သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုး ဂိုဏ်းဂဏတိုက်ပွဲ နဲ့ ဒေါ်အောင်ဆန်းစုကြည်


ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့တွေ့ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့တွေ့ဆုံစဉ်

တစ်နည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဦးရွှေမန်းဆိုတဲ့ လွှတ်တော် ဥက္ကဌ စစ်ဗိုလ်ဟောင်း လူပုဂ္ဂိုလ်တစ်ယောက်နဲ့ပဲ ရင်းနှီးသွားပြီး တိုင်းပြည်ရဲ့ တကယ့် အရေးကြီးတဲ့ တပ်မတော်နဲ့တော့ ဝေးကွာသွားတာ တွေ့မြင်ရပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း တပ်မတော်နဲ့ အစိုးရအဖွဲ့ ပေါင်းပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်မှုကို ပြောင်းလဲလိုက်ပါပြီ။ အာဏာရပါတီကို အပြည့်အ၀ ပြန်ပြီး ထိန်းချုပ်လိုက်တာမျိုးလည်း ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲ လုပ်ပြီးနောက် ပြည်သူတွေ စိတ်အဝင်စားဆုံး ကိစ္စ နှစ်ခုရှိပါတယ်။ အဲဒါက သူရဦးရွှေမန်းရဲ့ ကံကြမ္မာ ဘယ်လို ဆက်ဖြစ်လာမှာလဲ၊ နောက်ပြီး သူရဦးရွှေမန်းနဲ့ အလွန် ရင်းနှီးတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်အယ်လ်ဒီပါတီ ရှေ့ ဘာဆက်လုပ်ကြမှာလဲ ဆိုတဲ့ ကိစ္စပါ။ ခုတစ်ပါတ် ဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက် နေပြည်တော် ပြည်ခိုင်ဖြိုးဌာနချုပ်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အသစ်တာဝန်ယူလိုက်တဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တွေက သူရဦးရွှေမန်းဟာ ပါတီခေါင်းဆောင် မဟုတ်တော့ပေမယ့် သာမန် ပါတီဝင် ဆက်ဖြစ်နေသေးတယ်၊ ပါတီကို ကိုယ်စားပြုပြီး ဖြူးမြို့နယ်ကနေ အမတ်လောင်းအဖြစ် စာရင်းသွင်းထားတာလည်း အတည်ဖြစ်နေသေးတယ်၊ ဒါတင်မက ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်ကိုလည်း ဆက်ယူထားဆဲ ဖြစ်တယ် လို့ ဆိုပါတယ်။ ဒါပေမယ့် သြဂုတ်လ ၁၄ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကနေ ပြည်ထောင်စု လွှတ်တော် နာယက ဆီကို လွှတ်တော် အမတ်တွေ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ပြဌာန်းပေးဖို့ (၄) ကြိမ်မြောက် အကြောင်းကြားစာ ပေးပို့ထားတဲ့ သတင်း ဖော်ပြလာပါတယ်။ ပြောရရင် တပ်မတော်နဲ့ အစိုးရဘက်ကနေ သူရဦးရွှေမန်းကို အမတ်တွေကို ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို အသုံးပြုပြီးတော့ဖြစ်စေ၊ အခြား နည်းလမ်း တစ်ခုခု သုံးပြီး ဖြစ်စေ၊ သူရဦးရွှေမန်းကို တိုက်ရိုက် ဖိအားပေးပြီးဖြစ်စေ လွှတ်တော် အမတ်၊ လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်တွေကနေ ဖယ်ရှားဖို့ ကြိုးစားကြလိမ့်မယ် ဆိုတာကတော့ ယုံမှားသံသယ ဖြစ်စရာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

အလားတူ ပြည်ခိုင်ဖြိုးပါတီမှာ သူရဦးရွှေမန်း ခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားခံရတဲ့ အရေးအခင်း ဖြစ်ခဲ့တာကို အကြောင်းပြုပြီး အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သြဂုတ်လ ၁၄ ရက်နေ့မှာ စတင်မယ့် ရှမ်းပြည်နယ် တောင်ပိုင်း ပအို့ဝ်ဒေသ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ နေပြည်တော်မှာ ဖြစ်နေတာဟာ ကြီးကျယ်တဲ့ ကိစ္စ၊ လွှတ်တော်ကိုလည်း ဂယက်ရိုက်ခတ်နိုင်တယ်၊ လာမယ့် ရွေးကောက်ပွဲကိုလည်း ဂယက် ရိုက်ခတ်နိုင်တယ် လို့ အင်န်အယ်လ်ဒီ ခေါင်းဆောင် ဦးဝင်းထိန်က သူရဦးရွှေမန်း ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် အဖြစ်ကနေ ဖယ်ရှားခံရတာကို ရည်ညွှန်းပြီး ပြောပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က ထွက်ပေါ်ခဲ့တဲ့ သတင်းတစ်ပုဒ်ကို အားလုံး မှတ်မိကြပါဦးမယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ အမတ် အများစု အနိုင်ရခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ မဟာမိတ် ဖွဲ့ပြီး သမ္မတ နေရာ ရအောင်ကြိုးစားမယ်၊ အစိုးရဖွဲ့နိုင်အောင် လုပ်မယ်၊ ဖွဲ့စည်းပုံထဲက ပုဒ်မ ၅၉ (စ) ကို မပယ်ဖျက်နိုင်သေးတဲ့ အတွက် ဒေါ်စုအနေနဲ့ သူရဦးရွှေမန်းကို အင်န်အယ်လ်ဒီ ပါတီကသမ္မတ လောင်းအဖြစ် တင်မြှောက်မယ် ဆိုတဲ့ သတင်းပါ။ ဒီ သတင်းနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ ခေါင်းဆောင်တစ်ချို့က မီဒီယာတွေကို ငြင်းဆိုခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ အဲဒါဟာ လုံး၀ မဖြစ်နိုင်ပါဘူး၊ သူရဦးရွှေမန်းကို အင်န်အယ်လ်ဒီက သမ္မတ လောင်းအဖြစ်ထောက်ခံပေးဖို့ လုံး၀ စိတ်ကူးမရှိပါဘူး ဆိုတာမျိုး ဒီကနေ့ထိ ယတိပြတ် ငြင်းဆိုတာ မရှိခဲ့ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့နှစ်ယောက်ကတော့ အလွန် ရင်းနှီးတဲ့ ဆက်ဆံရေး တည်ထောင်နိုင်ခဲ့ကြပါတယ်။ အကြိမ်များစွာ သီးသန့် တွေ့ဆုံ ဆွေးနွေးကြပါတယ်။ သတင်းစာ ရှင်းလင်းပွဲကိုတောင် အတူ လုပ်ခဲ့ကြတာပါ။ နိုင်ငံ့ကောင်းကျိုး အတွက်ဆိုရင် ဘယ်သူနဲ့ မဆို ပူးပေါင်းပြီး လုပ်သွားမယ် ဆိုတာမျိုး နှစ်ယောက်စလုံးက ပြောဆိုခဲ့ကြပါတယ်။ နောက်ဆုံးကုန်ကုန် ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေး ကာလ တုန်းက သမ္မတ ဦးသိန်းစိန်နဲ့ သူ့ အစိုးရအဖွဲ့ကို ပြည်ခိုင်ဖြိုးပါတီ ကနေ ဖယ်ရှားပစ်မယ့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော် က အတည်ပြုရာမှာတောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမတ်တွေဟာ သူရဦးရွှေမန်းတို့ဘက်က ထောက်ခံ မဲပေးခဲ့ကြပါတယ်။ ပြောရရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့နှစ်ယောက် နီးကပ် ရင်းနှီးလာသလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဝေးကွာ သွားခဲ့တဲ့ အနေအထားမျိုး တွေ့မြင်ကြရပါတယ်။ တစ်နည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဦးရွှေမန်းဆိုတဲ့ လွှတ်တော် ဥက္ကဌ စစ်ဗိုလ်ဟောင်း လူပုဂ္ဂိုလ်တစ်ယောက်နဲ့ပဲ ရင်းနှီးသွားပြီး တိုင်းပြည်ရဲ့ တကယ့် အရေးကြီးတဲ့ တပ်မတော်နဲ့တော့ ဝေးကွာသွားတာ တွေ့မြင်ရပါတယ်။

တကယ်တော့ နိုင်ငံမှာ လိုအပ်နေတာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးပါ။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆိုတာဟာ တပ်မတော်နဲ့ ပြည်သူ ပြန်လည် ပေါင်းစည်းရေး၊ တစ်နည်းပြောရရင် တပ်မတော်ခေါင်းဆောင်တွေနဲ့ လူထု ခေါင်းဆောင် ပြန်လည် ရင်ကြားစေ့ဖို့ပါ။ ဒီအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက်က အမြဲတစေ ကြိုးစားရမှာက တပ်မတော်နဲ့ နီးစပ်ဖို့၊ တပ်မတော်ကို စည်းရုံးနေဖို့ပါ။ ဒါပေမယ့်လည်း တကယ့်လက်တွေ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်ရေး အာသီသ ဆန္ဒပြင်းပြလွန်းတဲ့ သူရဦးရွှေမန်းနဲ့ နီးစပ်အောင် ကြိုးစားရင်း၊ သူရဦးရွှေမန်းနဲ့ သမ္မတ ဦးသိန်းစိန် အကြား၊ သူရဦးရွှေမန်းနဲ့ တပ်မတော်အကြား ဖြစ်ပွားနေတဲ့ ဂိုဏ်းဂဏ တိုက်ပွဲထဲ ဝင်ပါလို့ ပါမှန်းမသိ ခြေလှမ်းတွေ ကျွံသွားတဲ့ အနေအထား ရောက်သွားတာ တွေ့ကြရပါတယ်။

အခြားတစ်ဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ရွေးကောက်ပွဲမှာ သဘာ၀ မဟာမိတ်တွေဖြစ်တဲ့ တိုင်းရင်းသား တွေနဲ့တောင် ညှိနှိုင်း အပေးအယူ လုပ်နိုင်တာ မတွေ့ရပါဘူး။ စစ်အာဏာရှင်ရဲ့ ဒါဏ်ကို အတူတကွ ခံခဲ့ကြရတဲ့၊ ပြည်သူလူထုကလည်း ထောက်ခံအားပေးတဲ့ ၈၈ မျိုးဆက် လို အဖွဲ့အစည်းမျိုးနဲ့လည်း အကွဲအပြဲ တွေ အဖြစ်ခံခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် အဲဒီလို ဖြစ်ရတာဟာ တစ်ဖက် သူရဦးရွှေမန်းလို လူပုဂ္ဂိုလ်မျိုးနဲ့ နီးစပ်အောင် ကြိုးစားရင်း တကယ့် မဟာမိတ်တွေနဲ့ ဝေးကွာသွားစေတယ် လို့ ပါတီတွင်းက လူတစ်ချို့က ထင်မြင်ယူဆတာကိုတောင် တွေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ခုဆို သူရဦးရွှေမန်းဟာ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် တစ်ယောက် မဟုတ်တော့ပါဘူး။ လွှတ်တော် ဥက္ကဌ အဖြစ် ဆက်ရှိနေသေးပေမယ့် အဲဒီ အခြေအနေ မရေရာ မသေခြာတော့ပါဘူး။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မလဲ စဉ်းစားသုံးသပ်ဖို့ လိုပါပြီ။ အဖြစ်သင့်ဆုံးကတော့ အာဏာရ စစ်အုပ်စုအတွင်း ဂိုဏ်းဂဏ တိုက်ပွဲတွေကနေ ခပ်ခွာခွာနေပြီး ကိုယ့်ရဲ့ သဘာ၀ မဟာမိတ်တွေနဲ့ ပြန်လည် ပေါင်းစည်းမိအောင် ကြိုးစားသင့်ပါတယ်။ ဒါ့အပြင် သူရဦးရွှေမန်းလို လူပုဂ္ဂိုလ်တစ်ယောက်ထဲနဲ့ မဟာမိတ် ဖွဲ့ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်သုံးသပ်ပြီး တပ်မတော်နဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ရအောင် ဆက်ကြိုးစားသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG