သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရအဖွဲ့သစ် ဘယ်လို ဖြစ်လာမလဲ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံစဉ် ( ဓါတ်ပုံ-NLD Chairperson Facebook)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံစဉ် ( ဓါတ်ပုံ-NLD Chairperson Facebook)

အခုဆို လွှတ်တော်တွင်း ဒုသမ္မတ ရွေးချယ်ပွဲတွေ ပြီးဆုံးခဲ့ပါပြီ။ သမ္မတ ရွေးချယ်ပွဲ မလုပ်ရသေးပေမယ့် ဘယ်သူသမ္မတ ဖြစ်လာမယ်၊ ဘယ်သူတွေ ဒုသမ္မတ ဖြစ်လာမယ် အသေအခြာ ပြောနိုင်ပြီ ဖြစ်ပါတယ်။ ဒီကနေ တဆင့် ပေါ်ပေါက်လာမယ့် သမ္မတက ဖွဲ့စည်းမယ့် အစိုးရအဖွဲ့ ဆိုတာ ဘယ်လို အစိုးရအဖွဲ့မျိုး ဖြစ်မယ် ဆိုတာကိုလည်း မှန်းဆ ကြည့်နိုင်ပါပြီ။ ဒီ အစိုးရအဖွဲ့သစ်အနေနဲ့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာအလည်မှာ ကျဆင်းခဲ့တဲ့ မြန်မာ့ဂုဏ်သိက္ခာ မြှင့်တင်ရေး ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

လာမယ့် ရက်ပိုင်းအတွင်း သမ္မတ ရွေးချယ်တင်မြှောက်ပွဲ လုပ်ပြီးသွားရင် ပေါ်ပေါက်လာမယ့် နိုင်ငံတော် အကြီးအကဲတွေကတော့ သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ တွေအဖြစ် အငြိမ်းစားဒုဗိုလ်ချုပ်ကြီး မြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ တို့ ဖြစ်ပါလိမ့်မယ်။ ရွေးချယ်ခံရသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်ကို ကြည့်ရင် အစိုးရပုံသဏ္ဍာန် အကြမ်းဖျဉ်း ပေါ်နိုင်ပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ခုလို သမ္မတ ရွေးချယ်တင်မြှောက်ပွဲ မတိုင်ခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီဟာ ဒေါ်စုကို သမ္မတ အဖြစ် တင်မြှောက်နိုင်ရေး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် တရားဝင် ထုတ်ဖော်ပြောဆိုမှုတွေ မရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး၊ ပုဒ်မ ၅၉(စ) ကို ယာယီ ဆိုင်းငံ့ထားရေး ညှိနှိုင်းလို့ မရဘူးဆိုတာ ပေါ်လွင်ပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အစိုးရအဖွဲ့သစ်ကို ဦးဆောင်နိုင်ဖို့ သူ့ကိုကူညီနိုင်မယ့် သမ္မတ တစ်ယောက် ရွေးချယ်ရေး လုပ်ရပါတော့တယ်။

အစိုးရအဖွဲ့သစ် ဘယ်လို ဖြစ်လာမလဲ
please wait

No media source currently available

0:00 0:05:28 0:00
တိုက်ရိုက် လင့်ခ်

အင်န်အယ်လ်ဒီက ရွေးချယ် တင်မြှောက်မယ့် ဒီသမ္မတ ဟာ တိုင်းပြည် အထွဋ်အထိပ် တာဝန် ယူမယ် ဆိုတာထက် အစိုးရအဖွဲ့ကို ဦးဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကူညီမယ့်သူ ဖြစ်ဖို့ ပိုပြီး အဓိက ကျပါတယ်။ တရားဝင် သဘောအရ သမ္မတ တာဝန်ယူမယ့်သူဟာ နိုင်ငံ့အထွဋ်အထိပ်လည်းဖြစ်၊ လုပ်ပိုင်ခွင့်တွေကလည်း အလွန့်အလွန်များတာမို့ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီနေရင်း တစ်ချိန်ချိန်မှာ စိတ်သဘောထား ပြောင်းသွားတာမျိုး ဖြစ်လို့ မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နည်းနည်းလေးမှ သဘောထားကွဲလွဲလို့ မရပါဘူး။ အလွန် သစ္စာရှိမှဖြစ်မယ့် အနေအထားမျိုးပါ။ တစ်ဖက်မှာလည်း နိုင်ငံ့သမ္မတ ဖြစ်နိုင်လောက်တဲ့ ပညာ၊ မျိုးရိုးဂုဏ်အင်္ဂါ ဆိုတာမျိုးလည်း လိုပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဦးထင်ကျော်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဦးထင်ကျော် သမ္မတ တာဝန်ယူမယ်ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အစိုးရအဖွဲ့ကို ဦးဆောင်သွားမယ် ဆိုတဲ့ သဘောပါ။

ချင်းတိုင်းရင်းသား၊ စစ်အရာရှိဟောင်း ဦးဟင်နရီဗန်ထီးယူ ကို ရွေးချယ်တင်မြှောက်တာကတော့ တိုင်းရင်းသားအရေး ရှေ့တန်းတင်တဲ့ သဘောဖြစ်ပြီး အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေ စုပေါင်း တိုင်ပင် ရွေးချယ်၊ ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်ဘက်က ရွေးချယ်ပေးတဲ့ ဒုသမ္မတ ဦးမြင့်ဆွေကတော့ အုပ်ချုပ်ရေးပိုင်းမှာ နှစ်ပေါင်းများစွာ ပါဝင်လာခဲ့သူဖြစ်ပါတယ်။ သိပ်မကြာခင် တိုင်းပြည်အာဏာ အလွဲှပြောင်း လုပ်တော့မယ် ဆိုတဲ့အခါ မပြီးပြတ်သေးတဲ့၊ ပြီးပြတ်ပြီး ဆက်လည်ပတ်နေသေးတဲ့ အရင် စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ သူတို့ မိသားစုဝင်တွေ၊ သူတို့နဲ့ နီးစပ်သူတွေရဲ့ အကျိုးစီးပွား အမြောက်အများ ကျန်ရစ်ပါတယ်။ တစ်ချို့ အကျိုးစီးပွားတွေကတော့ တပ်မတော်နဲ့ ဆက်စပ်နေပါတယ်။

ဒီလို အကျိုးစီးပွားပေါင်း မြောက်များစွာကို အကာအကွယ်ပေးနိုင်မယ့်၊ စကားပြောပေးနိုင်မယ့် သူတစ်ယောက် စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဘက်မှာ လိုအပ်နေပါတယ်။ အဲဒီလိုအပ်ချက်နဲ့ အကိုက်ညီဆုံးဟာ အရင် ရန်ကုန်တိုင်း တိုင်းမှူးဟောင်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ ဖြစ်ပါတယ်။ သူဟာ စစ်ဗိုလ်ချုပ်အသိုင်းအဝိုင်းရဲ့ အကျိုးစီးပွားကိစ္စတွေကို ထဲထဲဝင်ဝင် ပါဝင်ပတ်သက် သိရှိနားလည်နေသူ ဖြစ်သလို လက်ရှိ ဝန်ကြီးဌာနအသီးသီးက များပြားလှတဲ့ စစ်ဗိုလ်ဟောင်းတွေ အပေါ်လည်း သြဇာညောင်းသူ ဖြစ်တာကြောင့် ဒုသမ္မတ အဖြစ် ရွေးချယ်လိုက်တာ ဖြစ်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်ပြီးတော့လည်း အင်န်အယ်လ်ဒီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက အရိပ်အမြွက် ပြောဆိုထားပြီးဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ ပါတီက နည်းနည်းပဲ ပါမယ်၊ ကျန်တာ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ တိုင်းရင်းသားတွေ ဖြစ်မယ်လို့ ဆိုထားတာပါ။ ဒါကြောင့် အစိုးရအဖွဲ့တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ထိပ်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီမယ့် အရပ်သားသမ္မတ၊ နောက် စစ်ဗိုလ်ချုပ်ဟောင်း ဒုသမ္မတ တစ်ယောက်နဲ့ တိုင်းရင်းသား ဒုသမ္မတ တစ်ယောက်၊ ဝန်ကြီးဌာနတွေကို ကြည့်လိုက်ရင်လည်း အင်န်အယ်လ်ဒီ၊ အင်န်အယ်လ်ဒီ ပြင်ပက ပုဂ္ဂိုလ်တွေ၊ တပ်မတော်သား ဝန်ကြီးတွေ စသဖြင့် ပူးတွဲ ပါဝင်မှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ ဆိုတာဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေးလိုက်သူတွေက ရွေးချယ်ထားသူတွေနဲ့ တပ်မတော်သား စစ်အရာရှိတွေ စုစည်းထားတဲ့ ပုံသဏ္ဍာန်မျိုးပါ။

အခြားတစ်ဖက်မှာလည်း တပ်မတော်ဟာ တစ်သီးတစ်ခြား တည်ရှိနေပြီး သြဇာကြီးတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လည်း ရှိနေမှာဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပထမ အဆင့်လို့ ခေါ်နိုင်တဲ့ ဒီ အခြေအနေအောက်မှာတိုင်းပြည်ကို ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်သူတွေနဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေ ပူးတွဲ အုပ်ချုပ်တဲ့ ပုံသဏ္ဍာန် အဖြစ် တွေ့မြင်ကြရပါလိမ့်မယ်။

ဒါကြောင့် အင်န်အယ်လ်ဒီ အစိုးရလက်ထက် ငြိမ်းချမ်းရေးကို ဘယ်လောက် တည်ဆောက်နိုင်မလဲ၊ တိုင်းပြည် ဘယ်လောက် တည်ငြိမ်မလဲ၊ စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဘယ်လောက် လုပ်နိုင်မလဲ၊ တိုင်းပြည် ဂုဏ်သိက္ခာ မြင့်မားလာအောင် ဘယ်လောက် ဆွဲတင်နိုင်မလဲ ဆိုတာကတော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားသူတွေနဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေ ဘယ်လောက် အတိုင်းအတာ အထိ ပူးပေါင်းဆောင်ရွက်နိုင်ကြသလဲ ဆိုတဲ့အပေါ် မူတည်နေမှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရင် ကောင်းသလောက် တိုင်းပြည် ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG