သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထီကနေ ဘယ်သူတွေ အမြတ်ထွက်နေသလဲ


အောင်ဘာလေထီဆိုင်
အောင်ဘာလေထီဆိုင်

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့က အစိုးရဟာ “ အစိုးရ အောင်ဘာလေ ထီ ဥပဒေကြမ်း ” ကို အများပြည်သူ လေ့လာနိုင်ဖို့ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိ အစိုးရ အောင်ဘာလေထီ ဌာနက ထုတ်ဝေမှုတွေကို တွက်ချက်ကြည့်ရင် မြန်မာနိုင်ငံသားတွေဟာ အစိုးရထီကို တစ်နှစ် ပျမ်းမျှ ကျပ်ငွေ ဘီလျံ ၁၂၀ ဖိုးနီးပါး အသုံးပြု ကံစမ်းနေတာ တွေ့ရပါတယ်။ နည်းတဲ့ ငွေ မဟုတ်ပါဘူး။ ဒါဟာ ပြည်သူတွေ အနေနဲ့ လက်လီ ထီတစ်စောင် ကျပ် ၃၀၀ ဈေးနှုန်းနဲ့ ဝယ်ရတာကို အခြေခံပြီး တွက်ချက်ထားတာပါ။ ဒါပေမယ့်လည်း ပြည်သူတွေ ကံစမ်းလိုက်တဲ့ အဲဒီ ငွေအများစုဟာ ဆုမဲအဖြစ် ပြန်မရသလို၊ အစိုးရဆီကိုလည်း အခွန်တွေ အဖြစ် ဝင်မသွားပါဘူး။ အများစုကြီးက ထီကိုယ်စားလှယ်ကြီးတွေနဲ့ အဂတိလိုက်စားတဲ့ အစိုးရအရာရှိကြီးတွေ လက်ထဲ ရောက်ကုန်တာပါ။ တိုင်းပြည်မှာ ထီပြသနာ ဘယ်လို ဖြစ်နေတာပါလဲ၊ အခု ထီ ဥပဒေကြမ်းကို ပြဌာန်းပြီးရင်ရော ဒီပြသနာ ပြေလည်သွားနိုင်မလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အခုဆိုရင် အစိုးရ အောင်ဘာလေ သိန်းဆုဌာနဟာ ထီကို တစ်လ တစ်ကြိမ် အက္ခရာ အလုံး ၄၀ ထုတ်ဝေရောင်းချပါတယ်။ ရောင်းချပုံ စနစ်ကတော့ ၁၁ စောင်ပါ ထီတစ်အုပ်ကို လက်ကားဈေး ကျပ် ၂၀၀၀ နဲ့ ရောင်းပေးပြီး ပုဂ္ဂလိကတွေက ပြည်သူတွေကို ထီတစ်စောင် ကျပ် ၂၀၀ နဲ့ ရောင်းချဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ထီတစ်အုပ် ရောင်းပြီးတိုင်း အစိုးရက ကျပ်ငွေ ၂၀၀၀၊ ပုဂ္ဂလိက က အမြတ်ငွေ ကျပ် ၂၀၀ ရရှိမှာဖြစ်ပါတယ်။ အစိုးရဟာ ထီ ရောင်းရငွေထဲက ၆၀ ရာခိုင်နှုန်းကို ပေါက်မဲတွေအဖြစ် ပြန်ခွဲဝေပေးပြီး ၄၀ ရာခိုင်နှုန်းကိုတော့ အခွန်အဖြစ် ရယူပါတယ်။ ပြောရရင် ထီရောင်းရငွေကို ဆုမဲက ၅၅ ရာခိုင်နှုန်း၊ အခွန်က ၃၆ ရာခိုင်နှုန်းနဲ့ ပုဂ္ဂလိက လက်လီ ရောင်းသူတွေကို ၉ ရာခိုင်နှုန်း အမြတ်ခွဲဝေပေးမယ့် စနစ် လုပ်ထားတာပါ။ ဟိုးအရင် ခေတ်အဆက်ဆက် အဲဒီ စနစ် ကျင့်သုံးခဲ့ပါတယ်။ အဲဒီ ခေတ်ကာလ တလျောက် ပြည်သူတွေဟာ ထီတစ်စောင် ထိုးလိုက်တိုင်း ကံထူးပြီး ပေါက်ရင် ကိုယ့်အတွက် ရသလို၊ မပေါက်လည်း တိုင်းပြည်က ဝန်ထမ်းတွေအတွက် လစာမှာ အသုံးပြုမယ့် အခွန်အခ အဖြစ် အသုံးပြုနိုင်မယ် ဆိုတာကြောင့် ကြည်ကြည်ဖြူဖြူ ထီထိုးကံစမ်းခဲ့ကြတာပါ။

ထီကနေ ဘယ်သူတွေ အမြတ်ထွက်နေသလဲ
please wait

No media source currently available

0:00 0:06:20 0:00
တိုက်ရိုက် လင့်ခ်

ဒါပေမယ့် အဲဒီအခြေအနေဟာ ၁၉၉၀ခုနှစ် ကျော် အောင်ဘာလေထီ ပေါက်မဲ ဖွင့်ပေးတာကို မင်္ဂလာစုံတွဲ စနစ် ကျင့်သုံးချိန်ကစ ပျက်စီးသွားခဲ့ပါတယ်။ မင်္ဂလာစုံတွဲ စနစ် ဆိုတာက ဆုမဲကို အတွဲလိုက် ဖွင့်ပေးတာပါ။ ဥပမာ အက္ခရာ တစ်ခုမှာ ထီတစ်ဆု ပေါက်မယ် ဆိုရင် အဲဒီ နံပါတ်နဲ့တူတဲ့ အက္ခရာ အားလုံး ထီပေါက်တဲ့ စနစ်မျိုးပါ။ ဒီအတွက် ထီကိုယ်စားလှယ်တွေဟာ ထီရောင်းတဲ့အခါ ပုံမှန် ထီလက်မှတ်တွေကို ကြိုက်ရာယူ ရောင်းတာမျိုး မလုပ်တော့ပဲ၊ အတွဲလိုက် ပေါက်နိုင်တဲ့ ထီလက်မှတ် အုပ်စုအဖြစ် စီစဉ် ရောင်းချကြပါတော့တယ်။ ဒါပေမယ့် ခက်တာက အောင်ဘာလေ ထီဌာနဟာ ထီလက်မှတ်တွေကို အဲလို စီကာစဉ်ကာ ရောင်းချပေးဖို့ တာဝန်မရှိပါဘူး။ ထီကိုယ်စားလှယ် တစ်ဦးစီကလည်း သူဝယ်နိုင်တဲ့ ထီလက်မှတ် အရည်အတွက် တစ်ခုမှာ အက္ခရာစုံ ပါဖို့ မဖြစ်နိုင်ပါဘူး။ ဒီအတွက် အစိုးရ အောင်ဘာလေ ထီဌာနဟာ ထီကိုယ်စားလှယ်တွေကို ရောင်းရိုးရောင်းစဉ် ပုံမှန် မဟုတ်ပဲ အက္ခရာစုံအောင် နားလည်မှုနဲ့ စီစဉ်ရောင်းပေးတာမျိုး လုပ်ရပါတယ်။ ဒီလို အက္ခရာစုံတဲ့ ထီလက်မှတ်မျိုး ရလာဖို့အတွက် ဌာနကို လာဘ်ထိုးရပါတယ်။ ကုန်ကျစားရိတ် ရှိလာတဲ့ သဘောပါ။

ထီကိုယ်စားလှယ်တွေကလည်း အက္ခရာစုံရလာတဲ့ ထီလက်မှတ်တွေကို အရင်ခေတ်ကလို ရိုးရိုးအတိုင်း မရောင်းပဲ အက္ခရာစဉ် အလိုက်စီထားတဲ့၊ စုထားတဲ့ အထုတ်လေးတွေ ပြန်ထုတ်ပြီး ရောင်းဖို့ ပြင်ဆင် ထုတ်ပိုးတာတွေ လုပ်ရပါတယ်။ ပြောရရင် ထီလက်မှတ်တွေဟာ ထီထိုးတဲ့ ပြည်သူတွေဆီ ရောက်ဖို့ ကြားမှာ ကုန်ကျစားရိတ်တွေ ရှိလာတာမျိုးပါ။ ဒါ့အပြင် ထီကိုယ်စားလှယ်ကြီးတွေဟာ ထီလုပ်ငန်းကြီးကို လက်ဝါးကြီးအုပ်ဖို့၊ ချယ်လှယ်နိုင်ဖို့အတွက် အစိုးရ တာဝန်ရှိသူတွေကို လာဘ်ထိုးရတာတွေလည်း ရှိလာပါတယ်။ အဲဒီအချိန်ကစ ထီကုန်သည်တွေဟာ ထီလက်မှတ်တွေကို အစိုးရက ဖြန့်ချီဖို့ သတ်မှတ်တဲ့ နှုန်းထားအတိုင်း မရောင်းတော့ပါဘူး။ အမြတ်တင် ရောင်းချမှုတွေ လုပ်ပါတော့တယ်။

နောက်ပိုင်း အလုပ်အကိုင်ရှားမှုကြောင့် လက်လီ ထီရောင်းသူ အများအပြား ပေါ်ပေါက်လာပြီး အဲဒီလူတွေကို ထီကိုယ်စားလှယ်တွေက စာချုပ်စာတမ်းနဲ့ ချုပ်ကိုင် အမြတ်တင် ရောင်းချမှုတွေ လုပ်လာပါတယ်။ အဓိပ္ပါယ်က ယူသွားတဲ့ ထီလက်မှတ်တွေ ရောင်းမကုန်ရင်လည်း ငွေပြန်မအမ်းဘူး၊ ကိုယ့်ဖာသာကိုယ် ဖြေရှင်း ဆိုတဲ့ စနစ်ပါ။ ဒီ စနစ်ကြောင့် ထီကိုယ်စားလှယ်ကြီးတွေရဲ့ အကျိုးအမြတ်ဟာ သေလည်း သေခြာ၊ ကြောက်စရာကောင်းအောင်လည်း များပြားတဲ့ အကျိုးအမြတ်တွေ ရလာကြပါတယ်။

ခုဆိုရင် အစိုးရက တစ်စောင် ကျပ် ၂၀၀ နဲ့ ရောင်းဖို့ သတ်မှတ်ထားတဲ့ ထီလက်မှတ် တစ်စောင်ကို ပြည်သူတွေက အနည်းဆုံး ကျပ် ၂၅၀ နဲ့ ကျပ် ၃၀၀ အကြားပေးပြီး ကံစမ်းနေရပါပြီ။ ဒီအတွက် ပြည်သူတွေဟာ တစ်နှစ်တစ် ကျပ်ငွေ ဘီလျံ ၃၀ ကနေ ဘီလျံ ၆၀ ဖိုးအကြား နစ်နာနေကြရပါတယ်။ အဲဒီပိုသုံးလိုက်ရတဲ့ငွေ အများစုဟာ လက်ချိုးရေလို့ရတဲ့ ထီကုန်သည်ကြီးတွေ၊ အစိုးရအရာရှိကြီးတွေ နဲ့ အရိုးအယွင်းကိုတော့ လက်လီ ထီရောင်းသူတွေ ရသွားကြပါတယ်။ ထီကို သတ်မှတ်ဈေးနဲ့ မဟုတ်ပဲ အလွန်မြင့်တဲ့ ဈေးနှုန်းပေးပြီး ထီထိုးရတာကြောင့် ထီကနေ ခွဲဝေရတဲ့ အချိုးအစားကလည်း ပြောင်းသွားပါတယ်။ ပြည်သူတွေဟာ ထီအတွက် ငွေ ၁၀၀ သုံးလိုက်ရင် ဆုအဖြစ် ပြန်ရမှာက ၃၆ % ပဲ ရှိပါတော့တယ်။ အစိုးရအခွန်ရမှာက ၂၄ % နဲ့ ထီကုန်သည်ကြီးတွေ၊ လက်လီသမားတွေ ရသွားကြမှာက ၄၀% အထိ ရှိနေတာဖြစ်ပါတယ်။ ပြည်သူတွေ ဘယ်လောက် အမြတ်ထုတ် ခေါင်းပုံဖြတ်ခံနေရသလဲ ထီကုန်သည်ကြီးတွေ ဘယ်လောက် အကျိုးအမြတ် ရှိနေသလဲ ခန့်မှန်းနိုင်ကြမှာပါ။

ဒီလိုဖြစ်ရတာဟာ စက္ကူအသုံးပြု အောင်ဘာလေ ထီစနစ်ကြောင့် ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် စက္ကူထီလက်မှတ် နေရာမှာ E- lottery စနစ် အသုံးပြုဖို့ စီစဉ်နေတယ်၊ အဲဒီ စနစ်အတိုင်းသာဆို ပြည်သူတွေဟာ သတ်မှတ်ထားတဲ့ ဆုကြေးငွေ အချိုးအစား အပြည့်အ၀ ရနိုင်မှာဖြစ်ပြီး အစိုးရကလည်း သတ်မှတ်ချက်အတိုင်း အခွန်ရမှာလို့ ဘဏ္ဍာအခွန် ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။ ဒါကြောင့် ခုလို “ အစိုးရ အောင်ဘာလေ ထီ ဥပဒေကြမ်း ” တင်သွင်းတာ ဖြစ်နိုင်ပါတယ်။ ဒီဥပဒေကြမ်းအရ အစိုးရဟာ E- lottery စနစ် လုပ်ကိုင်ဖို့ ခွင့်ပြုထားပြီး ထီကို သတ်မှတ်နှုန်းထားထက် ပိုရောင်းတာကိုလည်း ထောင်ဒါဏ်ငွေဒါဏ် ချနိုင်တဲ့ ပုဒ်မတွေကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိ လိုအပ်နေတာ E- lottery စနစ် မစနိုင်ခင် စပ်ကြား ပြည်သူတွေ ငွေကြေး အမြောက်အများ ခေါင်းပုံဖြတ်ခံနေရတဲ့ ကိစ္စပါ။ ဒီအတွက် ဥပဒေကြမ်းကို အမြန်အတည်ပြုပြီး ထီကို သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ပြီး ရောင်းတာကို အမြန်အရေးယူသင့်ပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG