ခုဆိုရင် သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဟာ (၆) ပွင့်ဆိုင် ဆွေးနွေးပွဲကို မစောင့်တော့ပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း တင်သွင်းလိုက်ပါပြီ။ လွှတ်တော်နဲ့ နီးစပ်တဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တစ်ချို့ရဲ့ ပြောဆိုချက်အရ ဒီ ဥပဒေကြမ်းကို ရေးပြီးထားတာ ကြာပြီ၊ ဒီအတိုင်း လွှတ်တော်တင်၊ ဆွေးနွေး၊ မဲခွဲဆုံးဖြတ်လိုက်ရင် ထောက်ခံသူ ၇၅ ရာခိုင်နှုန်းကျော် မရပဲ အရှုံးနဲ့ ရင်ဆိုင်ရမယ်၊ ဒါကြောင့် (၆) ပွင့်ဆိုင် ဆွေးနွေးပွဲကို စောင့်ဆိုင်းနေကြရတာလို့ ဆိုပါတယ်။ သူတို့ ထင်မြင် ယူဆချက်အရ အဲဒီ ဥပဒေကြမ်းဟာ အင်န်အယ်လ်ဒီ က လက်ခံနိုင်တဲ့ ဥပဒေကြမ်းလို့ မျှော်လင့်ထားပုံပါ။ ဒါပေမယ့် တကယ့်လက်တွေ့ လွှတ်တော်ထဲ တင်လိုက်တဲ့ ဥပဒေကြမ်းဟာ သူတို့ ထင်ထားသလို မဟုတ်ရုံမက၊ တပ်မတော်သား အမတ်တွေက ကန့်ကွက်ရင် အဲဒီ အဆင့်လောက်တောင် ဖွဲ့စည်းပုံကို ပြင်နိုင်မှာ မဟုတ်ပါဘူး။ အခု လွှတ်တော်ထဲ တင်လိုက်တဲ့ ဖွဲ့စည်းပုံ ပြင်ရေးမှာ ဘယ်လို အရေးကြီး အချက်တွေ ပါသလဲ၊ ပြင်နိုင်ဖို့ အခြေအနေ ဘယ်လောက် ရှိမလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ဖွဲ့စည်းပုံ ပြင်ရေး ဥပဒေကြမ်းမှာ ပါတဲ့ လူပြောသူပြော အများဆုံး အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ကနေ တားမြစ်ထားသလို ဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) ပါ။ ၂၀၀၈ ဥပဒေထဲမှာ သမ္မတ လောင်းရဲ့ သား၊သမီး၊ သားမက် နဲ့ ချွေးမတွေဟာ နိုင်ငံခြား အစိုးရရဲ့ ကျေးဇူး သစ္စာကို ခံယူစောင့်ရှောက် ရိုသေသူ၊ နိုင်ငံခြား အစိုးရရဲ့ လက်အောက်ခံ ဖြစ်သူ၊ ဒါမှ မဟုတ် တိုင်းတစ်ပါးရဲ့ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ ဆိုပြီး ပါပါတယ်။ အခု ပြင်ဆင်ချက်မှာတော့ သားမက်နဲ့ ချွေးမတွေကို ပယ်ဖျက်ပေးထားပြီး ကျန်တာကိုတော့ နဂိုအတိုင်း ချန်ထားတာ တွေ့ရပါတယ်။ ဥပဒေကြမ်းကို တပ်မတော်သားတွေက သဘောတူပြီး ပြင်ထားတဲ့အတိုင်း အတည်ပြုခဲ့တယ် ဆိုရင်တောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် တားမြစ်ထားတာကနေ ပြောင်းလဲသွားဦးမှာ မဟုတ်ပါဘူး။
ဒါနဲ့ ပတ်သက်လို့ အင်န်အယ်လ်ဒီ ပုသိမ် အမတ် ဦးဝင်းမြင့်က သူတို့ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ အတွက်ကိုပဲ ထောက်ခံလိုက်တာ၊ အခု ပုဒ်မ ၅၉ (စ) ပြင်ဆင်ထားတာ အပါအဝင် ဥပဒေကြမ်းပါ အချက်တွေကို ထောက်ခံတာ မဟုတ်ဘူးဆိုပြီး သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။ တကယ်တော့ ဒီ ဥပဒေကြမ်းပြုစုတဲ့ဆီမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေက အများစုဖြစ်ပြီး ဥပဒေကြမ်းပါ အချက်အများစုဟာလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ သဘောထားတွေလို့ ပြောရင် ရနိုင်ပါတယ်။ ဒါကြောင့် လွှတ်တော်တွင်း ဆွေးနွေးပွဲမှာ အင်န်အယ်လ်ဒီဘက်က ပုဒ်မ ၅၉(စ) ကို ဖြုတ်ပယ်ဖို့ ဆွေးနွေးနိုင်ပေမယ့် လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ပြည်ခိုင်ဖြိုးပါတီကလည်း သဘောမတူ၊ တပ်မတော်သား အမတ်တွေရဲ့ ကန့်ကွက်မှုနဲ့ပါ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ပုဒ်မ ၅၉(စ) ကိုဖြုတ်ပယ်ဖို့ ကြိုးစားမှု ဘယ်လိုမှ အောင်မြင်နိုင်ဖွယ် မရှိတော့ပါဘူး။
နောက်ထပ် အရေးကြီး အချက်တစ်ခုကတော့ ပြည်သူပေါင်း ၅ သန်းကျော် လက်မှတ်ရေးထိုး ထောက်ခံထားတဲ့၊ ဖွဲ့စည်းပုံ ပြင်ရေးမှာ အခရာကျတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပါ။ မူလ ၂၀၀၈ ဥပဒေမှာ ဖွဲ့စည်းပုံ ပြင်မယ် ဆိုရင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှ ပြင်နိုင်မယ် ဆိုပြီး ဖော်ပြထားပါတယ်။ အခု ပြင်လိုတဲ့ ဥပဒေကြမ်းမှာတော့ အစည်းအဝေး တက်ခွင့်ရှိတဲ့ ကိုယ်စားလှယ် အားလုံးရဲ့ ၇၀ ရာခိုင်နှုန်း ထောက်ခံရင် ပြင်နိုင်တယ် ဆိုပြီး ပြင်ဆင် ထားပါတယ်။ ဒါဟာ တပ်မတော်သား အမတ်တွေ မပါ၊ ရွေးကောက်ခံ အမတ်တွေချည်းပဲ သက်သက်ဆိုရင် ၉၄ ရာခိုင်နှုန်းလောက် ထောက်ခံမှ ဖွဲ့စည်းပုံကို ပြင်နိုင်မယ့် သဘောပါ။ ဒီအချက်ဟာလည်း အင်န်အယ်လ်ဒီ က တောင်းဆိုနေတဲ့ ရွေးကောက်ခံ အမတ် သုံးပုံနှစ်ပုံ သဘောတူရင် ဖွဲ့စည်းပုံကို ပြင်နိုင်ရမယ် ဆိုတဲ့ အချက်နဲ့လည်း အလွန်ကွာခြားနေတာ တွေ့နိုင်ပါတယ်။
တကယ့်လက်တွေ့ အဲဒီ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လွယ်ကူမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဂျပန်နိုင်ငံအခြေစိုက် The Mainichi သတင်းစာနဲ့ တွေ့ဆုံခန်းမှာ ခုအချိန်ဟာ ပုဒ်မ ၄၃၆ ကို ပြင်ဖို့ မသင့်သေးတဲ့ အချိန်တစ်ခု ဆိုပြီး အတိအလင်း ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ဥပဒေကြမ်းမှာ တင်ထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုတာဟာလည်း လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်ရာမှာ ရှုံးနိမ့်မှုနဲ့ ကြုံရဖို့ သေခြာသလောက် ဖြစ်နေတာ တွေ့နိုင်ပါတယ်။
ဥပဒေကြမ်းထဲမှာ ပြင်လိုတယ် ဆိုပြီး တင်ပြထားတဲ့ အရေးကြီး နောက်တစ်ချက် ကတော့ ပုဒ်မ ၆၀ (ဂ) ပါ။ မူလ ဥပဒေမှာ ဒုသမ္မတ အဖြစ် အရွေးချယ်ခံမယ့်သူဟာ ရွေးကောက်ခံ ဖြစ်စေ၊ ရွေးကောက်ခံ မဟုတ်သူ ဖြစ်စေ၊ ဖြစ်ခွင့်ရှိပါတယ်။ အခု တင်ပြတဲ့ ဥပဒေကြမ်းမှာတော့ ရွေးကောက်ခံ အမတ် ဖြစ်ရမယ် လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်ကတော့ တပ်မတော်သား အမတ်တွေဟာ ဒုသမ္မတ လောင်းတစ်ယောက်ကို အမည်စာရင်း တင်သွင်းတဲ့အခါ ကြိုက်ရာ စစ်ဗိုလ်ချုပ် တစ်ယောက်ယောက်ကို ဖြစ်စေ၊ အခြား တစ်ယောက်ယောက်ကို ဖြစ်စေ တင်နိုင်တော့မှာ မဟုတ်ပဲ ရွေးကောက်ခံ အမတ်တစ်ယောက်ယောက် ထဲကပဲ ရွေးချယ်ရမယ် ဆိုတဲ့ သဘောပါ။ ထပ်ဆင့် အဓိပ္ပါယ် ဖွင့်ရရင် နိုင်ငံ့အထွတ်အထိပ် ရာထူးဖြစ်တဲ့ သမ္မတ လုပ်လိုသူတစ်ယောက်ဟာ ဒီအတိုင်း ထိုင်နေလို့ မရတော့ပဲ အမတ်လောင်းအဖြစ် ရွေးကောက်ပွဲ အရင် ဝင်ရမယ် ဖြစ်ပါတယ်။ တစ်နည်းပြောရရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပင် ဖြစ်ပါစေ၊ စောစောစီးစီး အငြိမ်းစားယူ၊ ပြည်ခိုင်ဖြိုးထဲဝင်၊ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ရဲ့ ညွှန်ကြားလမ်းညွှန်မှုအောက်မှာ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ဖြစ်ပါတယ်။
ဒီအချက်ဟာ တပ်မတော်ကို ပြည်ခိုင်ဖြိုးပါတီရဲ့ သြဇာအောက် သွင်းဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ မျှော်မှန်းချက်ဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဆီကို ၂၀၁၄ ဖေဖေါ်ဝါရီလ ၁၈ နေ့ကတည်းက အတိအလင်း လမ်းညွှန်ပေးထားခဲ့တဲ့ အချက်လည်း ဖြစ်ပါတယ်။ ဒီအချက်ကို ပြင်နိုင်ရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်စေ၊ လက်ရှိ သမ္မတ ဦးသိန်းစိန်ဖြစ်စေ၊ အခြား စစ်ဗိုလ်ချုပ် တစ်ယောက်ယောက်ဖြစ်စေ သမ္မတ၊ ဒုသမ္မတ ဖြစ်ဖို့ ရည်မှန်းချက် ရှိတယ်ဆိုရင် သူဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ စီမံခန့်ခွဲမှုအောက်ကနေ ရွေးကောက်ပွဲ ဝင်ကို ဝင်ရမယ်ဆိုတဲ့ သူရဦးရွှေမန်းရဲ့ လိုလားချက် တစ်ခု ဖြစ်ပါတယ်။ ဒီ အချက်ကိုလည်း တပ်မတော်ဘက်က သဘောတူနိုင်ဖွယ် မရှိပါဘူး။
လက်ရှိ လွှတ်တော်ထဲ တင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းမှာ အပိုင်း နှစ်ပိုင်း ပါဝင်ပါတယ်။ ပထမ ပိုင်းကတော့ လွှတ်တော်ထဲ အတည်ပြုပြီးရင်တောင် မပြီးသေးပဲ လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ လိုတဲ့ ပုဒ်မ ၄၃၆ (က) ဆိုင်ရာ အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းမှာ အရေးကြီးတဲ့ ပုဒ်မ ၅၉ (ဃ)(စ)၊ ပုဒ်မ ၆၀(ဂ)၊ ပုဒ်မ ၄၁၈ (ခ) နဲ့ ပုဒ်မ ၄၃၆ တွေ ပြင်ဖို့ ပါဝင်ပါတယ်။ လက်ရှိ ပြည်ခိုင်ဖြိုးက ဦးဆောင်တင်ထားတဲ့ ဥပဒေကြမ်းရဲ့ အနေအထား၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်သားတွေရဲ့ သဘောထားကို ဆန်းစစ်ကြည့်ရင် အရေးကြီးတဲ့ ဒီ အပိုင်းတစ်ပိုင်းလုံးဟာ လွှတ်တော်ထဲမှာတင် အရှုံးနဲ့ ရင်ဆိုင်ရနိုင်ပြီး လူထုဆန္ဒခံယူပွဲ အဆင့်ကို ရောက်လာဖို့ မလွယ်ကူပါဘူး။ ဒီအတွက် သမ္မတ၊ အစိုးရအဖွဲ့နဲ့ တပ်မတော်ဘက်က ဆန္ဒပြုထားပြီးဖြစ်တဲ့၊ လူထုဆန္ဒခံယူဖို့ မလိုတဲ့၊ ပြည်နယ်နဲ့ တိုင်းတွေကို လုပ်ပိုင်ခွင့် ပိုပေးထားတဲ့ ပုဒ်မ ၄၃၆ (ခ) ဆိုင်ရာ အပိုင်းတွေလောက်ကိုပဲ ပြင်ဆင် အတည်ပြုနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။