်းပဲ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းမှာ ဖားကန့်ဘက်က ကျောက်စိမ်းတူးဖေါ်ရေး လုပ်ငန်းတွေကို တူးဖေါ်ထုတ်လုပ်ခွင့် တားမြစ်တာ၊ သစ်ထုတ်ယူမှုတွေကို အရေးယူတာ စတာတွေ ပါဝင်ပါတယ်။ အခုနောက်ဆုံး ဖြစ်စဉ်ကတော့ KIA ထိန်းချုပ်နယ်မြေထဲမှာ သစ်ထုတ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ရာနဲ့ချီတဲ့ တရုတ်တွေကို ဖမ်းဆီး အရေးယူပြခဲ့တာ ဖြစ်ပါတယ်။
အသေအချာ ပြန်ဆန်းစစ်ကြည့်ရင်တော့ နယ်စပ်ကနေ တရုတ်ဘက် သစ်မှောင်ခို ခိုးထုတ်တဲ့ လုပ်ငန်းဟာ တိုင်းပြည်အတွက် နည်းနည်းလေးမှ အကျိုး မဖြစ်ထွန်းစေပါဘူး။ သစ်ခိုးထုတ်ရာကနေ ရတဲ့ ငွေကို အသုံးပြုပြီး ပြည်တွင်းစစ် ပိုပြီး ရှည်ကြာစေသလို အစိုးရဘက်မှာရော၊ လက်နက်ကိုင် တိုင်းရင်းသားတွေ ဘက်မှာပါ ကိုယ်ကျိုးစီးပွားတွေကြောင့် အကျင့်ပျက်မှုကိုပဲ ဖြစ်ပွားစေပါတယ်။ ပိုပြီး ဆိုးတဲ့အချက်ကတော့ သစ်အလွန်အကျွံ ထုတ်ယူမှုကြောင့် သစ်တောပြုန်းတီးမှုကို ဖြစ်စေပြီး သဘာ၀ ပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ထိခိုက်ကျန်ရစ်တာမျိုးပါ။ ဒါကြောင့် လက်ရှိ တရုတ် နိုင်ငံသားတွေကို သစ်ခိုးထုတ်မှုနဲ့ တရားရုံးက ပြစ်ဒါဏ် စီရင်ပြီးနောက် သိပ်မကြာခင်ပဲ သမ္မတ က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွဲှပြောင်းပေးလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နယ်စပ်က တရုတ် ကုမ္ပဏီတွေ မြန်မာ့မြေထဲက သစ်တွေ အလွန်အကျွံ မှောင်ခိုထုတ်ယူနေတဲ့ လုပ်ရပ် လျော့နည်းပပျောက်သွားဖို့ အာမခံချက် တစ်စုံတစ်ရာ ရမှသာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီး ပြစ်ဒါဏ်ချခံရတဲ့ တရုတ်နိုင်ငံသားတွေကို ပြန်လည် လွဲှပြောင်း ပေးအပ် သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။