သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေး စင်မြင့်ထက်ကို ပြန်ရောက်လာနိုင်ဦးမလား


၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံး မြင်ကွင်းတခု။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံး မြင်ကွင်းတခု။

ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်ပြီးနောက် ဘာ လှုပ်ရှားမှုမှ မရှိ၊ ငြိမ်သက်နေခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ပါတီ ယာယီဥက္ကဌဟောင်း သူရဦးရွှေမန်း အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၁၇ ယောက်ကို ပါတီကနေ အပြီးအပိုင် ထုတ်ပယ်လိုက်ခြင်းနဲ့ လှုပ်ရှားမှုကို အစပြုလိုက်ပါတယ်။ ဒါကို ထုတ်ပယ်ခံလိုက်ရတဲ့ သူရဦးရွှေမန်းနဲ့ ပါတီခေါင်းဆောင်ဟောင်းတွေက လက်မခံပါဘူး။ သတင်းစာရှင်းလင်းပွဲလုပ်၊ ကြေငြာချက် ထုတ်ပြီး အခုလို သူတို့ကို ထုတ်ပယ်လိုက်တာဟာ ပါတီတွင်းကိစ္စလို့ပဲ သဘောမထားကြပါနဲ့၊ ဒါဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကိုပါ သက်ရောက်မှုရှိတဲ့ ကိစ္စ ဖြစ်တယ် ဆိုပြီး ပြည်သူတွေကို တိုင်တယ်ပါတယ်။ ဒါ့အပြင် ပါတီဖွဲ့စည်းပုံ စဉ်းမျဉ်းအရ ဗဟိုကော်မတီဝင် ထက်ဝက်ကျော်ရဲ့ လက်မှတ်ကောက်ခံပြီး ပါတီညီလာခံ ကျင်းပပေးဖို့ တောင်းဆိုထားကြောင်းလည်း ရှင်းပြကြပါတယ်။ ဒါဟာ ပြည်ခိုင်ဖြိုးပါတီ နှစ်ခြမ်းကွဲတဲ့ သဘောလား၊ ထုတ်ပယ်ခံ အုပ်စုရဲ့ အခုတောင်းဆိုမှုကို သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က ဘယ်လို တုန့်ပြန် လာနိုင်သလဲ၊ ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေး စင်မြင့်ထက်ကို ပြန်ရောက်လာနိုင်ဦးမလား၊ နောက်တစ်ကြိမ် အာဏာရပါတီ ပြန်ဖြစ်လာနိုင်ဦးမလား ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီတွင်း ပြသနာကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ ဆိုရင် အဲဒီပါတီ ဘယ်လို ပေါက်ဖွားလာတယ်၊ ဘယ်လို သဘောလက္ခဏာရှိတယ် ဆိုတာ အရင် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အဖွဲ့ဟာ တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်တာကို စွန့်လွှတ်ရသည့်တိုင် စစ်ဗိုလ်ချုပ်တွေအနေနဲ့ အရပ်ဝတ်လဲပြီး အစဉ်အဆက် အုပ်ချုပ်သွားနိုင်အောင် စနစ်တကျ အစီအစဉ် ရေးဆွဲသွားခဲ့ကြတာပါ။ အဲဒီ အစီအစဉ် အကောင်အထည် ဖော်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲ ပြဌာန်းခဲ့သလို၊ စစ်ဗိုလ်ချုပ်တွေ အရပ်သား အသွင်ပြောင်းပြီး တိုင်းပြည်ကို ဆက်အုပ်ချုပ်နိုင်အောင် ပြည်ခိုင်ဖြိုးအသင်းကြီးကို ပါတီအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင် စစ်ဗိုလ်ချုပ်တွေ အရပ်သားအသွင်ပြောင်းပြီး တိုင်းပြည်အာဏာ ဆက်ယူရာမှာ အသုံးချဖို့ ပြည်ခိုင်ဖြိုးပါတီဆိုတာကို စစ်တပ်ပိုင် အဖြစ် ဖွဲ့စည်းပေးသွားခဲ့တာပါ။ စစ်အာဏာရှင်တွေရဲ့ နဂို ရည်မှန်းချက်ဟာ စစ်ဗိုလ်ချုပ်တွေ အနေနဲ့ ပြည်ခိုင်ဖြိုးပါတီကို အသုံးချပြီး အချိန်တန်ရင် သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီးလို ရာထူးမျိုးတွေ ရယူမယ်၊ ရွေးကောက်ပွဲ နောက်တစ်ကြိမ် ဆိုရင် တပ်မတော်က လာမယ့် နောက်ထပ် စစ်ဗိုလ်ချုပ်တွေကို နေရာဖယ်ပေးပြီး လွှတ်တော်ထဲ သွားကြမယ်၊ နောက်ဆုံး အဆင့်ဆိုရင် လွှတ်တော်အမတ် တာဝန်တွေကနေ အနားယူကြမယ် ဆိုတဲ့ စနစ်ကျတဲ့ အစီအစဉ်မျိုး ရေးဆွဲချမှတ်ပေးသွားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

ဒီ အစီအစဉ်အတိုင်းပဲ ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့အခါ ဗိုလ်ချုပ်ကြီးသန်းစိန် အပါအဝင် စစ်ဗိုလ်ချုပ် တစ်ချို့ကို သမ္မတ နဲ့ အစိုးရအဖွဲ့မှာ တာဝန်ပေးပါတယ်။ ဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ အရင် စစ်အစိုးရခေတ် ဝန်ကြီးတစ်ချို့ကို လွှတ်တော်ထဲ ပို့ပါတယ်။ ဒီနည်းအတိုင်း ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ဗိုလ်ချုပ်တွေက သမ္မတ နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတာဝန်တွေယူ၊ သမ္မတဦးသိန်းစိန်နဲ့ သူ့အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ နားရင်နား၊ မနားရင်လွှတ်တော်ထဲသွား၊ လွှတ်တော်ထဲ ရောက်နှင့်နေပြီးဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဝန်ကြီးတွေကလည်း နားရင်နား၊ မနားရင် လွှတ်တော်အမတ်အနေနဲ့ ဆက်သွား ဆိုတာမျိုး နေရာချဖို့ ကြံရွယ်ခဲ့ကြတာပါ။

ဒီလိုနည်းနဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်ခိုင်ဖြိုးပါတီကို အသုံးချပြီး အရပ်ဝတ်ပြောင်း၊ အစိုးရအာဏာကို အစဉ်အဆက် ရယူနိုင်ဖို့ စနစ်တကျ စီစဉ်ခဲ့ကြတာပါ။ အဓိပ္ပါယ်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ပြည်ခိုင်ဖြိုးပါတီကို ဖွဲ့စည်းပြီး တပ်မတော်ကို ပေးအပ်ခဲ့သလို၊ တပ်မတော် စစ်ခေါင်းဆောင်တွေကလည်း ဒီပါတီကို သူတို့ပိုင် ပါတီအဖြစ် မှတ်ယူခဲ့ကြတာမျိုး ဖြစ်ပါတယ်။

တကယ့်လက်တွေ့မှာတော့ အရင် စစ်အာဏာရှင်တွေ ကြံရွယ်တဲ့အတိုင်း ဖြစ်မလာပါဘူး။ ရည်မှန်းချက်ကြီးမားပြီး သမ္မတ ဖြစ်လိုတဲ့ သူရဦးရွှေမန်းနဲ့ လွှတ်တော်ထဲ ရောက်သွားတဲ့ ဝန်ကြီးဟောင်းတွေဟာ စစ်အာဏာရှင်တွေ ချမှတ်ပေးသွားတဲ့ အစီအစဉ်ကို လက်မခံလိုပါဘူး။ သူတို့ကိုယ်တိုင် အစိုးရ အာဏာ ပြန်ပြီး ရယူချင်ကြပါတယ်။ အကြောင်းတိုက်ဆိုင်သွားတာက ပါတီဥက္ကဌ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် ပါတီကို စီမံခန့်ခွဲခွင့် မရှိတဲ့အခါ သူရဦးရွှေမန်းနဲ့ လွှတ်တော်ထဲက အဲဒီ ဝန်ကြီးဟောင်းတစ်ဖြစ်လဲ အမတ်တွေဟာ ပြည်ခိုင်ဖြိုးပါတီကို အသုံးချပြီး အစိုးရအာဏာ ရယူနိုင်ရေး ကြိုးစားကြပါတော့တယ်။ ဒီအတွက် သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ထဲ ရောက်နေတဲ့ သူ့လူတွေကို ပါတီထဲက ဖယ်ထုတ်ဖို့ လုပ်ရသလို၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ တပ်မတော်ထဲက စစ်ဗိုလ်ချုပ်တွေ တိုက်ရိုက် ဒုသမ္မတ၊ ဝန်ကြီး ခန့်အပ်နိုင်တဲ့ ပြဌာန်းချက်ကို ပြင်ဆင်ဖို့ ကြိုးစားတာမျိုးတွေ လုပ်ပါတော့တယ်။ ဒီလုပ်ရပ်တွေဟာ အရင် စစ်အာဏာရှင်တွေ ချပေးသွားတဲ့ အစီအစဉ်ကို ဖျက်ဆီးသလို ဖြစ်ရုံမက စစ်တပ်ပိုင် ပြည်ခိုင်ဖြိုးပါတီကို လုယူသလိုလည်း ဖြစ်နေတဲ့အတွက် တပ်မတော်ဟာ သမ္မတဦးသိန်းစိန် ဘက်က ရပ်တည်ပေးခဲ့ပါတယ်။

နောက်ပိုင်း အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့နှစ် သြဂုတ်လ မှာ ပါတီဥက္ကဌ သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေ ပေါင်းပြီး သန်းခေါင်ယံ ပါတီတွင်း ဖြုတ်ထုတ်ပွဲကြီး ဆင်နွှဲခဲ့ကြပါတော့တယ်။ တပ်မတော်ဟာ သူတို့ပိုင် ပါတီကို သူရဦးရွှေမန်း အုပ်စုလက်ထဲကနေ သူတို့လက်ထဲ ရောက်အောင် ပြန်ပြီး လုယူလိုက်တဲ့ သဘောမျိုးပါ။ ဒီလို ကြီးမားတဲ့ ပါတီတွင်း ဂိုဏ်းဂဏ အကွဲအပြဲ၊ ပါတီ လုပွဲကြောင့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ် ရှုံးပွဲ ဆိုက်ခဲ့တာ ဖြစ်ပါတယ်။

ခုတော့ ပါတီဥက္ကဌ သမ္မတဟောင်းဦးသိန်းစိန်လဲ အစိုးရတာဝန်က အနားရပြီမို့ ပါတီ ပြန်လည် ဖွဲ့စည်းရေးတာဝန် ပြန်ယူပြီး လုပ်စရာရှိတာ လုပ်တဲ့ သဘောပဲဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ သဘောသဘာ၀ အတိုင်းပါပဲ၊ ပြည်ခိုင်ဖြိုးပါတီဟာ သူ့ပါတီတွင်းက ဂိုဏ်းဂဏ ပြသနာကို အရင် ရှင်းလင်းတဲ့ သဘောနဲ့ သူရဦးရွှေမန်း ပါအဝင် ခေါင်းဆောင် ၁၇ ယောက်ကို ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ခိုင်ဖြိုးပါတီထဲမှာ သူရဦးရွှေမန်းကို ထောက်ခံသူ ဒီထက်မက များပြားနိုင်တာမို့ နောက်ထပ် အရေးယူမှုတွေလည်း ထပ်ပြီး လာနိုင်ပါသေးတယ်။ ဒီလို အခြေအနေမှာ ထုတ်ပယ်ခံရတဲ့ ဦးဇော်မြင့်ဖေ နဲ့ ဗဟိုကော်မတီဝင် ထက်ဝက်ကျော်ရဲ့ ပါတီညီလာခံ ခေါ်ပေးဖို့ ဆိုတဲ့ တောင်းဆိုချက် သိပ်ပြီး ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေဟာ တပ်မတော်ရဲ့ အားကိုယူပြီး သူတို့ဖာသာ သူတို့ ဂိုဏ်းဂဏ ပြသနာကို ရှင်းလင်းသွားကြပါလိမ့်မယ်။

ဒီထက် အရေးကြီးတဲ့ ပြသနာကတော့ ပြည်သူလူထု ကြိုက်နှစ်သက်ခြင်း မရှိတဲ့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ရှေ့ ဘယ်လို လုပ်ငန်း လမ်းစဉ်တွေနဲ့ ဆက်သွားမလဲ ဆိုတာပါ။ အခုလိုပဲ တပ်မတော်နဲ့ ချိတ်ဆက်ထားပြီး တပ်မတော်ပိုင် ပါတီ အနေနဲ့ အသုံးတော်ခံသွားမလား၊ ဒါမှမဟုတ် ပြည်သူလူထု ထောက်ခံတဲ့ နိုင်ငံရေးပါတီ တစ်ခု ပီပီပြင်ပြင် ဖြစ်လာအောင် ပြုပြင်ပြောင်းလဲ တည်ဆောက်သွားမလား ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဘယ်လိုပဲ ဆုံးဖြတ်သည်ဖြစ်စေ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အပါအဝင် အနီးဆုံး ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ မမျှော်လင့်နိုင်ပါကြောင်းနဲ့ အာဏာရပါတီ ပြန်ဖြစ်လာဖို့ မမျှော်မှန်းနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG