အင်န်အယ်လ်ဒီ အမတ်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်တွေ စတင် အသက်ဝင်ပြီးတာနဲ့ လူပြောအများဆုံး ဖြစ်လာတဲ့ ကိစ္စ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးပါ။ အင်န်အယ်လ်ဒီ ရဲ့ ဥပဒေ အကြံပေး ရှေ့နေကြီး ဦးကိုနီကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ကနေ တားမြစ်ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉(စ) ရှိတယ်၊ ဒီ ပုဒ်မကို ယာယီ ဆိုင်းငံ့ထားနိုင်ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး လမ်းပွင့်သွားလိမ့်မယ်၊ ဖွဲ့စည်းပုံပါ ပြဌာန်းချက် တစ်ခုခုကို အဲလို ဆိုင်းငံ့တာမျိုး မြန်မာ့သမိုင်းမှာလည်း ရှိခဲ့ဖူးတော့ ဒါဟာ ဖြစ်နိုင်တဲ့ ကိစ္စ တစ်ခုဖြစ်တယ် ဆိုပြီး ပြောဆိုနေခဲ့တာကတော့ ကြာပါပြီ။ အခု ပြည်ထောင်စု အဆင့် လွှတ်တော်အသစ်တွေ စတင် အသက်ဝင်လာနေပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်ကများ အဲလို ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေး လုပ်လာလေမလား ဆိုပြီး ပြောဆို ဝေဖန် စိတ်ဝင်စားမှုတွေ မြင့်တက်နေပါတယ်။ တကယ်တော့ ပုဒ်မ ၅၉(စ) ကို ယာယီ ဆိုင်းငံ့တယ် ဆိုတာဟာ ၂၀၀၈ ဖွဲ့စည်းပုံကို စိန်ခေါ်မှု တစ်ခုလို့ ခေါ်မယ်ဆို မမှားနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အနေနဲ့ အခု အချိန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စိန်ခေါ်ဖို့ အချိန်တန်ပြီလား ဆိုတာ လေ့လာ သုံးသပ်ကြည့်ကြရအောင်။
မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် ၁၉၅၈ ခုနှစ်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ အာဏာရ ဖဆပလ ပါတီကြီး နှစ်ခြမ်းကွဲပါတယ်။ ဝန်ကြီးချုပ် ဦးနု ဦးဆောင်တဲ့ သန့်ရှင်း ဖဆပလ နဲ့ ဦးဘဆွေ၊ ဦးကျော်ငြိမ်း ခေါင်းဆောင်တဲ့ တည်မြဲ ဖဆပလ တို့ဖြစ်ပြီး ဦးနုအဖွဲ့ဟာ အတိုက်အခံ ပမညတ ပါတီရဲ့ ထောက်ခံမှုနဲ့ လွှတ်တော်ထဲမှာ (၈) မဲလောက် အသာနဲ့ပဲ အစိုးရဖွဲ့ထားနိုင်တဲ့ အခြေအနေပါ။ ဒီလိုအခြေအနေမျိုးဟာ လွှတ်တော်ထဲ အယုံအကြည်မရှိ အဆို တင်သွင်းလိုက်ရင် ဦးနု အစိုးရ အချိန်မရွေး ပြုတ်ကျသွားနိုင်ပါတယ်။ ဒါကြောင့် ဦးနုဟာ လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ်တွေ ပြန်ကျင်းပ ပြုလုပ်လိုပါတယ်။ ဒီအတွက် ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်ခန့်၊ အိမ်စောင့် အစိုးရ ဖွဲ့စည်းစေပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးနိုင်ဖို့ အာဏာလွဲှပေးခဲ့ပါတယ်။
အဲဒီခေတ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတာက ရွေးကောက်တင်မြှောက်ခြင်း ခံရတဲ့ အမတ် မဟုတ်သူတစ်ယောက်ကို လိုအပ်လို့ ခေတ္တဝန်ကြီးချုပ် အဖြစ် တာဝန်ပေးမယ်ဆိုရင် အချိန် (၆)လ ထက် ကျော်လွန်ပြီး ပေးလို့ မရဘူး ဆိုတာပါ။ ဖွဲ့စည်းပုံ ပုဒ်မ ၁၁၆ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာရယူပြီး ၆ လပြည့်တဲ့တိုင် ရွေးကောက်ပွဲ မကျင်းပပေးနိုင်သေးပါဘူး။ နောက်ထပ် အချိန်လိုသေးတယ်လို့ ဆိုပါတယ်။ ဒီအခါ ဝန်ကြီးချုပ် ဦးနုဟာ ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၁၁၆ ကို ဆိုင်းငံ့တဲ့ ဥပဒေ တစ်ခု ပြဌာန်းပေးလိုက်ပါတယ်။ ပုဒ်မ ၁၁၆ ဆိုင်းငံ့လိုက်တဲ့အတွက် ဗိုလ်ချုပ်ကြီးနေဝင်းဟာ ရွေးကောက်ခံ အမတ် မဟုတ်ပေမယ့် ဝန်ကြီးချုပ် အဖြစ် ၆ လ ထက်ပိုပြီး တစ်နှစ်နဲ့ လေးလ နီးပါး တာဝန်ယူသွားခဲ့တာ တွေ့နိုင်ပါတယ်။
လက်ရှိ အင်န်အယ်လ်ဒီ အကြံပေး ဦးကိုနီနဲ့ နိုင်ငံရေးသမား တစ်ချို့ ပြောဆိုနေတာကတော့ အဲဒီခေတ် ဖွဲ့စည်းပုံထဲက ပုဒ်မ ၁၁၆ ကို ဆိုင်းငံ့ခဲ့တဲ့ နည်းတူ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံထဲက ပုဒ်မ ၅၉(စ) ကိုလည်း ဆိုင်းငံ့ထားနိုင်တယ် ဆိုပြီးဖြစ်ပါတယ်။ ဒီနေရာမှာ ပုဒ်မ၅၉(စ) ဆိုင်းငံ့ရေး အကြံပေးနေသူတွေ သတိမမူမိတဲ့ အရေးကြီး အချက်တစ်ခုကတော့ ဦးနုခေတ် ဖွဲ့စည်းပုံထဲက ပုဒ်မ ၁၁၆ ကို ဆိုင်းငံ့ရာမှာ လွှတ်တော်ထဲက အမတ်အများစုနဲ့ တပ်မတော် ကြိုတင် သဘောတူညီချက် ယူပြီးမှ ဆိုင်းငံ့ခဲ့တယ် ဆိုတဲ့ အချက်ပါ။
လက်ရှိ အခြေအနေကို ပြန်ကြည့်လိုက်ရင် လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီ အမတ်က အများစုပါ။ လေးပုံတစ်ပုံကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံထဲက ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့ထားလို့ ရတယ်၊ မရဘူး ဆိုတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြသနာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြသနာဖြစ်တာနဲ့ လျော်ညီစွာ ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့ရေး လုပ်တော့မယ် ဆိုရင် အင်န်အယ်လ်ဒီ နဲ့ တပ်မတော် ကြိုတင် သဘောတူညီချက် ရယူပြီး လုပ်မှ သင့်တော်ပါလိမ့်မယ်။ တစ်နည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နှစ်ယောက် ကြိုတင် သဘောတူညီချက် ရယူပြီးမှ ဆောင်ရွက်သင့်တဲ့ ကိစ္စမျိုးပါ။ နောက်တစ်ချက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ယောက် တွေ့ဆုံရေး ဆိုတာဟာ အရင်ခေတ်တုန်းကလို မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ခုဆိုရင်ပဲ ရွေးကောက်ပွဲ ပြီးကတည်းက စ ရေတွက်ရင် နှစ်ကြိမ်တောင် တွေ့ဆုံပြီးသွားခဲ့ပါပြီ။
ကောင်းပါပြီ။ တပ်မတော်နဲ့ ကြိုတင်သဘောတူညီချက် မယူပဲ ပုဒ်မ ၅၉(စ) ကို ယာယီ ဆိုင်းငံ့ဖို့ ကြိုးစားရင် ဘာဖြစ်လာနိုင်မလဲ စဉ်းစားထားဖို့တော့ လိုပါတယ်။ လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီ က အများစုမို့ “ပုဒ်မ ၅၉(စ) ကိုယာယီ ဆိုင်းငံ့သည့် ဥပဒေကြမ်း ” တင်သွင်း၊ အတည်ပြုလိုက်ရင် အလွယ်တကူ ဥပဒေ ဖြစ်လာမှာပါ။ ဒါပေမယ့် ဒါဟာ ဖွဲ့စည်းပုံနဲ့ မညီကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စောဒက တက်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ရောက်ကောင်း ရောက်သွားနိုင်ပါတယ်။ ခုံရုံးက ဖွဲ့စည်းပုံနဲ့ မညီဘူး လို့ ဆိုရင် အဲဒီ ကြိုးစားချက် ပျက်ပြယ်သွားပါလိမ့်မယ်။ ဒါပေမယ့် အင်န်အယ်လ်ဒီ နဲ့ တပ်မတာ် ဆက်ဆံရေး အဖုအထစ်ဖြစ် ကျန်ရစ်ပါလိမ့်မယ်။ ခုံရုံးက ဖွဲ့စည်းပုံနဲ့ ညီတယ်လို့ ဆုံးဖြတ်လိုက်ရင်တောင် တပ်မတော်က သဘောမတူရင် အခက်အခဲ တွေ့နိုင်ပါတယ်။ ဖွဲ့စည်းပုံကို ကာကွယ်ရမယ်လို့ သံန္နိဌာန် ချထားတဲ့ တပ်မတော်က သူ့ဖာသာသူ ကာကွယ်တဲ့ အနေနဲ့ အာဏာအရပ်ရပ်ကို ထိန်းသိမ်းတာမျိုး လုပ်ကောင်း လုပ်လာနိုင်ပါတယ်။ အရေးကြီးတာကတော့ ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေးဆိုတာကို တပ်မတော်နဲ့ ကြိုတင်သဘောတူညီချက် မယူပဲ ကံစမ်းမဲထိုးသလို သွားပြီး စိန်မခေါ်မိဖို့ပါပဲ။
တကယ်တော့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာဟာ စစ်ဘုရင်မင်းဆက် တစ်ဆက်ပြီး တစ်ဆက် အုပ်ချုပ်ဖို့ ကြိုတင်ကြံရွယ်ချက် ရှိရှိ ရေးဆွဲထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကြောင့်သာ အင်န်အယ်လ်ဒီ ပါတီ အပြတ်အသတ် အနိုင်ရပြီး အဲဒီ စီမံကိန်းကြီး ပျက်ပြယ်သွားခဲ့ရတာဖြစ်ပါတယ်။ ပြောရရင် ဖွဲ့စည်းပုံအရ အင်န်အယ်လ်ဒီဟာ ဥပဒေပြုခွင့် အာဏာနဲ့ အုပ်ချုပ်ရေးအာဏာ နှစ်ခု လက်ဝယ်ပိုင်ပိုင် ရထားပြီးပါပြီ။ အတော့်ကို ကျယ်ပြန့်တဲ့ အာဏာလို့ ပြောနိုင်ပါတယ်။ ဖွဲ့စည်းပုံထဲမှာ စစ်ဘုရင်တွေပဲ အုပ်ချုပ်ဖို့ ရည်ရွယ်ရေးဆွဲထားတဲ့အတွက် သမ္မတ အာဏာကလည်း အတော်လေးကို ကြီးမား ကျယ်ပြန့်ပါတယ်။ ထူးခြားချက် အနေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုလည်း သူ့ တစ်ဦးတည်း သဘောနဲ့ အာဏာသိမ်းနိုင်တဲ့ ပြဌာန်းချက်မျိုး တစ်လုံးတစ်ပါဒမှ ဖော်ပြမထားပါဘူး။
ပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဟာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်ထဲကနေ တိုင်းပြည် ကောင်းရာကောင်းကျိုး အမြောက်အများ အကောင်အထည် ဖော်နိုင်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ရာစုနှစ် တစ်ဝက်ကျော်လောက်တုန်းက လုံး၀ မရခဲ့တဲ့ အခွင့်အရေးပါ။ ဒီလို အခွင့်အရေးမျိုး ရနေတဲ့ အချိန်မှာ အခြေအနေ အားလုံးကို နောက်ပြန်လှည့်သွားစေနိုင်တဲ့၊ တပ်မတော်နဲ့ ကြိုတင်ညှိနှိုင်း သဘောတူညီချက် မရယူပဲ ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေးလို ဖွဲ့စည်းပုံကို စိန်ခေါ်တာမျိုး မလုပ်သင့်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။