သုံးရလွယ်ကူစေသည့် Link များ

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့က အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့နဲ့ “ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကတိပြုချက်”လို့ ခေါင်းစဉ်တပ်ထားတဲ့ သဘောတူညီချက် တစ်ရပ် နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အစိုးရက ဦးဆောင်ပြီး နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ တွေ့ဆုံပွဲကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြားခဲ့ရာမှာ အဖွဲ့ (၁၃) ဖွဲ့ တက်ရောက်လာပြီး အဲဒီအထဲကမှ (၄) ဖွဲ့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း ကျန်အဖွဲ့တွေ ဆက်ပြီး လက်မှတ်ရေးထိုးဖို့အတွက်လည်း လက်မှတ်ထိုး စာအုပ်ကို ဖွင့်ထားပေးမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီလို ကတိပြုချက် တစ်ခု လက်မှတ်ရေးထိုးလိုက်ရုံနဲ့ ငြိမ်းချမ်းရေးရဖို့ နီးစပ်သွားပြီလား၊ ရှေ့ ဘာဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ နဂို ရည်မှန်းချက်ဟာ ပြည်ထောင်စုနေ့မှာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကြီးကို လက်မှတ်ရေးထိုးနိုင်ရေးပါ။ ဒါပေမယ့်လည်း သမ္မတ ဦးသိန်းစိန်က အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးချင်တယ်လို့ ပြောဆိုအပြီး အခု ပြည်ထောင်စုနေ့ ရောက်လာသည်အထိ အစိုးရ ကိုယ်စားလှယ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်တွေ စုပေါင်းထားတဲ့ NCCT အဖွဲ့ တရားဝင် တစ်ကြိမ်မှ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကြီးကို လက်မှတ် မထိုးနိုင်ကြသေးတာ ဖြစ်ပါတယ်။

ဒီကြားထဲမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ စုပေါင်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ဟာ တစ်တိုင်းပြည်လုံး ဆိုင်ရာ အပစ်ရပ်စာချုပ်ကြီး တစ်ရပ် လက်မှတ်မထိုးနိုင်သေးခင် “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေး သဘောတူညီချက်” တစ်ရပ် လက်မှတ်ရေးထိုးဖို့ အစိုးရဘက်ကို ကမ်းလှမ်းခဲ့ပါသေးတယ်။ သူတို့ရဲ့ အဆိုပြုချက်မှာ “ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အ၀ ရှိသည့် အမျိုးသားပြည်နယ်များကို အခြေခံ၍ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် သဘောတူကြသည်။ အဆိုပါ သဘောတူညီချက်နှင့် အညီ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ဆက်လက် အကောင်အထည်ဖော် ကြိုးပမ်းသွားကြရန် အခိုင်အမာ သံန္နိဌာန် ပြုကြပါသည်။” ဆိုပြီး ဖော်ပြပါရှိပါတယ်။

ဒီ ကမ်းလှမ်းချက်ကို အစိုးရဘက်က လက်မခံခဲ့ပါဘူး။ အစိုးရဟာ ကေအိုင်အို ဦးဆောင်တဲ့ UNFC အဖွဲ့ကို ဆွေးနွေးဘက်အဖြစ် ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့သလို၊ ကမ်းလှမ်းချက်မှာပါတဲ့ “အမျိုးသားပြည်နယ်များကို အခြေခံ၍ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်” ဆိုတဲ့ အချက်ကိုလည်း လက်ခံလိုစိတ် မရှိလို့ ဖြစ်နိုင်ပါတယ်။ ဒါက (၈)ပြည်နယ် မူပါ။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုနေ့မှာ အပစ်ရပ် စာချုပ် လက်မှတ်မထိုးနိုင်သေးရင်တောင် ကတိပြုချက်လို သဘောတူညီချက် တစ်ရပ် လက်မှတ်ထိုးဖြစ်ကြဖို့ အစိုးရဘက်က ကြိုးစားခဲ့ပါတယ်။ ဒီလိုနည်းနဲ့ “ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကတိပြုချက်” တစ်ရပ် ပေါ်ပေါက်လာတာပါ။

အဲဒီ ကတိပြုချက်ထဲမှာတော့ အထူးအဆန်း အချက်တွေ မပါပါဘူး။ အရင် အစိုးရဘက်က ပြောဆိုထားသလိုပဲ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ကြမယ် ဆိုတဲ့အကြောင်း၊ ဒီအတွက် တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်ရေး၊ မူဘောင် ဆွေးနွေးပွဲ ကျင်းပရေး၊ နိုင်ငံရေး ဆွေးနွေးပွဲကြီးကို လာမယ့် အထွေထွေရွေးကောက်ပွဲကြီး မတိုင်ခင် စတင် ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုပြီး ပါဝင်ပါတယ်။ ကတိပြုချက်ကို အစိုးဘက်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဘက်က ကရင်အဖွဲ့ (၃) ဖွဲ့၊ ဗိုလ်ချုပ်ကြီးရွက်ဆစ် ဦးဆောင်တဲ့ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ ပေါင်း(၄)ဖွဲ့ လက်မှတ်ထိုးခဲ့ကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ပြီးသား နိုင်ငံရေးပါတီ (၇၀) ရှိတဲ့အနက် (၃၂) ပါတီက ကိုယ်စားလှယ်တွေ လက်မှတ်ထိုးကြတာ တွေ့ရပါတယ်။ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ မဟာမိတ် တိုင်းရင်းသားပါတီတွေ လက်မှတ်ထိုးတာတော့ မတွေ့ရပါဘူး။

တစ်ပြိုင်နက်တည်းမှာပဲ ကေအိုင်အို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ကလည်း ပြည်ထောင်စုနေ့ ကြေငြာချက် ထုတ်ပါတယ်။ ပင်လုံသဘောတူညီချက်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းသွားမယ်၊ လက်ရှိ အစိုးရနဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ် ရပ် ညှိနှိုင်းနေတဲ့ NCCT အဖွဲ့ကြီးနဲ့ ဆက်ပြီး ပူးပေါင်းပါဝင် ဆွေးနွေးသွားမယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ် ရှေ့မတိုးနိုင်သေးဘူး ဆိုတာပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ရှမ်းပြည်နယ် ကိုးကန့်ဘက်မှာ အစိုးရတပ်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့ တိုက်ပွဲကြီးတွေ ဖြစ်ပွားနေပြီး အစိုးရဘက်က အကျအဆုံး အလွန်များကြောင်း၊ လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်ခဲ့ရတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ရက်ပိုင်းပဲ ရှိသေးတဲ့ ဖြစ်စဉ်တလျောက် တပ်မတော်သား အရာရှိ၊ စစ်သည် နဲ့ ရဲတပ်ဖွဲ့ဝင် အယောက် ၅၀ ကျော် ကျဆုံးခဲ့တာကိုကြည့်ရင် တိုက်ပွဲဘယ်လောက် ကြီးကျယ်ခဲ့သလဲ ခန့်မှန်းနိုင်ပါတယ်။ အဲဒီ တိုက်ပွဲတွေအတွင်းမှာ ကိုးကန့်တပ်ဖွဲ့၊ တအောင်းပလောင် တပ်ဖွဲ့နဲ့ ရခိုင်တပ်ဖွဲ့အပြင် အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကေအိုင်အေ တပ်ဖွဲ့ပါ ပါဝင်တယ်လို့ ဆိုထားတဲ့အတွက် ငြိမ်းချမ်းရေး တည်ဆောက်ရေး အဆင်မပြေသေးဘူး ဆိုတာ ပြသတဲ့ လက္ခဏာအဖြစ် မှတ်ယူရမှာပဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အစပြုနိုင်ရေး ဆိုရင် နှစ်ဘက် အင်အားစုတွေ အနေနဲ့ တကယ့် ငြိမ်းချမ်းရေး၊ တကယ့် စစ်မှန်တဲ့ နိုင်ငံရေးအရ ပြေလည်မှုရစေရေး လိုလားတယ်ဆိုတာ သက်သေပြဖို့ လိုအပ်နေပါတယ်။ အထူးသဖြင့် အစိုးရဟာ တစ်ဖက်က တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု လို့ ပြောနေပေမယ့် တဖက်မှာတော့ စစ်ဘုရင်မင်းဆက် တည်တံ့အောင် ဖန်တီးထားတဲ့၊ တစ်ပြည်ထောင် ပုံစံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ဖက်တွယ်မထားဖို့ လိုပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ စိတ်ပါလက်ပါ သဘောရိုးနဲ့ လုပ်ကိုင်ပြဖို့ လိုနေပါတယ်။ အလားတူ ကေအိုင်အို ဦးဆောင်တဲ့ လက်နက်ကိုင် အုပ်စုတွေ ဘက်ကလည်း စစ်ရေးနည်းနဲ့ အစိုးရဘက်ကို ဖိအားပေး၊ ဆွေးနွေးရာမှာ အသာစီးရဖို့ ကြိုးပမ်းတာမျိုးကိုလည်း ရပ်ဆိုင်းဖို့ လိုပါတယ်။ အဲဒီလို နှစ်ဖက် အင်အားစုတွေ တကယ် ငြိမ်းချမ်းရေး လိုချင်ကြောင်း၊ တကယ့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်လိုကြောင်း လက်တွေ့ သက်သေပြကြမှသာလျင် စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ရေး လမ်းကြောင်းမှန်ပေါ် ရောက်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG