သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ-ဘင်္ဂလီအရေး ဘယ်လို ဖြေရှင်းပေးမလဲ


လှေစီးပြေးဒုက္ခသည်များ အင်ဒိုနီးရှား အာချေဒေသကို ရောက်ရှိနေစဉ်
လှေစီးပြေးဒုက္ခသည်များ အင်ဒိုနီးရှား အာချေဒေသကို ရောက်ရှိနေစဉ်

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး တံခါးပိတ် ကြားနာ ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ အရင် စစ်အစိုးရကို အမွေဆက်ခံတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်အတွင်း ပထမ ဦးဆုံးအကြိမ်အဖြစ် မြန်မာ့အရေး လုံခြုံရေးကောင်စီ စားပွဲဝိုင်းကို ရောက်ခဲ့ရတာပါ။ ကြားနာမှုမှာ ဘာတွေ ဆွေးနွေးတယ် တိတိကျကျ ထုတ်ပြန်တာ မရှိပေမယ့် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အဲဒီ သမိုင်းဝင် ဆွေးနွေးပွဲမှာ မြန်မာ့လူ့အခွင့်အရေး အခြေအနေအပေါ် အဓိက ထားပြောဆိုခဲ့ကြပြီး မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ တိုးတက်ရေးအတွက် လူ့အခွင့်အရေး ကိစ္စက အဓိက ကျတယ်၊ အထူးသဖြင့် ရိုဟင်ဂျာ မူဆလင် လူနည်းစုတွေရဲ့ ဆိုးရွားတဲ့ အခြေအနေကို အလေးထား ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးရလောက်တဲ့ ရိုဟင်ဂျာ မူဆလင်တွေရဲ့ ပြသနာ ဆိုတာ ဘယ်လိုမျိုးလဲ၊ လက်ရှိ ဘယ်လို အခြေအနေ ရင်ဆိုင်နေကြရသလဲ၊ ပြသနာ ပြေလည်အောင် ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ ခေါ်ဝေါ်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြောဆိုနေသူတွေ ဆိုတာ လူဦးရေ တစ်သန်းနီးပါး ရှိတဲ့ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာကိုးကွယ်သူတွေဖြစ်ကြပါတယ်။ ဒါပေမယ့် လက်ရှိ အစိုးရကတော့ အဲဒီ လူတွေကို ရိုဟင်ဂျာ လူမျိုးတွေ ဖြစ်တယ်ဆိုတာ လက်မခံပါဘူး။ ရိုဟင်ဂျာ လူမျိုးဆိုတာ တိုင်းရင်းသား စာရင်းထဲ မပါရုံမက မြန်မာနိုင်ငံမှာ အဲဒီ ရိုဟင်ဂျာ ဆိုတဲ့ လူမျိုး လုံး၀ မရှိခဲ့ဘူးလို့ ငြင်းဆိုထားပြီး ဘင်္ဂလီလူမျိုးတွေ အဖြစ်သာ ခေါ်ဝေါ် သုံးနှုန်းပါတယ်။ တဆက်တည်း ကုလသမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေက ရိုဟင်ဂျာလူမျိုးလို့ ခေါ်ဝေါ်သုံးနှုန်းနေတာကို ကန့်ကွက်ထားသလို ရိုဟင်ဂျာ ခေါင်းစဉ်တပ်ပြီး ဆွေးနွေးမယ့် ဆွေးနွေးပွဲမှန်သမျှ အသိအမှတ်မပြု၊ တက်ရောက်မှာ မဟုတ်ဘူးလို့လည်း အတိအလင်း ပြောဆိုထားတာ တွေ့ရပါတယ်။ ဒါဟာ ရိုဟင်ဂျာလား၊ ဘင်္ဂလီ လူမျိုးလား အငြင်းပွားနေတဲ့ ပြသနာပါ။

တိုက်ရိုက် လင့်ခ်

တကယ့် လက်တွေ့ ဖြစ်ပွားနေတဲ့ ပြသနာကတော့ ဘာလူမျိုးလဲ ဆိုပြီး အငြင်းပွားနေမှုထက် အများကြီး ပို နက်ရှိုင်းပါတယ်။ အစ္စလာမ် ဘာသာကိုးကွယ်တဲ့ ဒီ ရိုဟင်ဂျာ-ဘင်္ဂလီ လူမျိုးတွေနဲ့ ပါတ်သက်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ အဆက်ဆက်သော မြန်မာအစိုးရတို့ အကြိမ်ကြိမ် အငြင်းပွား၊ အကြိမ်ကြိမ် စကားပြောခဲ့ကြရဖူးပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလ က စပြီး အဲဒီအချိန်က နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရဟာ ရိုဟင်ဂျာ-ဘင်္ဂလီ တွေကို White Card ခေါ် ယာယီ သက်သေခံ လက်မှတ်တွေ ထုတ်ပေးထားခဲ့ပါတယ်။ ယာယီ သက်သေခံ လက်မှတ် ဆိုတာဟာ မြန်မာနိုင်ငံထဲမှာ နေထိုင်ပြီး၊ နိုင်ငံခြားသား မဟုတ်သူ၊ နိုင်ငံသား အဆင့်အတန်း တစ်ခုခု သတ်မှတ်ပေးဖို့ စိစစ်နေဆဲ ကာလမှာ ထုတ်ပေးရတဲ့ လက်မှတ် အမျိုးအစားဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲက အဲဒီ White Card ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာ-ဘင်္ဂလီ တွေဟာ သူတို့ နေထိုင်ရာ နေရာကနေ အခြားတစ်နေရာရာကို လွတ်လွတ်လပ်လပ် သွားခွင့် မရှိပါဘူး။ လဝက ရဲ့ လူဦးရေ ထိန်းချုပ်မှု အစီအစဉ်အရ တစ်ယောက်နဲ့ တစ်ယောက် လက်ထပ်မယ် ဆိုရင် ခွင့်ပြုချက် တောင်းခံရပြီး၊ ခွင့်ပြုချက်ရမှ လက်ထပ် ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့်လည်း စစ်အစိုးရဟာ White Card ခေါ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာ-ဘင်္ဂလီ တွေကို ဥပဒေနဲ့ အညီ နိုင်ငံသား အဆင့်အတန်း စိစစ်တာ လုပ်မပေးပဲ၊ နှစ်ပေါင်း ၂၀ ကျော် အချိန်ဆွဲထားခဲ့ပါတယ်။ အဲဒီ ကာလ အတွင်း လူဦးရေ ၈ သိန်း ဝန်းကျင်ရှိတဲ့ ရိုဟင်ဂျာ- ဘင်္ဂလီတွေဟာ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတောမြို့နယ်ဘက်မှာ ပိတ်လှောင်ခံထားရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့တာပါ။

ဗူးလေးရာ ဖရုံဆင့်သလို ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် ရိုဟင်ဂျာ-ဘင်္ဂလီ တစ်သိန်းလေးသောင်းကျော်နဲ့ ရခိုင်တိုင်းရင်းသား ထောင်ဂဏန်း ယာယီ ဒုက္ခသည် စခန်းတွေမှာ သွားရောက် ခိုလှုံခဲ့ကြရပါတယ်။ အဓိက ပြသနာကတော့ အစိုးရအာဏာပိုင်တွေဟာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရတဲ့ အရင်းအမြစ် ပြသနာတွေကို ဖြေရှင်းမပေးတာပါပဲ။ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ-ဘင်္ဂလီတွေ သင့်သင့်မြတ်မြတ် အတူတကွ ပြန်လည် နေထိုင်နိုင်ရေး ကူညီ ဆောင်ရွက်မပေးခဲ့ပါဘူး။ ဒါ့အပြင် ရိုဟင်ဂျာ-ဘင်္ဂလီတွေကို သူတို့ မူလ နေထိုင်ရာ နေရာတွေကို ပြန်ခွင့်မပေးပဲ ဒုက္ခသည် စခန်းတွေမှာပဲ ဆက်ပြီး ပိတ်လှောင်ထားတာ၊ ရပ်ကွက်တစ်ခုတည်းမှာ စုစည်းထားတာ စတာတွေ လုပ်ကိုင်ခဲ့ကြပါတယ်။

ဒီလို လုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့က ရိုဟင်ဂျာ- ဘင်္ဂလီတွေ အတွက် သီးသန့်နေရာချထားပေးတဲ့ အောင်မင်္ဂလာ ရပ်ကွက်ကို ကိုယ်တိုင် သွားရောက်လေ့လာခဲ့တဲ့ ဘီလျံနာ သူဌေးကြီး ဂျော့ချ် ဆိုးရော့စ် ကတောင် ၁၉၄၄ ခုနှစ်တုန်းက နာဇီဂျာမဏီတွေက ဂျူးတွေကို ခွဲခြားပြီး နေရာချထားပေးရာမှာ နေထိုင်ခဲ့ရတဲ့ ဘူဒါပက်စ် မြို့က သူ့ ငယ်ဘ၀ အခြေအနေကို ပြန်ပြောင်းသတိရစေတယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲလို အောင်မင်္ဂလာ ရပ်ကွက်လိုမျိုးဟာ ရပ်ကွက်တစ်ခုနဲ့ မတူပဲ နာဇီတွေက ဂျူးတွေကို သီးသန့် စုစည်းထားတဲ့ ဂက်တို Ghetto လို့ပဲ ခေါ်ဖို့ ကောင်းတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အခု ရက်ပိုင်းလပိုင်းအတွင်း နိုင်ငံတကာ မီဒီယာတွေမှာ ထပ်ပြီး ပေါ်လာတဲ့ ပြသနာ တစ်ခုကတော့ လှေစီးပြေး ဒုက္ခသည်တွေအရေးပါ။ ဒီလှေစီးပြေး ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ-ဘင်္ဂလီတွေလည်း ပါဝင်နေတယ်လို့ စွတ်စွဲပြောဆိုမှုတွေ ရှိနေပြီး အဲလို လှေစီးပြေးရတဲ့ ပြသနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းသင့်တယ် လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်နေကြပါတယ်။

ပြောရရင် ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ- ဘင်္ဂလီ ပြသနာဟာ အခြားသော စစ်အာဏာရှင်တွေနဲ့ ပြည်သူတွေကြားက ပြသနာ၊ စစ်အာဏာရှင်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကြားက ပြသနာ တွေနည်းတူ အာဏာရှင်တွေ ချန်ထားရစ်ခဲ့တဲ့ ဆိုးမွေ တစ်ခုပဲ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဒီ ဆိုးမွေပြသနာကို မဖြေရှင်းနိုင်ရုံမက ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေဖြစ်ပွား၊ အဲဒီ အကြမ်းဖက်မှုတွေဟာမြန်မာပြည် အတွင်းပိုင်းအထိ ပျံ့နှံ့ ဆိုတဲ့ အနေအထားအထိ ဖြစ်ပွားခဲ့ရတာပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောဆိုခဲ့သလိုပါပဲ။ ဒီ ပြသနာဟာ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ တိုးတက်ရေးအတွက် အဟန့်အတား အနှောင့်အယှက် တစ်ခု သဖွယ်ဖြစ်စေပြီး နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စမှာလည်း အခက်အခဲ တွေ့စေတဲ့ ပြသနာ တစ်ခု ဖြစ်နေပါတယ်။

ဒီအတွက် အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝန်းဝိုင်းဝေဖန် ပြစ်တင်နေကြတဲ့ ရိုဟင်ဂျာ-ဘင်္ဂလီ ပြသနာကို အချိန်ဆွဲမထားတော့ပဲ ရဲရဲဝန့်ဝန့် လက်ခံ ဖြေရှင်းရပါလိမ့်မယ်။ ရေတိုမှာ သူတို့တွေရဲ့ ဘဝကို အကြမ်းဖက်မှုတွေ မဖြစ်ပွားခင်က အခြေအနေမျိုးရောက်အောင် ပြန် ဆောင်ကျဉ်းပေးရပါလိမ့်မယ်။ ရေရှည်မှာ သူတို့ကို ခုအတိုင်း မထားပဲ ပြဌာန်း ဥပဒေတွေနဲ့အညီ နိုင်ငံသားစိစစ် အဆင့်သတ်မှတ်ပေးတာ လုပ်ရပါလိမ့်မယ်။ သတ်မှတ်အဆင့်အတန်းနဲ့ လျော်ညီတဲ့ အခွင့်အရေးပေးရပါလိမ့်မယ်။ ဒီလိုကိစ္စကြီးကို ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရတစ်ဖွဲ့တည်းက တတ်နိုင်မှာတော့ မဟုတ်ပါဘူး။ အစိုးရနဲ့အတူ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အခြား တိုင်းရင်းသားခေါင်းဆောင်တွေပါ ပါဝင်ဖြေရှင်းမှ ပြေလည်မယ့် ပြသနာကြီး ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG