သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် မောင်တောဘက်က သတင်းမှန်တွေ ပေါ်ထွက်လာနိုင်မလား


Journalist arrive Maungdaw (MOI Webportal Myanmar)
Journalist arrive Maungdaw (MOI Webportal Myanmar)

ပြီးခဲ့ဲတဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက သူတို့အခေါ် ရိုဟင်ဂျာလူမျိုးတွေနဲ့ ပတ်သက်လို့ နိုဘယ်လ်ဆုရှင်တွေနဲ့ နိုင်ငံရေးသမား ၂၃ယောက် စုပေါင်းပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အိပ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ိလိုက်ပါတယ်။ အဲဒီစာထဲမှာ “လတ်တလောကာလအတွင်း ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစိုးရလုံခြုံရေးအဖွဲ့တွေရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာရာပေါင်းများစွာ သေဆုံးပြီး အိမ်တွေမီးရှို့ခံရကာ အမျိုးသမီးတွေလည်း အဓမ္မပြုကျင့်ခံရကြောင်း နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေလည်း အဲဒီဒေသကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက်ပေးခွင့် မရကြောင်း၊ ဒါကြောင့် အဲဒီဒေသကို နိုင်ငံတကာကူညီရေးအဖွဲ့တွေ သတင်းမီဒီယာ သမားတွေ လွတ်လပ်စွာ သွားလာခွင့်ရရှိရေးအတွက် ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းစေလိုကြောင်း” စသဖြင့် ဖော်ပြပါရှိပါတယ်။ ဒါကိုကြည့်ရင် အဲဒီ နိုဘယ်လ်ဆုရှင်တွေနဲ့ နိုင်ငံရေးသမားတွေဟာ ရခိုင်ပြည်နယ် မောင်တောဘက်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေရဲ့ ဝါဒဖြန့်ချီမှုအားလုံးကို အမှန်လို့ ယူဆလိုက်ပုံ ရပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မောင်တောဒေသဘက်က သတင်းမှန်တွေ သိခွင့်ရဖို့ ဘယ်လောက် လိုအပ်နေသလဲ ဆိုတာ မီးမောင်းထိုးပြလိုက်သလိုလဲ ရှိပါတယ်။ ခုတစ်ပတ် အဲဒီပြသနာအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

တကယ်တော့ ရခိုင်ပြည်နယ် မောင်တောဒေသဘက်က ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ မူဆလင် အကြမ်းဖက်သမားတွေက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ ရဲကင်းစခန်းတွေကို အကြမ်းဖက် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာကနေ အစပြုခဲ့တာပါ။ ဖြစ်စဉ်တွေအတွင်း ရဲတပ်ဖွဲ့ဝင်တွေ သေဆုံး၊ ဒါဏ်ရာရခဲ့သလို၊ လက်နက်တွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့်လည်း လက်ရှိ နိုင်ငံတကာ သတင်းမီဒီယာ တစ်ချို့နဲ့ လူမှုကွန်ယက် စာမျက်နှာ တစ်ချို့မှာ အဲဒီ အရင်းခံ ကိစ္စအကြောင်း ရေးသားပြောဆိုတာ မရှိသလောက် ဖြစ်နေပြီး အကြမ်းဖက်မှုတွေကို ပြန်ပြီး နှိမ်နင်းရတဲ့ တပ်မတော်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေရဲ့ လုပ်ရပ် အကြောင်းတွေကပဲ လွှမ်းမိုးနေတာတွေ့ရမှာ ဖြစ်ပါတယ်။ အကြောင်းမဲ့ သတ်ဖြတ်တယ်၊ နေအိမ်တွေကို မီးရှို့တယ်၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တယ် ဆိုတဲ့ အတည်ပြုလို့ မရတဲ့ စွတ်စွဲချက်တွေသာ အကြိမ်ကြိမ် ထွက်ပေါ်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေခဲ့ပါတယ်။

အကြမ်းဖက်မှုတွေ ဖြစ်ပွားရာ၊ တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ ပြန်လုပ်တာဟာ ရခိုင်ပြည်နယ် မောင်တော ခရိုင်မှာ ဖြစ်ပါတယ်။ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာန သတ်မှတ်ချက်အရ ပုံမှန် အခြေအနေမျိုးမှာတောင် မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့တွေကို နိုင်ငံခြားသားတွေ သွားခွင့်မရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေ သွားခွင့်ရှိတဲ့ အတွက် အကြမ်းဖက်မှု ဖြစ်ပြီးစ ရက်ပိုင်းမှာပဲ အဲဒီ မြို့တွေကို ပြည်တွင်း၊ပြည်ပမီဒီယာ တစ်ချို့က နိုင်ငံသား သတင်းထောက်တွေ အဲဒီ မြို့တွေကို သွားရောက် သတင်းယူနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် နယ်မြေလုံခြုံရေး အခြေအနေကြောင့် အခင်းဖြစ်တဲ့ ရွာတွေအထိတော့ သွားပြီး သတင်းမယူနိုင်ခဲ့ပါဘူး။

အခင်းဖြစ်ပွားပြီးချိန်ကတည်းက အစိုးရပိုင် မြန်မာ့သတင်းစဉ်ဟာ မောင်တောမှာ အခြေစိုက်ပြီး အဲဒီဒေသက သတင်းတွေကို ရယူဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် သတင်းဖြန့်ချီမှုဟာ အစိုးရပိုင် မီဒီယာတွေ ဖြစ်နေတဲ့အပြင် နိုင်ငံတကာအထိ မရောက်တော့ ထိရောက်မှုလည်း မရှိခဲ့ပါဘူး။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ အဲဒီဒေသက သတင်းအမှန်တွေ ပေါ်ထွက်လာဖို့အတွက် ပြည်တွင်းပြည်ပ သတင်းဌာနတွေက သတင်းမီဒီယာ သမားတွေကို အဲဒီဒေသထဲ လေ့လာရေး စေလွှတ်ဖို့ အကောင်အထည် ဖော်ပါတယ်။ ပထမ အသုတ်အနေနဲ့ သတင်းမီဒီယာကောင်စီ ဒုဥက္ကဌ ဦးအောင်လှထွန်းကို ဦးဆောင်စေပြီး ကျိုဒို သတင်းဌာန၊ တီဗွီ အဆာဟိ၊ မဇ္ဈိမ၊ မြန်မာတိုင်းမ်၊ ဆဲဗင်းဒေး၊ စင်ထရယ်နယူးဗျူရို၊ EPA, MITV စတဲ့ သတင်းဌာနက သတင်းထောက်တွေကို ပြသနာဖြစ်ပွားနေတဲ့ ဧရိယာထဲ စေလွှတ်ပါတယ်။ ရခိုင်ပြည်နယ် အရောက်မှာ ပြည်နယ် အစိုးရရဲ့ အစီအစဉ်နဲ့ DVB, RFA,နဲ့ The Voice က သတင်းထောက်တွေကိုပါ ပူးပေါင်းခေါ်ဆောင်သွားတဲ့အတွက် သတင်းမီဒီယာဌာန အထိုက်အလျောက် စုံလင်တဲ့ ခရီးစဉ်လို့ ပြောရမှာ ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကျီးကန်းပြင်၊ ငါးခူရ၊ ကိုးတန်ကောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွေနဲ့ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဧရိယာတွေဟာ စစ်ဆင်ရေးနယ်မြေ ဖြစ်နေတာ၊ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကိုလည်း စိုးရိမ်ရတဲ့ အနေအထားအောက်မှာ ရဲတပ်ဖွဲ့ လုံခြုံရေး အစောင့်အရှောက်တွေနဲ့ နယ်မြေအတွင်း လေ့လာ သတင်းရယူနိုင်ရေး စီစဉ်ပေးခဲ့တာပါ။ အစိုးရအနေနဲ့ သွားရမယ့် နေရာတွေကို ကြိုတင်ရွေးချယ်ထားပေမယ့် လမ်းတလျောက် သတင်းထောက်တွေ ဝင်ချင်တဲ့နေရာ၊ တွေ့ဆုံမေးမြန်းချင်တဲ့ နေရာတွေမှာလည်း ဝင်ရောက်လေ့လာ သတင်းယူဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒေသခံ သတင်းရင်းမြစ်ထဲမှာလည်း တပ်မတော်ရဲ့ စစ်ဆင်ရေးကာလ အတွင်း လူ့အခွင့်အရေး ချိုးဖေါက်တာ မမြင်ရပါဘူးလို့ ကိုယ်တွေ့ကြုံတာကို ပြောပြသူတွေ ရှိသလို၊ တပ်မတော်က အိမ်တွေကို မီးရှို့တယ်၊ အဓမ္မကျင့်ဖို့ ကြိုးစားတယ် အစရှိသဖြင့် စွတ်စွဲပြောဆိုသူမျိုးတွေနဲ့လည်း ကြုံကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သတင်းထောက်တွေ အနေနဲ့ လွတ်လွတ်လပ်လပ် သတင်းရယူခွင့် ရခဲ့ကြတဲ့ အနေအထားမျိုးပါ။

ဒါပေမယ့် ပြသနာက သတင်းထောက်တွေ ပြန်သွားပြီး နောက်ပိုင်းမှ စပါတယ်။ သတင်းထောက် အဖွဲ့တွေကို သူကြုံခဲ့သမျှ အမှန်အတိုင်း ပြောဆိုခဲ့တဲ့ ငါးခူရ ကျေးရွာက မူဆလင် ဘာသာဝင် ကျေးရွာ စာကြည့်တိုက်မှူးတစ်ယောက် အကြမ်းဖက်သမားတွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာ ခံလိုက်ရပါတယ်။ နောက်ရက်တွေမှာလည်း အစိုးရနဲ့ ပူးပေါင်းတယ်လို့ ယူဆ ရတဲ့ မူဆလင် ကျေးရွာသား နှစ်ယောက် အသတ်ခံလိုက်ရပြန်ပါသေးတယ်။ ပြောရရင် ဒီလုပ်ရပ်တွေဟာ အခင်းဖြစ်ပွားရာ ဒေသထဲက သတင်းအမှန်ကို ပြည်သူတွေ မပြောရဲအောင်၊ သတင်းမှန်တွေ အပြင်မထွက်အောင် ခြိမ်းခြောက်လိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ မဟုတ်မမှန် ကောလဟလ တွေက ဆက်ပြီး ထွက်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့က ရိုဟင်ဂျာ အရေးလှုပ်ရှားသူ Ro Nay San Lwin ဆိုတဲ့သူက ဒီဇင်ဘာလ (၂၃) ရက်နေ့က မောင်တောခရိုင်၊ ခမောင်းဆိပ်မြို့၊ ရပ်ကွက် (၄) မကျည်းချောင်းမှာ ရှိတဲ့ ရိုဟင်ဂျာ ကလေးတွေကို အာဏာပိုင်တွေက အတင်းအဓမ္မ ကာကွယ်ဆေး ထိုးတဲ့အကြောင်း၊ ဆေးထိုးခံရလို့ ကလေးတစ်ယောက်သေပြီး ကလေးတစ်ချို့ ဆေးရုံရောက်ကုန်တဲ့အကြောင်း၊ “ ဒီအစိုးရက ရိုဟင်ဂျာတွေကို နည်းပေါင်းစုံနဲ့ ဆက်ပြီး သတ်ပါလိမ့်မယ်။” ဆိုပြီး သူ့အကောင့်န်မှာ စွတ်စွဲဖော်ပြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးက ကလေးတစ်ယောက် သေဆုံးမှု ဖြစ်ပွားခဲ့တာ ရှိပေမယ့် အသက်ရှူကြပ်၊ ဝမ်းပျက်ဝမ်းလျော ရောဂါနဲ့ ဖြစ်တဲ့အကြောင်း၊ အဲဒီ ကလေးငယ်ဟာ ကာကွယ်ဆေး ထိုးတဲ့ အစီအစဉ်ထဲမှာလည်း မပါတဲ့အကြောင်း ပြန်ရှင်းလင်းခဲ့ရပါတယ်။

တကယ်တော့ ဒါဟာ နမူတစ်ခုပဲ ဖြစ်ပြီး အလားတူ အဲဒီဒေသနဲ့ ပတ်သက်တဲ့ မဟုတ်မမှန် သတင်းပေါင်းများစွာ နိုင်ငံတကာမှာ ဆက်ပြီးပျံ့နှံ့နေဆဲပါ။ အခု သတင်းအမှန် ထွက်ပါစေ ဆိုပြီး အစိုးရက စီစဉ်ပေးခဲ့တဲ့ နောက်ပိုင်းမှာလည်း သတင်းရင်းမြစ် သတ်ဖြတ်ခံလိုက်ရတာမျိုး ပေါ်ပေါက်ခဲ့လေတော့ ရခိုင်ပြည်နယ် မောင်တော ဒေသက သတင်းမှန်တွေ ထွက်ပေါ်ရေးဆိုတာ မရေရာ မသေခြာ ဖြစ်နေသေးပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG