သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ ပုံရိပ်ကောင်းဖို့ အကျိုးဆောင်အဖွဲ့ ငှားသင့်သလား


ဝါရှင်တန်အကျိုးဆောင်အဖွဲ့
ဝါရှင်တန်အကျိုးဆောင်အဖွဲ့

ပြီးခဲ့တဲ့ သင်္ကြန်ကာလ အတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ မြန်မာ အစိုးရဟာ သူတို့ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရ နဲ့ လွှတ်တော်ပိုင်းက အကောင်းမြင်လာအောင် ဆောင်ရွက်ပေးဖို့ အမေရိကန် အခြေစိုက် ပိုဒက်စ်တာ အုပ်စု (Podesta Group) ကို တစ်နှစ် ဒေါ်လာ ၈ သိန်း ၄သောင်းနဲ့ ငှားရမ်းလိုက်တယ် ဆိုတဲ့ သတင်းဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီ သတင်းနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရအနေနဲ့ အခုလို အကျိုးဆောင် အဖွဲ့တစ်ဖွဲ့ ငှားရမ်းမှု သင့်တော်တယ်၊ မသင့်တော်ဘူး၊ အစိုးရ ပုံရိပ်ကောင်းအောင် လုပ်ဖို့ ပြည်သူ့ဘဏ္ဍာငွေ သုံးသင့်တယ် မသုံးသင့်ဘူး အငြင်းပွားမှုတွေ၊ ဝေဖန်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး အခုနောက်ဆုံး အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဆီက ဒီလို အကျိုးဆောင် အဖွဲ့မျိုးကို ငွေကုန်ကြေးကျ ခံ မငှားသင့်ဘူး ဆိုတဲ့ မှတ်ချက် ထွက်ပေါ်လာတာ ကြားကြရပါတယ်။ ဒီ ကိစ္စ ဝေဖန် ဆွေးနွေး သုံးသပ်ကြည့်ကြရအောင်ပါ။

ဒီ Podesta Group ဟာ နှယ်နှယ်ရရ အုပ်စုတော့ မဟုတ်ပါဘူး။ ကုမ္ပဏီကို တည်ထောင်သူ ညီအစ်ကို နှစ်ယောက်ထဲက ဂျွန်ပိုဒက်စ်တာဟာ အရင် ဒီမိုကရက် သမ္မတ ဘီလ်ကလင်တန် လက်ထက်က အိမ်ဖြူတော်ရုံးအဖွဲ့ အကြီးအကဲ တာဝန်ထမ်းဆောင်ခဲ့တဲ့အပြင် လက်ရှိ သမ္မတ အိုဘားမားရဲ့ အကြီးတန်း အကြံပေး အရာရှိ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါတင်မက လာမယ့် ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက် သမ္မတလောင်း ဟီလာရီ ကလင်တန်ရဲ့ မဲဆွယ်စည်းရုံးရေး ဥက္ကဌ လည်းဖြစ်နေပါတယ်။ ကုမ္ပဏီကနေ အကျိုးဆောင်ပေးရမယ့် ကိစ္စတွေထဲမှာ အမေရိကန် အစိုးရ အပါအဝင် အမေရိကန် အဖွဲ့အစည်း ပေါင်းစုံနဲ့ မြန်မာ အစိုးရ ဆက်သွယ်ရေး၊ ဆက်ဆံရေး ခိုင်မာအောင် လုပ်ပေးဖို့၊ မဟာဗျူဟာမြောက် အကြံဉာဏ်တွေပေးဖို့၊ အမေရိကန် လွှတ်တော်၊ လွှတ်တော် တာဝန်ရှိသူတွေ၊ မီဒီယာ နဲ့ ပေါ်လစီ ချမှတ်ရာမှာ အရေးပါတဲ့ သူတွေနဲ့ မြန်မာအစိုးရ ဆက်ဆံရေး အတွက် ဦးစားပေး အစီအစဉ်တွေ ရေးချယ်ပေးဖို့၊ အကူအညီပေးဖို့ ဆိုပြီး ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

မြန်မာ အစိုးရအနေနဲ့ ခုလို ဒေါ်လာ ၈ သိန်းကျော် အကုန်အကျ ခံပြီးအကျိုးဆောင် အဖွဲ့တစ်ဖွဲ့ ငှားရမ်း အသုံးပြုတယ် ဆိုတဲ့ကိစ္စ ပြည်တွင်းမှာ တရားဝင် သတင်းထုတ်ပြန်တာမျိုး မလုပ်ပါဘူး။ အမေရိကန် တရားရေးဌာနကို ပိုဒက်စ်တာ အုပ်စုက တင်ပြခဲ့တဲ့ အမှုတွဲတွေထဲမှာ သူတို့အဖွဲ့ကို မြန်မာအစိုးရက တစ်နှစ် ဒေါ်လာ ၈ သိန်း၄ သောင်းနဲ့ ငှားရမ်းထားတယ် ဆိုတဲ့ အချက်အလက် မီဒီယာတွေက သိရှိပြီး၊ အမေရိကန် မီဒီယာတွေက ဖော်ပြကြပြီးနောက်မှ မြန်မာနိုင်ငံသားတွေ သိခွင့်ရတာပါ။ ဒါနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေး အဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က ဒါဟာ အစိုးရ တစ်ရပ် အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်၊ နိုင်ငံတကာမှာလည်း ဒီလို အကျိုးဆောင်အဖွဲ့ ငှားရမ်း လုပ်ဆောင်နေတာပဲ လို့ သတင်းမီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

အခြားသော နိုင်ငံရေးသမားတွေနဲ့ သတင်းမီဒီယာ သမားတွေကတော့ အဲလို မမြင်ကြပါဘူး။ သူတို့က အချက်နှစ်ချက် ထောက်ပြခဲ့ပါတယ်။ ပထမ အချက်ကတော့ အမေရိကန် အစိုးရ၊ လွှတ်တော်နဲ့ အမေရိကန် သတင်းမီဒီယာတွေ အကောင်းမြင်အောင် ဆိုရင် သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ ကောင်းတာတွေ လုပ်ပြဖို့ပဲ လိုတယ် လို့ ဆိုကြပါတယ်။ ဒုတိယ အချက်ကတော့ ပြည်သူ့ဘဏ္ဍာငွေနဲ့ အကျိုးဆောင် အဖွဲ့ ငှားတာပါ။ အစိုးရအဖွဲ့တစ်ခုအနေနဲ့ အဲလို ပြည်သူ့ဘဏ္ဍာငွေ အသုံးပြုတော့မယ် ဆိုရင် အစိုးရအတွက်လား၊ တိုင်းပြည်အတွက်လား၊ စာချုပ်ထဲမှာ ဘယ်အချက်တွေကို ထည့်ချုပ်ခဲ့သလဲ ဆန်းစစ်သင့်တယ်လို့ ဆိုကြပါတယ်။ ဥပမာအားဖြင့် မြန်မာ- အမေရိကန် ဆက်ဆံမှု ကောင်းမွန်လာစေရေး၊ အမေရိကန် ရင်းနှီးမြှုပ်နှံမှု မြန်မာနိုင်ငံထဲမှာ မြင့်တက်လာစေရေး၊ မြန်မာနိုင်ငံကို အမေရိကန်က အကူအညီ တိုးမြှင့်ပေးရေး အတွက်ဆို ကောင်းတယ် ဆိုပြီး မှတ်ချက်ပြုကြပါတယ်။ ဒါပေမယ့် လက်ရှိ အာဏာရနေတဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုးရအဖွဲ့ရဲ့ လုပ်ရပ် ကောင်းပါတယ် ဆိုပြီး ထင်မြင်အောင် ငှားရမ်းတယ် ဆိုတာမျိုးကတော့ ပါတီ တစ်ခု အကျိုးစီးပွား အတွက်မို့ မလုပ်သင့်ဘူးလို့ ဝေဖန်ကြတာ ဖြစ်ပါတယ်။

ဒီလို အလားတူ အဖြစ်အပျက်မျိုး အရင် စစ်အာဏာရှင်ခေတ်က ဖြစ်ခဲ့ဖူးတဲ့ သာဓက တစ်ခုလည်း ရှိခဲ့ဖူးပါတယ်။ အားလုံး မှတ်မိကြပါဦးမယ်။ ၂၀၀၃ ခုနှစ် မေလက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရဟာ နိုင်ငံအနှံ့ နယ်လှည့်စည်းရုံးရေး ဆင်းရာကနေ ရန်ကုန်ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီဝင်တွေ၊ အင်န်အယ်လ်ဒီ ထောက်ခံသူတွေကို ဒီပဲရင်းနားက ကျီရွာမှာ အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ဒီလို အကြမ်းဖက်တားဆီးတာမျိုး မလုပ်ဖို့ ပြောဆိုပေမယ့် သူပြောဆိုတာကို လက်မခံပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုဗိုလ်ချုပ်ကြီး စိုးဝင်းကို ဦးဆောင် အကောင်အထည်ဖော်ခိုင်းခဲ့ကြောင်း ထောက်လှမ်းရေး အကြီးအကဲနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က သူ့ရဲ့ ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘ၀ အထွေထွေ ဆိုတဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိ စာအုပ်မှာ အတိအလင်း ဖော်ပြထားပါတယ်။

အဲဒီနှစ်မှာကျင်းပတဲ့ အင်ဒိုနီးရှား ဘာလီ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံ ဒီပဲရင်းမှာ အစိုးရဦးဆောင်ပြီး အကြမ်းဖက်မှု ကျူးလွန်ခဲ့တာကို ဆွေးနွေးဖို့ အစီအစဉ်ထဲ မှာ ထည့်သွင်းထားခဲ့ပါတယ်။ အဲလို ဝေဖန် ဆွေးနွေးခံရမှု ကိစ္စကို ရှောင်ရှားနိုင်ဖို့ အတွက် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ထိုင်းဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် ကို အာဆီယံခေါင်းဆောင်တွေကြား အကျိုးဆောင်လုပ်ပေးဖို့ ပန်ကြားခဲ့ရပါတယ်။ သက်ဆင်ရဲ့ ပန်ကြားမှုနဲ့ပဲ အစည်းအဝေး မစခင် ညမှာ အာစီယံ ထိပ်သီးခေါင်းဆောင်တွေကို ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က ဓာတ်ပုံ အယ်လ်ဘမ် တစ်ချို့၊ လေးမျက်နှာပါ အစီရင်ခံစာ တစ်ခု ပြုစုပြီး ဒီပဲရင်း ကိစ္စဟာ အင်န်အယ်လ်ဒီ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေရဲ့ ရိုက်ပွဲ ဖြစ်ခဲ့သယောင် လိမ်လည် ပြောဆိုရှင်းပြခဲ့ပါတယ်။ သက်ဆင်ရဲ့အကျိုးဆောင်ပေးမှု၊ ဦးခင်ညွန့်ရဲ့ ဖာထေး တင်ပြမှုတွေကြောင့် အာစီယံ ခေါင်းဆောင်တွေဟာ အဲဒီအစည်းအဝေးရဲ့ အာဂျင်ဒါဝမ်းမှာ ထည့်သွင်းထားတဲ့ မြန်မာ့ဒီပဲရင်း အကြမ်းဖက်မှုကိစ္စ ဝေဖန်ဆွေးနွေးဖို့ အစီအစဉ်ကို ပယ်ဖျက်ပေးခဲ့တာ တွေ့ရပါတယ်။

လက်ရှိ မြန်မာနိုင်ငံ အခြေအနေကို ပြန်ကြည့်ရင်လည်း သမ္မတ ဦးသိန်းစိန် အပါအဝင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေပါတယ် ဆိုတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်ဟာ နောက်ပြန်ဆုတ်သလို ဖြစ်နေတယ် ဆိုပြီး ပြည်တွင်းကရော နိုင်ငံတကာကပါ ဝေဖန်နေကြတဲ့ အချိန်ပါ။ ဖွဲ့စည်းပုံပြင်ရေး အချိန်ဆွဲနေတာ၊ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တစ်တိုင်းပြည်လုံး ဆိုင်ရာ အပစ်ရပ် စာချုပ်ချုပ်နိုင်ရေး ဆွေးနွေးနေပေမယ့် တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုလားကြောင်း ဖော်ပြတဲ့ လုပ်ရပ်နဲ့ သက်သေမပြနိုင်တာ၊ တိုက်ပွဲကြီးတွေ ဆက်ဖြစ်နေတာ၊ ပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့ ကျောင်းသားတွေကို အရုပ်ဆိုး အကျည်းတန်တဲ့ နည်းနဲ့ အကြမ်းဖက် ရိုက်နှက်၊ ဖြိုခွင်း၊ ဖမ်းဆီး၊ ရုံးတင် စစ်ဆေးနေတာ၊ အလုပ်သမားအရေး၊ လယ်သမားအရေး ဆန္ဒပြ တောင်းဆိုနေသူတွေနဲ့ တက်ကြွလှုပ်ရှားသူပေါင်း များစွာကို ဖမ်းဆီး၊ ထောင်ချနေတာ စတာတွေဟာ ဆိုးရွားတဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။

ဒီ ပုံရိပ်တွေကို ကြည့်ပြီးပဲ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ နောက်ကြောင်းပြန်လှည့် လေတော့မလား ဆိုပြီး စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။ ဒီအတွက် အစိုးရအပါအဝင် ပြုပြင်ပြောင်းလဲရေးကို အကောင်အထည် ဖော်နေကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ဗိုလ်ချုပ်တွေ အနေနဲ့ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ကောင်းရာကောင်းကျိုး လုပ်ကိုင်ရင် ဒေါ်ဆောင်ဆန်းစုကြည် ဝေဖန်ထောက်ပြသလို ပြည်သူ့ဘဏ္ဍာငွေ သုံး၊ အကျိုးဆောင်အဖွဲ့ငှားပြီး အစိုးရအဖွဲ့ ပုံရိပ်ကောင်းအောင် ကြိုးစားဖို့ မလိုအပ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG