သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀မ်းသာရမှာလား၊ ဝမ်းနည်းရမှာလား အသွင်ကူးပြောင်းရေး


နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်တဲ့ “နိုင်ငံတော်ဇ။် အကြံပေး ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ” အတည်ပြု ပြဌာန်းပြီးနောက် အဲဒီ ရုံးကနေ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားတဲ့ ပထမဦးဆုံး ကြေငြာချက် တစ်ရပ် ထွက်ပေါ်လာပါတယ်။ အဲဒီ ကြေငြာချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားတွေကို ပြစ်ဒါဏ် လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ ရနိုင်မယ့် နည်းလမ်းတွေနဲ့ လုပ်ကိုင်ဆောင်ရွက်လို့ ရနိုင်တဲ့ အကြောင်းအရာတွေပါ။ ထူးခြားချက် တစ်ခုကတော့ တပ်မတော် စစ်ဗိုလ်ချုပ်တွေ အများစုပါဝင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးမှ အကောင်အထည် ဖော်နိုင်မယ့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့နည်းလမ်းကိုတော့ ရှောင်ရှားထားတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေငြာချက်မှာ ဘာတွေ ပါသလဲ၊ အစိုးရအာဏာ လွဲှပြောင်းတာ တစ်ပတ် မပြည့်ခင်မှာပဲ ရွေးကောက်ခံတွေနဲ့ တပ်မတော်အကြား ပဋိပက္ခတွေ ပို ကြီးခဲ့ပြီလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အခုကြေငြာချက်ဟာ လွှတ်တော် နှစ်ရပ်ကနေ ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဥပဒေပြု ခန့်အပ်ပြီးနောက် ပထမ ဦးဆုံး ထုတ်ပြန်တဲ့ ကြေငြာချက်ပါ။ ကြေငြာချက်ဟာ သမ္မတ ရဲ့ကြေငြာချက် မဟုတ် သလို၊ ပြည်ထောင်စု ဝန်ကြီးတစ်ယောက်ရဲ့ ကြေငြာချက်လည်း မဟုတ် ပါဘူး။ အသစ်စက်စက် နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးကနေ ထုတ်ပြန် လိုက် တဲ့ နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမ ဦးဆုံး ကြေငြာချက် ဖြစ်ပါတယ်။ ဒီကြေငြာချက်မှာ လက်ရှိ အကျဉ်းထောင်တွေထဲ ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို လွှတ်ပေးနိုင်တဲ့ နည်းလမ်းသုံးသွယ်ကို တင်ပြထားပါတယ်။ ပထမ တစ်ခုကတော့ ဖွဲ့စည်းပုံအရ သမ္မတ က ပေးနိုင်တဲ့ ပြစ်ဒါဏ် လွတ်ငြိမ်းချမ်းသာခွင့်ပါ။ ဒါကတော့ တရားရုံးမှာ တရားစီရင် ပြစ်ဒါဏ်ချမှတ်ပြီးသူတွေကို ပေးပိုင်ခွင့်ရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမျိုးအစားပါ။ နောက်တစ်မျိုးကတော့ ပြစ်ဒါဏ်ချမှတ်ပြီးသူတွေကို ဖြစ်စေ၊ တရားရုံးမှာ အမှုရင်ဆိုင်နေရသူတွေကိုဖြစ်စေ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်ပါ။ ဒါကတော့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ရဲ့ သဘောတူညီချက် ရယူပြီး သမ္မတ က ပေးနိုင်တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်ပါတယ်။ တတိယ ကတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၉၄ ကို ကျင့်သုံးပြီး အစိုးရရှေ့နေတွေကနေ သူတင်ထားတဲ့ အမှုတွေကို တရားရုံးရဲ့ ခွင့်ပြုချက်ယူပြီး အမှုကို ပြန်ရုပ်သိမ်း၊ လွှတ်ပေးလိုက်တဲ့ နည်း ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ ကြေငြာချက်ထဲမှာ အဲဒီလို လွတ်ငြိမ်းခွင့်ပေးနိုင်တဲ့ အချက်သုံးချက်ထဲကမှ သူ ဆောင်ရွက်ပေးနိုင်တဲ့ အမြန်ဆုံး နည်းလမ်းတွေကတော့ တပ်မတော် စစ်ခေါင်းဆောင်တွေ ပါဝင်တဲ့ ကာလုံနဲ့ မတိုင်ပင်ပဲ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေပဲ လို့ ဆိုပါတယ်။ ဒီကြေငြာချက်ဟာ လက်ရှိ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အတွက် သတင်းကောင်း ဖြစ်ပေမယ့် ကာလုံမှာ အများစုနေရာယူထားတဲ့ တပ်မတော် အပေါ်ကိုတော့ ပြည်သူတွေ အထင်အမြင် လွဲမှားကြမှာကတော့ သေခြာပါတယ်။စာကို နောက်တမျိုး အဓိပ္ပါယ်ကောက်နိုင်တာကတော့ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားတွေကို လွတ်ငြိမ်းခွင့်ပေးရေးကိစ္စ တို့အစိုးရကတော့ သဘောတူတယ်၊ လုပ်ပေးမယ်၊ တပ်မတော်ဘက်က သဘောတူမှာ မဟုတ်တော့ အထွေထွေလွတ်ငြိမ်းခွင့် နည်းလမ်း မစဉ်းစားနိုင်ဘူး ဆိုတဲ့ သဘောပါပဲ။

အဲဒီလိုအဓိပ္ပါယ်ထွက်သွားရင်တော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီ ထုတ်ပြန်ချက်ကြောင့် နဂိုကတည်းကမှ တပ်မတော်အပေါ် အမြင်မကြည်လင် ဖြစ်နေတဲ့ ပြည်သူတွေ ခုဆို ပိုပြီး မုန်းတီးစေမှာ ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ တပ်မတော်အပေါ် အထင်အမြင် လွဲနေတာ၊ မုန်းတီးစိတ် ဝင်စေတာမျိုးဟာ အသွင်ကူးပြောင်းရေးကို အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်စေမှာလား၊ တိုင်းပြည် တည်ဆောက်ရေးမှာ အထောက်အပံ့ဖြစ်စေမှာလား၊ တိုင်းပြည် အနာဂတ် ကောင်းစေမှာလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က အင်န်အယ်လ်ဒီ အမတ်တွေဟာ အမျိုးသားလွှတ်တော်မှာ နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း တင်သွင်းခဲ့ပါတယ်။ ဧပြီ ၁ရက်၊ ၄ရက်၊ ၅ ရက် အချိန် သုံးရက်ပဲ သုံးပြီး လွှတ်တော်နှစ်ရပ်မှာ အဲဒီ ဥပဒေကြမ်းကို မြန်မြန်ဆန်ဆန် အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေကြမ်းတင်သွင်းစဉ် တစ်လျောက်လုံး လွှတ်တော်နှစ်ရပ်စလုံးက တပ်မတော်သား အမတ်တွေဟာ အလွန်အရေးကြီးတဲ့ ဥပဒေဖြစ်လို့၊ အချိန်နည်းနည်း ပိုပေးပြီး ဆွေးနွေးခွင့်ပြုသင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ခုလို တာဝန်တစ်ရပ် ပေးတာကို မကန့်ကွက်ဘူး၊ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ ဖြစ်စေသင့်တယ်၊ ဖွဲ့စည်းပုံနဲ့ ညီရင် ထောက်ခံပါ့မယ်၊ နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ဆိုတဲ့ နေရာမှာ နိုင်ငံတော် သမ္မတ ဇ။် အတိုင်ပင်ခံ ဆိုတာမျိုး ဖြစ်သင့်တယ်၊ စသဖြင့် စသဖြင့် အချက်ပေါင်းများစွာ တင်ပြခဲ့ပါတယ်။

ဒါပေမယ့် လွှတ်တော်ထဲက အင်န်အယ်လ်ဒီ အမတ်တွေရဲ့ လုပ်ပုံကိုင်ပုံဟာ အရေးကြီး ဥပဒေတခုကို လွှတ်တော်ထဲမှာ အခြေအတင် အကြေအလည် အချိန် လုံလောက်အောင် ဆွေးနွေးပြီးမှ အတည်ပြုတယ် ဆိုတာမျိုးထက်၊ နဂိုရည်ရွယ်ရင်း ရှိတဲ့အတိုင်း အချိန် သုံးရက်အတွင်း ဥပဒေကြမ်းပါ ဇ။်-သည် မရွေး တစ်လုံးမှ မပြင်ပဲ အများစု ဆန္ဒမဲနဲ့ အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ စာလုံး တစ်လုံးလောက် ပြင်လိုက်တယ် ဆိုရင်ပဲ အမျိုးသားလွှတ်တော်ဘက်မှာ ပြန်ဆွေးနွေးရမှာကို မလိုလားလို့ အဲလို တစ်လုံးမကျန် အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ပြောရရင် ဥပဒေတစ်ခုကို ပြဌာန်းနိုင်ဖို့ တို့မှာ မဲအလုံအလောက် ရှိတယ်၊ အဲဒီ မဲကိုသုံးပြီး အတည်ပြုမယ်၊ ပြင်နေရင် အချိန်ကြာတယ် ဆိုတာမျိုးထက် ဘာမှ မပိုပါဘူး။ လွှတ်တော်တွင်း တင်တာကိုက ဟန်ပြသဘောသာသာ သက်ရောက်သွားစေတာပါ။

အင်န်အယ်လ်ဒီ ဘက်က အဲလို ပြုမူဆောင်ရွက်ပုံကြောင့် လွှတ်တော်ထဲက တပ်မတော်သား အမတ်တွေရဲ့ တုန့်ပြန်ပုံကလည်း မကောင်းနိုင်တော့ပါဘူး။ ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်း ဆွေးနွေးစဉ်မှာ ဒါဟာ ဖွဲ့စည်းပုံနဲ့ မညီဘူး၊ ဒါကြောင့် မဲခွဲရင်လည်း ကျုပ်တို့ မဲမပေးဘူး၊ ဆန္ဒပြတယ် ဆိုတဲ့ အနေအထားအထိ ဖြစ်ပေါ်ခဲ့တာပါ။ လွှတ်တော်တွင်း အနေအထားကို စကိုင်းနက် အပါအဝင် ချယ်နယ် တစ်ချို့ကနေ တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့တာမို့ ပြည်သူ အများစုကတော့ တကယ့် ဆွေးနွေးကြတဲ့ အကြောင်းအရာအပေါ်မှာ ပြသနာ ဖြစ်ကြတယ် ဆိုတာထက် ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ခန့်မယ့်ကိစ္စ တပ်မတော်သားတွေက ကန့်ကွက်တယ်၊ ဆန္ဒပြတယ် ဆိုတာလောက် မြင်ပြီး အမြင်မကြည်လင် ဖြစ်ခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာအသွင်ကူးပြောင်းရေး အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ဖြစ်ပေါ်လာဖို့ ဆိုရင် စစ်အာဏာရှင် စနစ် နောက် တခါ ပြန်ပေါ်ပေါက်မ လာအောင် ဝိုင်းပြီးဆောင်ရွက်ဖို့ အဓိက အရေးကြီးပါတယ်။ အဲဒီအတွက် ရွေးကောက်ခံနဲ့ တပ်မတော်၊ ပြည်သူနဲ့ တပ်မတော် အဆင်ပြေ စည်းလုံးညီညွတ်မှုရှိအောင် အကောင်အထည် ဖော်ရပါမယ်။ တပ်မတော်က ရွေးကောက်ခံတွေကို အမြင်မကောင်းရင်၊ ပြည်သူကလည်း တပ်မတော်အပေါ် ခုလိုပဲ အမြင်စောင်းနေရင် အသွင်ကူးပြောင်းရေးတင်မက အနာဂတ် တိုင်းပြည် တည်ဆောက်ရေးမှာလည်း အခက်အခဲတွေ အများကြီး ကြုံတွေ့ရနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG