သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းမီဒီယာသမား၊ အာဏာပိုင်တွေရဲ့ ပစ်မှတ် ဖြစ်လာပြီလား


မြန်မာရဲတပ်ဖွဲ့က လက်ပံတန်းမြို့ ကျောင်းသားသပိတ်ကို ဖြိုခွဲနှိမ်နင်းနေပုံ
မြန်မာရဲတပ်ဖွဲ့က လက်ပံတန်းမြို့ ကျောင်းသားသပိတ်ကို ဖြိုခွဲနှိမ်နင်းနေပုံ

ခုဆိုရင် လက်ပံတန်းမှာ ပိတ်မိနေတဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး တောင်းဆိုတဲ့ ဆန္ဒပြ ကျောင်းသားတွေကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီး ထိန်းသိမ်းလိုက်ပါပြီ။ ထူးခြားတာ တစ်ခုကတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကျောင်းသား ကျောင်းသူတွေ၊ ဘေးက အားပေးတဲ့ ပြည်သူတွေကိုပဲ အကြမ်းဖက်၊ ရိုက်နှက်၊ ဖမ်းဆီးခဲ့တာ မဟုတ်ပဲ သတင်းယူနေတဲ့ သတင်းမီဒီယာ သမားတွေကိုပါ အကြမ်းဖက်၊ ရိုက်နှက်၊ ဖမ်းဆီးမှု လုပ်ခဲ့တာပါ။ အဲဒီလို ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုကြောင့် သတင်းမီဒီယာသမားတွေဟာ အခင်းဖြစ်ပွားရာ နေရာကနေ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အများစု လွတ်မြောက် လာကြပေမယ့် တစ်ချို့ကတော့ ရိုက်နှက် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ သတင်းမီဒီယာ သမားတွေဟာ အာဏာပိုင်တွေရဲ့ ပစ်မှတ် ဖြစ်လာနေပြီလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

မတ်လ ၁၀ ရက် ဖြစ်စဉ်ကို အကြမ်းဖျဉ်းလောက် ပြန်ပြောပြရရင် မနက်ပိုင်းမှာ ကျောင်းသားတွေ ရန်ကုန်ကို သွားရောက်နိုင်ရေး အာဏာပိုင်တွေနဲ့ ညှိနှိုင်းကြတယ်လို့ ဆိုပါတယ်။ ညှိနှိုင်းမှု အဆင်မပြေတဲ့အတွက် ကျောင်းသားတွေအနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ တားဆီးပိတ်ပင်ထားတာကို စနစ်တကျ တိုးထွက်မယ်၊ မရရင်၊ ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူမယ် ဆိုရင်လည်း ကောင်းကောင်းမွန်မွန် ဖမ်းဆီးတာ ခံမယ် ဆိုပြီး ဆုံးလည်း ဆုံးဖြတ်၊ အာဏာပိုင်တွေ ဘက်ကိုလည်း အသံချဲ့စက်တွေနဲ့ ပြောဆို အသိပေး ခဲ့ကြတယ်လို့ ဆိုပါတယ်။ တကယ့်လက်တွေ့ အင်အားချိနဲ့နေတဲ့ ကျောင်းသား ကျောင်းသူ ၆၀-၇၀ လောက်ဟာ အင်အားပြည့် ရဲတပ်ဖွဲ့ဝင် ၃၀၀ လောက်ကို ဘယ်လိုမှ ဖေါက်မထွက်နိုင်ပါဘူး။ တွန်းကြည့်လိုက်၊ မရတော့ မောလာပြီး နားလိုက်၊ တစ်ကြိမ် နှစ်ကြိမ် အပြန်အလှန် တွန်းဖယ်မှု ဖြစ်ပြီးနောက် ကျောင်းသားတွေဘက်က ရေသန့်တစ်ဗူး ရဲတပ်ဖွဲ့ဝင်ဘက်ကို ပစ်ပေါက်တာကနေ စ နှစ်ဖက် စကားများ ပဋိပက္ခဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေက မြင်မြင်သမျှကို အကြမ်းဖက် ရိုက်နှက်၊ ဖမ်းဆီး မှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဖြစ်စဉ် အစပိုင်းမှာ သတင်းမီဒီယာသမားတွေဟာ ဓာတ်ပုံ၊ ဗီဒီယို ရိုက်တာ၊ သတင်းယူတာ လုပ်နိုင်ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေဘက်က စတင် အကြမ်းဖက်လာပြီး သတင်းထောက်လို့ ထင်ရှားသူတွေကိုပါ အကြမ်းဖက် လိုက်လံ ရိုက်နှက်ချိန်မှာတော့ အခင်းဖြစ်ပွားရာ နေရာတွေမှာ ခိုအောင်း မနေနိုင်တော့ပဲ လွတ်ရာ ကျွတ်ရာ ထွက်ပြေးကြရပါတော့တယ်။ ဒီနေရာမှာ ရဲတွေရဲ့ ဝိုင်းလိုက်၊ ဝိုင်းအရိုက်ခံရပြီး ဒေသခံ တွေရဲ့ ကယ်တင်မှုကြောင့် အဖမ်းမခံရပဲ လွတ်မြောက်လာတဲ့ ပြည်ထောင်စုနေ့စဉ် သတင်းစာ သတင်းထောက် မောင်မျိုးက သူရဲ့ သတင်းစာမှာ ရေးသား ဖော်ပြထားတာကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။

သူရေးထားတဲ့ အတိုင်း ပြန်ပြောရရင် “ကျွန်တော့်ရင်ဘတ်တွင်မူ PRESS ဟူသော စာတန်းပါ အရှည်ခြောက်လက်မ၊ အနံသုံး လက်မခန့်ရှိသော ကတ်ပြားကို ချိတ်ဆွဲ ထားသည့်အပြင် လက်ထဲတွင် ကင်မရာတစ်လုံးကိုင်ထားသည်။ ထိုသို့ ရပ်နေစဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက လက်ညိုးထိုးကာ 'ဟိုမှာမီဒီယာ အဲဒီကောင်ကို ရိုက်ရိုက်'ဟုပြောဆိုလေသည်။ ထိုသူ၏ အသံကိုကြားပြီး ရဲတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်း ကျွန်တော့် နောက်ကို လိုက်ကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် ကျွန်တော် ပြေးလေတော့သည်။”

“ အနောက်က ရဲတွေက ညာသံ ပေးပြီးလိုက်သည်။ ထို့နောက် တွင် ကျွန်တော့်ရှေ့တွင် မြင်လိုက်ရ သည်က ကျွန်တော့်ရှေ့မှ ကျွန်တော့်ထံ ပြေးလာသောရဲသား ငါး ဦးထက်မနည်းကိုပင်။ နောက်ကလည်း ၁ဝယောက်ထက် မနည်းလိုက် ရှေ့ကလည်း ငါးဦးထက် မနည်းပြေးလာ။ ခြေမခိုင်တော့ဘဲ ဟန်ချက်ပျက်ကာ နောက် တစ်ကြိမ်လဲကျပြန်သည်။ ကျွန်တော် လဲကျချိန်နှင့် တစ်ပြိုင်နက် ရှေ့က ရဲဘော်တစ်ဦးက ပြေးကန်ချိန်နှင့်ကြုံသဖြင့် ခပ်ရှပ်ရှပ်ကလေး သာထိသွားသည်။ နောက်ကလိုက်လာသော ရဲဘော်တစ်ဦးက နံပါတ်တုတ်ဖြင့် လှမ်းပစ်သည်။ လဲကျသွားသော ကြောင့်မထိလိုက်။ ထို့နောက် လဲကျမှုကြောင့် မီလာပြီဖြစ်သော ရဲဘော်တစ်ဦးက နံပါတ်တုတ်နှင့် နှစ်ချက်ခန့်ဆင့်ရိုက်သည်။” နောက်ပိုင်း သတင်းထောက် မောင်မျိုးကို ဒေသခံ တစ်ယောက်က ကယ်တင်လိုက်တဲ့အတွက် လွတ်မြောက် သွားခဲ့ပါတယ်။

သတင်းထောက် အားလုံးလိုလို အသက်လု ထွက်ပြေးခဲ့ကြရပေမယ့် တစ်ချို့ သတင်းထောက်တွေကတော့ မောင်မျိုးလို ကံမကောင်းပါဘူး။ မြန်မာပို့စ် ဂလိုဘယ်လ် သတင်းထောက် ဉာဏ်လင်းထွန်း ခေါ် အလင်းဒီ၊ ရီပိုတာ ဂျာနယ် သတင်းထောက် ဖြိုးအောင်မြင့်တို့ နှစ်ယောက် အရိုက်နှက်ခံ၊ အဖမ်းခံလိုက်ရပါတယ်။ ခုလို ရိုက်နှက်ခံကြရ၊ သတင်းမယူနိုင်ပဲ ထွက်ပြေး ပုန်းအောင်းကြရ၊ အဖမ်းခံကြရ ဖြစ်တဲ့အတွက် ယာယီ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၊ MJA သတင်းစာ ဆရာ အသင်း၊ MJU သတင်းစာ ဆရာ သမဂ္ဂ၊ MJN သတင်းစာဆရာကွန်ယက်၊ ပင် မြန်မာ အသင်း စတာတွေက ကြေငြာချက်ထုတ်ပြီး ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို ကန့်ကွက်ခဲ့ကြပါတယ်။

တကယ်တော့ လတ်တလော အဖြစ်အပျက်တွေထဲမှာ သတင်းထောက်တွေ ဖမ်းဆီးခံရတာ ဒါ ပထမ အကြိမ်တော့ မဟုတ်ပါဘူး။ သိပ်မကြာသေးခင်တုန်းက လမ်းလျောက် ဆန္ဒပြ သပိတ်မှောက်တဲ့ ရွှေပြည်သာ အလုပ်သမားတွေကို အကြမ်းဖက် နှိမ်နင်းစဉ်တုန်းကလည်း သတင်းထောက် အထောက်အထားတွေ ပြသခဲ့တဲ့တိုင် ဆဲဗင်းဒေး နဲ့ ဒီဗွီဘီ သတင်းထောက် နှစ်ယောက် ခေတ္တ ခေါ်ယူ ထိန်းသိမ်းခံခဲ့ရပါတယ်။ အလားတူ မတ်လ ၅ ရက် မြို့တော်ခန်းမရေ ှ့ဖြစ်စဉ်မှာလည်း စွမ်းအားရှင်တွေက ကင်မရာကိုင်ထားတဲ့ သတင်းထောက်တွေကို ရန်မူ တိုက်ခိုက်တာ ရှိခဲ့ဖူးပါတယ်။ ပြောရရင် တစ်နေ့ တစ်ခြား ပိုပိုပြီး ကြမ်းတမ်းလာတဲ့ ရဲနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဟာ သူတို့ လုပ်ရပ်တွေကို မှတ်တမ်းတင်မယ့် သတင်းမီဒီယာသမားတွေကို ပိုပိုပြီး ပစ်မှတ်ထားလာတဲ့ သဘောပါ။ သိပ်မကြာသေးခင်တုန်းက ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့စဉ်တုန်းက အစိုးရဟာ အဲဒီ ဒေသကို စစ်အုပ်ချုပ်ရေး ဥပဒေ ပြဌာန်းခဲ့ပါတယ်။ အဲဒီအထဲမှာ သတင်းမီဒီယာ ဥပဒေ နဲ့ ပုံနှိပ် ထုတ်ေ၀ ဥပဒေ ကျူးလွန်သူတွေကို သေဒါဏ်အထိ ချမှတ်နိုင်တဲ့ စစ်အုပ်ချုပ်ရေး စီရင်ပိုင်ခွင့် အောက် ထည့်သွင်းခဲ့တာ တွေ့နိုင်ပါတယ်။ ဒါတင်မက ကိုးကန့်ဒေသ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက လက်နက်ကိုင် တိုင်းရင်းသား သူပုန်ခေါင်းဆောင်တွေကို တယ်လီဖုန်းဆက် သတင်းမေးတာဟာ တည်ဆဲ ပုဒ်မ ၁၇/၁ နဲ့ ငြိစွန်းနိုင်တယ် ဆိုပြီး သတင်းမီဒီယာတွေကို သတိပေးခဲ့ပါသေးတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စွမ်းအားကြီးတဲ့ ရေဒီယိုနဲ့ ရုပ်သံ ထုတ်လွှင့်ခွင့်ကို အစိုးရနဲ့ သူ့ခရိုနီ တစ်စုကပဲ လုပ်ကိုင်ခွင့်ရနေပြီး အာဏာပိုင်တွေကပဲ လုံး၀ ထိန်းချုပ်ထားပါသေးတယ်။ သတင်းဌာန တွေရဲ့ သတင်းရယူခွင့်နဲ့ ပုံနှိပ် စာနယ်ဇင်း တစ်ခုပဲ လွတ်လပ်ခွင့် ရသေးတာ ဖြစ်ပါတယ်။ အခု နောက်ပိုင်း သတင်းယူနိုင်တဲ့ လွတ်လပ်ခွင့်ကို ထိပါးလာတာမျိုးပါ။ အခုလို သတင်းမီဒီယာသမားတွေကို အကြမ်းဖက်တာ၊ ရိုက်နှက်တာ၊ ဖမ်းဆီးတာတွေဟာ ဥပဒေ နဲ့ ညီမညီ စိစစ်သင့်ပြီး အစိုးရ အနေနဲ့ လွတ်လပ်စွာ သတင်းရယူခွင့်ကို အာမခံချက် ပေးဖို့ လိုနေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG