သုံးရလွယ်ကူစေသည့် Link များ

ရုပ်ရှင် ဆင်ဆာ ဘာကြောင့် ပြန်တင်းကြပ်သလဲ


မင်းသားခန့်စည်သူပါဝင်ရိုက်ကူထားတဲ့ အကြွေးတော်ပုံအောင်ရမည် ဇာတ်ကားဇာတ်ဝင်ခန်းတခန်း (ဓါတ်ပုံ-နေနော်)

အခုရက်ပိုင်း ပြည်တွင်းမှာ အငြင်းအခုံ ပိုများလာတဲ့ ပြဿနာ တစ်ခုကတော့ ရုပ်ရှင် ဗီဒီယိုကို ဆင်ဆာ ပြန်တင်းကြပ်လိုက်တဲ့ ကိစ္စပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင် မြှင့်တင်ရေး အဖွဲ့ တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး တာဝန်ရှိသူတွေ တွေ့ဆုံပြီး ဆင်ဆာ ပြန်တင်းကြပ်တဲ့ ကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ ရုပ်ရှင်လောကသားတွေဘက်က ခုလို ဆင်ဆာ ပြန်တင်းကြပ်တာကို လက်မခံတဲ့အကြောင်း ပြောဆိုခဲ့ပေမယ့် ပြသနာပြေလည်တဲ့ အဆင့်အထိ မရောက်ခဲ့ပါဘူး။ အစိုးရဘက်က ဘာအကြောင်းပြပြီး ရုပ်ရှင်ဆင်ဆာ ပြန်တင်းကြပ်ရတာပါလဲ၊ လက်တွေ့ ဘာတွေ ဘယ်လို တင်းကြပ်တာပါလဲ၊ ဒါကို ရုပ်ရှင်လောကသားတွေ ဘယ်လို သဘောထားကြသလဲ၊ ရှေ့ဘာဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

တကယ်တော့ ရုပ်ရှင်၊ ဗီဒီယို ဆင်ဆာလုပ်တာကို ရုပ်သိမ်းပေးပြီး အခုမှ ပြန်ပေါ်လာတာမျိုးတော့ မဟုတ်ပါဘူး။ အရင်က ရိုက်မယ့် ရုပ်ရှင်၊ ဗီဒီယိုရဲ့ ဇတ်လမ်း ဇတ်ညွှန်းတွေကို အရင်တင်၊ ခွင့်ပြုရင်ရိုက်၊ ရိုက်ပြီးသမျှ ဆင်ဆာအဖွဲ့ဆီ တင်ပြ၊ ဖြတ်ခိုင်းတာဖြတ်၊ ဖြုတ်ခိုင်းတာဖြုတ်၊ ပြင်ခိုင်းတာပြင် အာဏာပိုင်တွေ စိတ်ကျေနပ်မှ ဖြန့်ချီ ပြသခွင့်ရတာမျိုးပါ။ တစ်ချို့ ဇတ်ကားတွေကတော့ လုံးဝ ပိတ်ပင်ခံရပါတယ်။ အစိုးရသစ် လက်ထက်မှာတော့ ဆင်ဆာ အဖွဲ့ထဲမှာ ရုပ်ရှင်အစည်းအရုံး၊ ဂီတ အစည်းအရုံးနဲ့ မြန်မာနိုင်ငံ စာရေးဆရာ အသင်းက ပုဂ္ဂိုလ်တွေကို ပါဝင်စေပြီး ပြောင်းလဲဖွဲ့စည်းပါတယ်။ အစိုးရဘက်ကတော့ ရုပ်ရှင်မြှင့်တင်ရေး၊ ပြည်ထဲရေး ၀န်ကြီးဌာန နဲ့ မြန်မာနိုင်ငံ ရှေ့နေချုပ်ရုံးက တာဝန်ရှိသူတွေ ပါဝင်ကြပါတယ်။ အရင်ကလို အတင်းအကြပ် ဖြတ်ခိုင်းတာ ဖြုတ်ခိုင်းတာ မလုပ်တော့ပဲ “ပြန်ပြင်သင့်တယ်” ဆိုတဲ့ ထောက်ညွှန်ချက်ပဲ လုပ်ပါတော့တယ်။

အဲဒီနည်းနဲ့ ဆင်ဆာ ဖြေလျော့ပေးလိုက်တဲ့အခါ မြန်မာ ဗီဒီယို ဇတ်ကားတွေမှာ မောင်နဲ့နှစ်မ သားနဲ့အမိ မကြည့်ဝံ့တာတွေ၊ ညစ်ညမ်းတာတွေ ပါလာတယ်၊ ဒါကို “ပြန်ပြင်သင့်တယ်” ဆိုပြီး သဘောထားပေးပေမယ့် ဂရုလည်း မစိုက်၊ မပြင်ပဲ ထားတဲ့အတွက် ခုလို အရင်အတိုင်း တင်းကြပ်တဲ့ ဆင်ဆာ စနစ် ပြန်ကျင့်သုံးရတာလို့ အာဏာပိုင်တွေဘက်က ဆိုပါတယ်။ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဘက်က အဲလို စွတ်စွဲပြီး ဆင်ဆာ ပြန်တင်းကြပ်တာကို ရုပ်ရှင် ဗီဒီယို အနုပညာသမားတွေက လက်မခံ၊ ကန့်ကွက်ကြပါတယ်။ လက်ရှိမှာကိုပဲ မြန်မာ့ရုပ်ရှင် မြှင့်တင်ရေး အဖွဲ့က ဆင်ဆာ စိစစ်ပြီး ထောက်ညွှန်ချက် ၁၉ ချက်နဲ့ ပြန်လည် ပြင်ဆင် ရိုက်ကူးဖို့ ညွှန်ကြားလိုက်တဲ့ “အကြွေးတော်ပုံ အောင်ရမည်” ဇာတ်ကား ဂယက်ကလည်း ရိုက်ခတ်လာပါတယ်။ အဲဒီ ဇတ်ကားကို ဒါရိုက်တာ ဇေပေါ ရိုက်ကူးပြီး ခန့်စည်သူ၊ အိချောပို နဲ့ ဟာသ သရုပ်ဆောင်တွေ ပါဝင်ထားကြတာပါ။

ဇတ်ကားဟာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ယောက်အကြောင်း ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ဇတ်လမ်းအစ မင်းသားခန့်စည်သူနဲ့ သူငယ်ချင်း သုံးယောက် စကားပြောခန်းမှာ “ အချို့လူတွေရဲ့ စကားတွေကလည်းကွာ နားထဲမှာ ထော်လော်ကန့်လန့်နဲ့ သူတို့မှာ မိသားစု မရှိတာကျနေတာပဲ၊ တစ်နေ့နှစ်ထောင်လောက်နဲ့ လောက်အောင် သုံးရမယ်တဲ့။ တစ်ချို့ကလည်း မိုက်တီးက ဆလံသအောင် ဗိုက်ကြီး လှန်ပြတဲ့လူနဲ့၊ အမှားစရိုက်ကဲပြီး ပါးရိုက်ဆဲမဲ့လူနဲ့၊ တစ်ချို့ကလည်း မပြတ်မသား တစ်နပ်ပဲ စားတဲ့၊ ပြောရဲသေးတယ်ကွာ၊ ဖယောင်းတိုင် တစ်တိုင်နဲ့ တစ်တိုင်းပြည်လုံး ဘယ်လိုလုပ်ပြီး လင်းမှာလဲ၊ သူတို့တွေက မကောင်းတာတွေ လုပ်တာများပြီး ကောင်းတာလေး လုပ်တာ တစ်ကွက်နဲ့တင် ကျေပြီထင်နေတာ။” လို့ဆိုတဲ့ အခန်း ဖြတ်တောက်ခိုင်းပါတယ်။

အဲဒီအခန်း အပါအ၀င် ဆင်ဆာက ဖြုတ်ပယ်ခိုင်းတဲ့ အခန်းတွေကိုကြည့်ရင် အာဏာပိုင်တွေဘက်က အကြောင်းပြတဲ့ မောင်နဲ့နှစ်မ သားနဲ့အမိ မကြည့်ဝန့်တဲ့ ညစ်ညမ်း ဇတ်ဝင်ခန်းတွေ မဟုတ်တာ တွေ့ကြရမှာ ဖြစ်သလို ဘာသာရေးဆိုင်ရာ ဘယ်လို အစွန်းရောက်မှုမျိုးမှလည်း မပါဝင်ပါဘူး။ ဒါကြောင့် ဆင်ဆာအဖွဲ့ရဲ့ ခုလို လုပ်ရပ်ကို ဒီဇင်ဘာ ၁၀ ရက် အစည်းအဝေးမှာ အရင် ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဟောင်း ဦးဇင်ဝိုင်းကလည်း ကန့်ကွက်ပါတယ်။ သူတို့ ရုပ်ရှင်လောကသားတွေ အနေနဲ့ ဇတ်ကားတွေမှာ မောင်နဲ့နှစ်မ သားနဲ့ အမိ မကြည့်ဝံ့တဲ့ ညစ်ညမ်းတာတွေ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး မုန်းတီးအောင် လှုံ့ဆော်တာတွေ၊ ဘာသာ တစ်ခုနဲ့ တစ်ခု အမုန်းပွားအောင် ရိုက်ကူးတင်ဆက်တာမျိုးတွေ လုပ်ကြမှာ မဟုတ်ကြောင်း၊ ဒီ (၃) ချက်ကလွဲပြီး အခြား အကြောင်းအရာတွေကို ဆင်ဆာဖြတ်တောက်တာမျိုး လက်မခံနိုင်ကြောင်း၊ အကြွေးတော်ပုံ အောင်ရမည် ဇာတ်ကားပါ ဇာတ်ဝင်ခန်းတွေဟာ လက်ရှိ အစိုးရအဖွဲ့ ၀န်ကြီးတွေ၊ အကြံပေးတွေ ပြောဆို လုပ်ကိုင်တာတွေဖြစ်ပြီး စာနယ်ဇင်းတွေကလည်း ရေးသား ပုံနှိပ်ပြီးဖြစ်ကြောင်း ပြောပါတယ်။

အလားတူ လက်ရှိ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ သရုပ်ဆောင် လူမင်းကလည်း ညစ်ညမ်းတယ်လို့ ယူဆ နိုင်စရာဇာတ်ကားဆိုတာဟာ ဇတ်ကားပေါင်း ၁၀၀၀ လောက်မှာမှ တစ်ကားလောက် ရှိတဲ့အကြောင်း၊ လွတ်လပ်ခွင့်ရလာရင် ခုလို ဖြစ်တတ်တာ ဓမ္မတာပဲ ဖြစ်ကြောင်း၊ ဒီလို ဇတ်ကား တစ်ကား နှစ်ကားကို အကြောင်းပြပြီး ဆင်ဆာ ပြန်တင်းကြပ်တာကိုတော့ လက်မခံနိုင်ကြောင်း ပြောပါတယ်။ အလားတူ နာမည်ကြီး ဒါရိုက်တာ ၀ိုင်းနဲ့ အခြား ရုပ်ရှင်လောကသားတွေကလည်း ဆင်ဆာ ပြန်တင်းကြပ်တာကို ကန့်ကွက်ပြောဆိုကြပါတယ်။

တကယ်တော့ အစိုးရဘက်က လုပ်နေတဲ့ပုံက လွတ်လပ်ခွင့်ရလာကာစ ရုပ်ရှင် ဗီဒီယို လောကသား တစ်ယောက်နှစ်ယောက် စည်းဖေါက်တာကို အကြောင်းပြပြီး ရုပ်ရှင်လောကကြီး တစ်ခုလုံး ပျက်စီးနေသယောင် ပုံကြီးချဲ့၊ ဆင်ဆာပြန်တင်းကြပ်ဖို့လုပ်၊ တနည်းအားဖြင့်ဆိုရင် ရုပ်ရှင်လောက နာလံပြန်မထူနိုင်အောင် နှိပ်ကွပ်ဖို့ သဘောမျိုး ဖြစ်နေပါတယ်။ ပုံနှိပ် စာနယ်ဇင်းလောက မှာလဲ ဒီလိုပုံစံ သာဓကတွေရှိခဲ့ဘူးပါတယ်။ ဆင်ဆာ ရုပ်သိမ်းပြီးနောက် စာနယ်ဇင်း ပုံနှိပ်မီဒီယာမှာ ညစ်ညမ်းပုံတွေနဲ့ အညှီအဟောက်တွေ၊ အ၀ါရောင်တွေ လွှမ်းမိုးလာပြီ၊ ဒီအတွက် ပုံနှိပ်- ထုတ်ဝေ ဥပဒေ ပြဌာန်းပေးပါ ဆိုပြီး ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်က လွှတ်တော်ထဲမှာ ပြောဆိုခဲ့တာပါ။

နောက်ပိုင်း စာနယ်ဇင်းသမားတွေရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှု၊ လွှတ်တော် အမတ်တွေရဲ့ ပြင်ဆင်ဖြတ်တောက်မှုကြောင့် ပြန်ကြားရေးဝန်ကြီးဌာနရဲ့တောင်းဆိုချက် မအောင်မြင်ပဲ ဒီကနေ့ မြင်တွေ့နေရတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်မျိုး ရလာတာ ဖြစ်ပါတယ်။ အခု ရုပ်ရှင်၊ ဗီဒီယို ဆင်ဆာ ပြန်တင်းကြပ်တာဟာလည်း ညစ်ညမ်း ဇာတ်ကားတွေကြောင့်လို့ အကြောင်းပြနေပေမယ့် တကယ့် အဖြစ်မှန်ကတော့ နိုင်ငံရေး အကြောင်းအချက် အပါအ၀င် ဘက်ပေါင်းစုံက ဖိနှိပ်ချုပ်ချယ်လိုတာကြောင့် ဆိုတာ ပေါ်လွင်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG