သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲစနစ် ဘာအကောင်းဆုံးလဲ


၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်များ
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်များ

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ခုဆို လွှတ်တော်ထဲမှာ ရွေးကောက်ပွဲ စနစ်တစ်ခုအကြောင်း အခြေအတင် ဆွေးနွေးနေကြပါပြီ။ ဒါက ဘာကိုပြနေသလဲ ဆိုရင် တိုင်းပြည်အတွက် အလွန့်အလွန်မှ အရေးကြီးတဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး လုပ်ဖို့ တစ်နှစ်လောက်ပဲ လိုတော့တဲ့ အချိန်ထိ ဘယ်လို ရွေးကောက်ပွဲ စနစ်နဲ့ ကျင်းပမလဲ ဆိုတာ ရေရေရာရာ မရှိသေးဘူး ဆိုတာ ပြနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ စနစ်နဲ့ ပါတ်သက်ပြီး လွှတ်တော်က ဘာတွေ လုပ်နေသလဲ၊ ကော်မရှင်က ဘာတွေ အဆိုပြုထားသလဲ၊ ဘယ်လို စနစ်မျိုး ကျင့်သုံးရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

စစ်တပ်က အာဏာသိမ်းပြီး တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တဲ့ ၁၉၆၂ နောက်ပိုင်း နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံမှာ ပါတီစုံ ွ ရွေးကောက်ပွဲတွေ (၃) ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာ တစ်ကြိမ်ကျင်းပပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရပါတယ်။ ဒါပေမယ့် အဲဒီအချိန်က တိုင်းပြည်အုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ် ပြုပေမယ့် အဲဒါနဲ့ ပါတ်သက်ပြီး ဘာမှ အကောင်အထည် ဖော်ပေးတာ မရှိခဲ့ပါဘူး။ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ နောက်တစ်ကြိမ် ကျင်းပခဲ့ပါတယ်။ အားလုံးပါဝင်နိုင်ခြင်း မရှိသလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အဖြစ် အသိအမှတ်ပြု မခံရပါဘူး။ ၂၀၁၂ မှာ လစ်လပ် မဲဆန္ဒနယ်မြေ ၄၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ တစ်ခါ လုပ်ပါတယ်။ ဝင်ပြိုင်တဲ့ နေရာအားလုံးနီးပါး အင်န်အယ်လ်ဒီ ပါတီ အနိုင်ရပါတယ်။

ရွေးကောက်ပွဲစနစ် ဘာအကောင်းဆုံးလဲ
please wait

No media source currently available

0:00 0:06:17 0:00
တိုက်ရိုက် လင့်ခ်

အဲဒီ ရွေးကောက်ပွဲ ၃ ကြိမ်စလုံးမှာ မဲအများဆုံးရသူကို အမတ်အဖြစ် ရွေးချယ်တဲ့ FPTP စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ဒီ ၃ ကြိမ် အတွေ့အကြုံနဲ့ ပါတ်သက်ရင် ရွေးကောက်ပွဲ ရလာဒ်ကို အာဏာပိုင်တွေက အသိအမှတ်မပြုတာ၊ အားလုံးပါဝင်ခွင့်မရတာ၊ လွတ်လပ်တရားမျှတမှု မရှိတာ စတဲ့ ပြသနာမျိုးတွေ ကြုံခဲ့ရပေမယ့် ရွေးကောက်ပွဲ စနစ်ကြောင့် ဘာပြသနာ မှ မပေါ်ပေါက်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အရှုံးကြီးရှုံးခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပြည်ခိုင်ဖြိုးပါတီ နဲ့ အင်န်အယ်လ်ဒီ ပါတီက ခွဲထွက် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ခေါင်းဆောင်တွေဟာ FPTP လို့ခေါ်တဲ့ အနိုင်ရသူကို အမတ်အဖြစ် တင်မြှောက်တဲ့ ရွေးကောက်ပွဲ စနစ်ကိုစတင်ဆန်းစစ်လာပါတော့တယ်။

လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးမှာ လက်ရှိ စနစ်အစား PR ခေါ် အချိုးကျ ကိုယ်စားပြု စနစ် အပါအဝင် အခြား ဖက်စပ် စနစ်တစ်မျိုးမျိုး ကျင့်သုံးဖို့ လွှတ်တော်ထဲကနေ ကြိုးစားလာပါ့တယ်။ မဲဆန္ဒနယ်မြေ တစ်ခုမှာ မဲအများဆုံးရသူ အမတ်ဖြစ်တဲ့ လက်ရှိ စနစ်အစား PR စနစ်ဖြစ်ဖြစ် အခြား ဖက်စပ် စနစ်တစ်ခုခုဖြစ်ဖြစ် ကျင့်သုံးရင် သူတို့ပါတီတွေ ဒီထက် အမတ်အရည်အတွက် ပိုပြီးရွေးချယ်ခံရမယ်လို့ တွက်ဆ မိကြလို့ ဖြစ်ပုံရပါတယ်။ ခုလို အာဏာရ ပြည်ခိုင်ဖြိုးနဲ့ အခြားပါတီ တစ်ချို့ရဲ့ ရွေးကောက်ပွဲ စနစ်ပြောင်းရေးကြိုးပမ်းချက်တွေကို အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားတွေက လက်မခံ၊ ကန့်ကွက်ကြပါတယ်။ တပ်မတော်သား အမတ်တွေကတော့ ကြားနေသဘောမျိုး ရပ်တည်ပြကြပါတယ်။ ပြီးခဲ့တဲ့ လက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ စနစ် ပြောင်းလဲရေး လေ့လာတဲ့ ကော်မရှင်ဟာ သူတို့ တွေ့ရှိချက်တွေ လွှတ်တော်ကို တင်ပါတယ်။ ဒါပေမယ့် အဲလို တင်ပြလာတဲ့ ရွေးကောက်ပွဲ စနစ် အရည်အတွက် နည်းနေတယ်၊ အနည်းဆုံး (၇) မျိုးလောက် တင်ပြပါလို့ သူရဦးရွှေမန်းက ထပ်ပြီး ညွှန်ကြား စေခိုင်းတဲ့အခါ အခုနောက်ဆုံး စုစုပေါင်း (၈) မျိုး လွှတ်တော်ကို တင်ပြထားပြီး ဖြစ်ပါတယ်။ လက်ရှိ အမတ်တွေ ဆွေးလည်း ဆွေးနွေးနေကြပါပြီ။

အဲဒီ ရွေးကောက်ပွဲ စနစ် (၈) မျိုးထဲက (၃) မျိုးကို ကော်မရှင်က ရွေးချယ်ထားပြီး အဲဒီ ၃ မျိုးထဲက တစ်မျိုးမျိုး ကျင့်သုံးဖို့ သင့်တယ်လို့ အဆိုပြုထားပါတယ်။ အဲဒီ (၃) မျိုးကတော့ လက်ရှိ ကျင့်သုံးနေတဲ့ မဲအများဆုံးရသူ အမတ်အဖြစ် ရွေးချယ်ခံရတဲ့ စနစ် နဲ့ နောက်နှစ်မျိုးကတော့ ဖက်စပ် စနစ်တွေဖြစ်ပါတယ်။ ဖက်စပ် စနစ်တွေကို ကျင့်သုံးခဲ့ရင်တောင် ပြည်နယ်တွေမှာ နဂိုအတိုင်း မဲအများဆုံး အနိုင်ရသူ စနစ်ကိုပဲ ဆက်ကျင့်သုံးမယ်လို့လည်း ဆိုထားပါတယ်။ ဖက်စပ် စနစ်တွေလို့ဆိုတဲ့နေရာမှာ အခြေခံအားဖြင့်တော့ ရွေးကောက်ပွဲကို နဂို အတိုင်း ပါတီတွေက အမည်စာရင်း တင်သွင်းသူတွေ၊ တစ်သီးပုဂ္ဂလ တွေ ရွေးချယ်ခံကြရမယ်၊ ပြည်သူတွေကလည်း နဂိုအတိုင်း ကိုယ်ကြိုက်တဲ့သူ တစ်ယောက်ကို မဲပေးရမယ်၊ အဲလို မဲပေးတဲ့အခါ အမတ်လောင်း တစ်ယောက်ဟာ မဲ ၅၀ ရာခိုင်နှုန်း အထက် ရရင် အမတ်အဖြစ် ရွေးချယ်ခံရပြီး ၅၀ ရာခိုင်နှုန်း အောက်ပဲ ရရင်တော့ အမတ်အဖြစ် အရွေးခံရမှာ မဟုတ်ပဲ ရတဲ့ မဲတွေ ပါတီမဲ ဖြစ်သွားပြီး PR စနစ်နဲ့ အချိုးကျ အမတ်နေရာ ပေးမှာ ဖြစ်ပါတယ်။

ပြောရရင် ပြည်သူတွေ မဲပေးရတဲ့ ပုံစံ ပြောင်းမသွားပေမယ့် အမတ်အဖြစ် ရွေးချယ်တဲ့ ပုံစံကိုပဲ ပြောင်းမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီစနစ် ထောက်ခံသူတွေ ပြောတာကတော့ မဲဆန္ဒ နယ်မြေ တစ်ခုမှာ ဝင်ပြိုင်သူ ၂ ယောက်မက ရှိနေမယ်၊ တစ်ယောက်ယောက်က ၅၀ ရာခိုင်နှုန်း အထက် မဲမရဘူး၊ မဲရတာ ပျံ့နေရင် မဲအရည်အတွက် နည်းပြီးရသူတွေ နစ်နာနိုင်လို့ ဒီ စနစ် ကျင့်သုံးသင့်တယ်လို့ အကြောင်းပြကြတာ ဖြစ်ပါတယ်။ တကယ်သာ အဲလို နည်းနဲ့ ရွေးကောက်ပွဲ လုပ်မယ် ဆိုရင် ပြည်သူတွေကို မဲပေးရေးစနစ်နဲ့ ပါတ်သက်ပြီး အထူးအထွေ ပညာပေးဖို့ မလိုတော့ပေမယ့် ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ၊ အမတ်လောင်းတွေ အတွက် ၅၀ ရာခိုင်နှုန်းအထက် မဲမရသူတွေကို PR စနစ်နဲ့ အချိုးကျ ရွေးချယ်နိုင်ရေး ပြသနာ တွေ အများကြီး ရှိလာမှာ ဖြစ်ပါတယ်။

တကယ်တော့ ရွေးကောက်ပွဲလုပ်၊ တိုင်းပြည်ကို စီမံခန့်ခွဲမယ့် အမတ်တွေ ရွေးချယ်တယ် ဆိုတာ အများကြိုက်နှစ်သက် မဲပေးသူ ဖြစ်ရမယ် ဆိုတာ မှန်ပါတယ်။ အမတ်လောင်း ၃ ယောက်နဲ့ အထက်ရှိနေပြီး မဲတွေပျံ့သွားလို့ ၅၀ ရာခိုင်နှုန်း မရတဲ့သူ အမတ်ဖြစ်သွားရင် ကျန်တဲ့ အမတ်တွေရတဲ့ မဲတွေ နစ်နာတယ်၊ ပြည်သူတွေရဲ့ ဆန္ဒလည်း အပြည့်အ၀ မထင်ဟပ်ဘူးဆိုရင် နိုင်ငံတကာမှာ လုပ်သလို မဲအများဆုံးရသူ အမတ်နှစ်ယောက်ကို နောက်တစ်ကြိမ် ပြန်ပြိုင်ခိုင်းပြီး ၅၀ ရာခိုင်နှုန်းကျော် ရသူကို ရွေးချယ်လိုက်ရုံပါပဲ။ အမေရိကန် ပြည်ထောင်စုလို ပြည်နယ် ၅၀ နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံကြီးမှာ ရွေးကောက်ပွဲ စနစ်နဲ့ ပါတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်တွေ လွတ်လွတ်လပ်လပ် ရွေးချယ်လုပ်ပိုင်ခွင့် ပေးထားပါတယ်။ ဒါတောင် ဘယ်ပြည်နယ်ကမှ PR စနစ် အသုံးမပြုကြပါဘူး။ ပြည်နယ် အားလုံးနီးပါးမှာ မဲအများဆုံးရသူ အမတ်ရွေးချယ်တဲ့ စနစ် ကျင့်သုံးနေပြီး ပြည်နယ် ၂ ခုလောက်မှာပဲ ၅၀ ရာခိုင်နှုန်းကျော် မဲမရရင် တစ်လ အတွင်း ဒုတိယအကြိမ် ပြန်ပြိုင်ခိုင်းတဲ့ စနစ် ကျင့်သုံးတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မရှိ၊ ရွေးကောက်ပွဲလုပ်တာ အသားလည်း မကျသေး၊ အခြေခံအကျဆုံးဖြစ်တဲ့ မဲပေးပိုင်ခွင့် ရှိသူ စာရင်းတောင် ကောင်းကောင်း မပြုစုနိုင်သေးတဲ့ နိုင်ငံတစ်နိုင်ငံ အဖို့ PR စနစ်၊ ဖက်စပ် PR စနစ်တွေဟာ ရှုပ်ထွေးမှုတွေဆီကိုဘဲ ပိုပြီးဦးတည်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG