သုံးရလွယ်ကူစေသည့် Link များ

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၈ ရက်နေ့က တပ်မတော်ပိုင် မြ၀တီ သတင်းစာမှာ လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး ဖော်ပြခဲ့ပါတယ်။ မြ၀တီ သတင်းစာဖော်ပြချက်အရ ဒီဇင်ဘာ နောက်ဆုံးပတ် အတွင်း တပ်မတော်နဲ့ ရခိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲ ၁၅ ကြိမ်လောက် ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က တပ်ရင်းမှူး တစ်ယောက် အပါအ၀င် အရာရှိနဲ့ စစ်သည်တစ်ချို့ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း AA ရခိုင် တပ်ဖွဲ့ဘက်က ကျဆုံးတဲ့ အလောင်း သုံးလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ သတင်းဖော်ပြချက် နောက်ဆုံး အပိုဒ်မှာတော့ “ တပ်မတော်အနေနဲ့ AA သောင်းကျန်းသူတွေကို အပြီးတိုင် ရှင်းလင်းတိုက်ခိုက် ချေမှုန်းသွားမယ်” ဆိုပြီး ဖော်ပြထားပါတယ်။ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ မပြီးဆုံးသေးတဲ့ ရခိုင်ပြည်နယ်မှာ ခုလို တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် ရှေ့လျောက် ရခိုင်ပြည်နယ် အေးချမ်းသာယာ နိုင်ပါ့ဦးမလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ AA ရခိုင်တပ်ဖွဲ့ကို ၂၀၀၉ ခုနှစ်က ကေအိုင်အို ကချင်ပြည်နယ် လွတ်လပ်ရေး အဖွဲ့ ဌာနချုပ် လိုင်ဇာမှာ စ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ စတင်ဖွဲ့စည်းစဉ်ကစ နောက်ပိုင်းကာလ တလျောက်လုံး ကေအိုင်အေ တပ်ဖွဲ့တွေနဲ့ပဲ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တာမျိုး ရှိခဲ့တာပါ။ ၂၀၁၅ ခုနှစ် မတ်လကုန် ရောက်မှ ရခိုင်ပြည်နယ်ထဲမှာ ပြန်အခြေချဖို့ ကြိုးစားတာ တွေ့ရပါတယ်။ အဲဒီအချိန်ဟာ ရှမ်းပြည်နယ်မှာ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေကလည်း ကိုးကန့်နယ်မြေထဲ ပြန်ဝင်ရောက်ပြီး နယ်မြေတွေ သိမ်းပိုက်ဖို့ တိုက်ပွဲဆင်တဲ့ ကာလလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ပြန်လည် လှုပ်ရှားဖို့ ကြိုးစားတဲ့ AA တပ်ဖွဲ့တွေနဲ့ တပ်မတော် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် လှုပ်ရှားမှုတွေ ပြန်ငြိမ်သက်သွားခဲ့ပါတယ်။

အချိန်ကာလ ကြာမြင့်ပြီး အခုလို ဒီဇင်ဘာ လကုန်ပိုင်းလောက် ရောက်လာမှ ရခိုင်ပြည်နယ် ကျောက်တော်ဘက်က တိုက်ပွဲ သတင်းတွေ ပြန်ထွက်ပေါ်လာတာပါ။ အစောပိုင်း တပ်မတော်ဘက်က ထွက်ပေါ်လာတဲ့ သတင်းတွေအရ တပ်မတော်စစ်ကြောင်း ခြုံခို တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးတစ်ယောက် အပါအ၀င် အရာရှိ စစ်သည် အတော်များများ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို အထိနာသွားတဲ့အတွက် တပ်မတော်ဘက်က အဲဒီ တိုက်ပွဲဖြစ်ရာ နေရာဘက်ကို စစ်ကူတွေ ပို့ပြီး သာလွန်အင်အားနဲ့ ပြန် တိုက်ခိုက်နေပြီလို့ သိရပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာပြီဆိုတာနဲ့ ပထမ ဦးဆုံးခံရတာက မြေဇာပင် ပြည်သူတွေပါ။ ရာနဲ့ချီတဲ့ ပြည်သူတွေ နေအိမ်ကနေ စွန့်ခွာထွက်ပြေးကြပါတယ်။ နောက်ပိုင်း ဆက်ပြီး ဖြစ်ပေါ်လာမှာကတော့ စစ်ပွဲနဲ့ ဆက်နွယ်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေပါ။ အဲဒီအတွက် အခု ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြို့တစ်ချို့မှာ စစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြနေကြတာ တွေ့ရပါတယ်။

တကယ်တော့ ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေးကြောင့် ဖြစ်ပွားတဲ့ ပဋိပက္ခတွေ ငြိမ်းအေးသွားတာတော့ မဟုတ်သေးပါဘူး။ ဒီကနေ့ အချိန်ထိ ဒုက္ခသည် စခန်းမှာ သိန်းနဲ့ချီတဲ့ လူတွေ နေထိုင်နေရဆဲပါ။ ရခိုင်တိုင်းရင်းသား တစ်ချို့နဲ့ ဘင်္ဂလီ-ရိုဟင်ဂျာ အများစု သူတို့မူလ နေထိုင်ရာ ရပ်ရွာတွေကို မပြန်နိုင်ကြသေးပါဘူး။ တဆက်တည်းမှာပဲ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂလီ- ရိုဟင်ဂျာတွေကြား ဖြစ်ပွားနေတဲ့ အမုန်းတရားတွေကလည်း ပပျောက်သွားသေးတာ မဟုတ်သေးပါဘူး။ အဆင်မပြေရင် အချိန်မရွေး ပြန်ပြီး ပြသနာတွေ၊ ပဋိပက္ခတွေ ဖြစ်ပွားနိုင်တဲ့ အနေအထားမှာ ရှိနေဆဲပါ။ အဲလို အခြေအနေအောက်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားလာရတာပါ။

လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားလာနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ အမြင်တွေကလည်း မတူညီပါဘူး။ တပ်မတော်ဘက်က နဂိုကတည်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသစ်တွေ ပေါ်လာမှာ၊ အင်အားကြီးထွားလာမှာ မလိုလားပါဘူး။ ဒါ့အပြင် ရခိုင်ပြည်နယ်လို အမုန်းပွားနေကြတဲ့ လူမျိုးစုနှစ်စု၊ လူအုပ်စု နှစ်စု နေထိုင်တဲ့ ဒေသမှာ လူမျိုးစု တစ်စု လက်ထဲ လက်နက်တွေ ရောက်သွားရင်၊ လက်နက်ကိုင် တပ်ဖွဲ့တွေ တည်ထောင်ထားရင် အခြားတစ်ဖက်က အင်အားစုတွေကလည်း အဲဒီအခြေအနေကို တန်ပြန်တဲ့ လှုပ်ရှားမှုတွေ လုပ်ကိုင်လာမှာကို စိုးရိမ်ပူပန်နေတဲ့ပုံ တွေ့ရပါတယ်။

မျိုးချစ် ရခိုင်တိုင်းရင်းသား နိုင်ငံရေးသမားတွေကတော့ အဲလို မယူဆကြပါဘူး။ ရခိုင်ပြည်နယ်မှာ AA တပ်ဖွဲ့ ခြေကုတ်ယူဖို့ ကြိုးစားတာကို ကချင်ပြည်နယ်မှာ ကေအိုင်အေ တပ်ဖွဲ့ ရှိသလို၊ ကရင်ပြည်နယ်မှာ ကေအဲန်ယူ တပ်ဖွဲ့ ရှိသလို ရှိသင့်တယ် ဆိုတဲ့ အနေအထားမျိုးကနေ ရပ်ခံတာ တွေ့ကြရပါတယ်။ အစိုးရနဲ့ တပ်မတော် ဘက်ကနေ အခြားသော လက်နက်ကိုင် တပ်ဖွဲ့တွေလိုပဲ AA ကို တန်းတူသဘောထား၊ စေ့စပ်ညှိနှိုင်းမှု လုပ်စေချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခု ရှိနေလို့၊ လက်နက်ကိုင် လှုပ်ရှားမှု ရှိနေလို့ ရခိုင်ပြည်နယ် တည်ငြိမ်ရေး ထိခိုက်နိုင်တယ် ဆိုပြီး သဘောမျိုးထားတဲ့ ခေါင်းဆောင်မျိုးကတော့ မတွေ့မမြင်ကြရပါဘူး။

တကယ်တန်းပြောရရင် မြန်မာ့နိုင်ငံရေး ရေစီးကြောင်းဟာ ပြောင်းလဲစ ပြုနေပါပြီ။ သမ္မတ ဦးသိန်းစိန် တာဝန်ယူတဲ့ ကာလ ကစ တိုင်းပြည်မှာ ပြည်တွင်းစစ် ဆက်ဖြစ်နေရင် တိုင်းပြည် တည်ဆောက်ရေး မလုပ်နိုင်ဘူး၊ တစ်တိုင်းပြည်လုံး အပစ်ရပ်စဲဖို့ လိုတယ်၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လိုအပ်တယ်ဆိုတာကိုနားလည်ကြိုးစားခဲ့တာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာပဲ ကေအိုင်အေ နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်၊ ဖုန်းကြားရှင်ကလည်း ကိုးကန့်မှာ တိုက်ပွဲတွေ ပြန်ဖော်၊ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံနဲ့ စကားတွေ ပြောရ အခြေအနေမျိုး ရောက်ခဲ့ရတာပါ။ တဆက်တည်း ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ကလည်း ချောချောမွေ့မွေ့ မဖြစ်ခဲ့ပါဘူး။ ဒီလို အခြေအနေအောက်မှာပဲ အစိုးရဟာ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် ကျင်းပပေးခဲ့ပါတယ်။ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့သလို၊ ရခိုင်ပြည်နယ်မှာလည်း ရခိုင်အမျိုးသားပါတီက အမတ်အများစု အနိုင်ရခဲ့ပါတယ်။ ဒီလို အခြေအနေအောက်မှာ တပ်မတော်ဟာ နောင်ပေါ်ပေါက်လာမယ့် အင်န်အယ်လ်ဒီ အစိုးရနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုပြီး နိုင်ငံရေးမှာ ရာခိုင်နှုန်းပြည့် ပါဝင်ပါတ်သက်ခဲ့တဲ့ အခြေအနေကနေ နောက်ကို ခြေလှမ်း ဆုတ်လိုက်တာ ဖြစ်ပါတယ်။

ပြောရရင် မြန်မာ့နိုင်ငံရေးဟာ တိုက်တာ ခိုက်တာတွေထက် တွေ့ဆုံဆွေးနွေး၊ ပြည်သူတွေကို စည်းရုံး ဆိုတဲ့ ဘက်ဆီကို ပြောင်းစ ပြုလာနေပါပြီ။ ဒီလို အခြေအနေ အောက်မှာ ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တစ်ခု အခြေချနိုင်ရေး ဆိုတာထက် နိုင်ငံရေးအရ၊ စီးပွားရေးအရ ရခိုင်တိုင်းရင်းသားတွေ လက်ထဲ လုပ်ပိုင်ခွင့် ပိုရလာအောင် အကြမ်းမဖက်တဲ့ နည်းနဲ့ ကြိုးစားခြင်းကသာလျင် ပြည်နယ် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG