သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

White Card ကိုင်သူတွေကို မဲပေးခွင့် ပြုသင့်သလား


Myanmar census enumerators ask questions to a family member while collecting information in Sittwe, Rakhine State, western Myanmar, Monday, March 31, 2014. Enumerators fanned out across Myanmar on Sunday for a census that has been widely criticized for st

ပြည်ထောင်စုလွှတ်တော်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဒုတိယ အကြမ် ပြန်ပြင်ဆင်လိုက်ပြန်ပါပြီ။ စက်တင်ဘာ ၃၀ ရက်စွဲနဲ့ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်ပေးလိုက်တဲ့ အဲဒီ ပြင်ဆင်ချက် ဥပဒေထဲမှာ အချက် (၅) ချက်ပါပြီး White Card လို့ခေါ်တဲ့ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူတွေကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ နိုင်ငံရေးပါတီတွေမှာ ပါတီဝင်တွေအဖြစ် ပါဝင်ခွင့် ပိတ်ပင်လိုက်တာပဲ ဖြစ်ပါတယ်။ နဂို ဥပဒေ မှာ ဘာအချက်တွေ ပြဌာန်းထားလို့ အခုလို ပြင်ဆင်ချက် လုပ်ဖို့ လိုရတာပါလဲ၊ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အခု ပြင်ဆင်လိုက်တဲ့ ဥပဒေရဲ့ မူရင်းဥပဒေကတော့ ၂၀၁၀ မတ်လ ၈ ရက်နေ့မှာ နအဖ စစ်အစိုးရက ပြဌာန်းခဲ့တဲ့ “ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” ပါ။ အဲဒီ ဥပဒေ ထဲမှာ နိုင်ငံရေး ပါတီ တည်ထောင်ခွင့်၊ ပါတီဝင် ဖြစ်ခွင့်တွေနဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံထဲ နေထိုင်သူ အားလုံးကို ခွင့်ပြုပေးထားခဲ့ပါတယ်။ ဥပဒေ စာသားအရ နိုင်ငံရေးပါတီ တည်ထောင်မယ့် သူတွေ၊ ပါတီဝင် အဖြစ် ပါဝင်မယ့် သူတွေဟာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဒါမှမဟုတ် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဘယ်သူမဆို ဖြစ်ခွင့်ပေးထားပါတယ်။

White Card ကိုင်သူတွေကို မဲပေးခွင့် ပြုသင့်သလား
please wait

No media source currently available

0:00 0:05:51 0:00
တိုက်ရိုက် လင့်ခ်

ဒီ ပြဌာန်းချက်ကို စ ပြီး အငြင်းပွား ကန့်ကွက်သူတွေကတော့ လွှတ်တော်ထဲက ရခိုင်တိုင်းရင်းသား အမတ်တွေပဲ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသား အမတ်တွေက သူတို့ ရခိုင်ပြည်နယ်မှာ ဘာနိုင်ငံသားရယ်လို့ မယ်မယ်ရရ မသတ်မှတ်နိုင်သေးတဲ့ White Card လို့ခေါ်တဲ့ ယာယီ သက်သေခံလက်မှတ်နဲ့ နေထိုင်သူ ၇ သိန်းခွဲကျော် ရှိတယ်။ အဲဒီလို ဘယ်နိုင်ငံသားရယ်လို့ တိတိကျကျ သတ်မှတ်နိုင်ခြင်း မရှိသေးသူတွေကို နိုင်ငံ့အရေးအရာ တွေဖြစ်တဲ့ နိုင်ငံ့ကံကြမ္မာ ကိုဖန်တီးမယ့် နိုင်ငံရေးပါတီ ထောင်ခွင့်ပေးတာ၊ နိုင်ငံရေးပါတီဝင် ဖြစ်ခွင့်ပေးတာ၊ မဲပေးခွင့်ပေးတာဟာ မသင့်တော်တဲ့အကြောင်း တင်ပြခဲ့ကြပါတယ်။ ဒါနဲ့ တဆက်တည်း ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးပါတီဟာ အဲဒီ White Card ကိုင်ဆောင်ထားတဲ့ ဘင်္ဂလီ ၇ သိန်းခွဲရဲ့ မဲတွေ ရအောင် ဥပဒေမှာ အဲလို အချက်တွေ ထည့်သွင်းခဲ့တာ ဖြစ်တယ်လို့ စွတ်စွဲပါတယ်။

ဒါနဲ့ ပါတ်သက်ပြီး အစိုးရ တာဝန်ရှိသူတွေဘက်ကတော့ အဲဒီ White Card ကိုင်ဆောင်ထားသူတွေကို အမတ်အဖြစ် ရွေးချယ်ခံပိုင်ခွင့် ပေးမထားပါဘူး၊ ကျန်အခွင့်အရေး တွေကိုတော့ လူ့အခွင့်အရေး ရှုဒေါင့်ကနေ ပေးထားတာဖြစ်တယ် ဆိုပြီး ပြန်ဖြေရှင်းတာ ရှိခဲ့ပါတယ်။ နောက်ပိုင်း လွှတ်တော်ထဲမှာ ခုလို ဥပဒေ ပြင်ဆင်ချက် ထွက်လာတာ ဖြစ်ပါတယ်။ အခု ပြင်ဆင်ချက် ဥပဒေအရ ဆိုရင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို နိုင်ငံသားစိစစ်ရေး လက်မှတ် ကိုင်ဆောင်ထားတဲ့ နိုင်ငံသား တစ်မျိုးတည်းကပဲ ရတော့မှာဖြစ်ပါတယ်။ ကျန်တဲ့ ဧည့်နိုင်ငံသားတွေ၊ နိုင်ငံသား ပြုခွင့်ရသူတွေ White Card ကိုင်ဆောင်သူတွေကတော့ ပါတီထောင်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ အလားတူ ပါတီဝင် ဖြစ်ခွင့်ကိုလည်း နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့် ရသူ နှစ်မျိုးကပဲ ရရှိမှာဖြစ်ပြီး ဧည့်နိုင်ငံသားတွေနဲ့ White Card ကိုင်ဆောင်သူတွေကတော့ ဘယ်ပါတီကိုမှ ၀င်လို့ ရတော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်တာ မရှိသေးတော့ White Card ကိုင်ထားတဲ့ ၇ သိန်းခွဲကျော်သော ရခိုင်ပြည်နယ်က ဘင်္ဂလီတွေ မဲပေးပိုင်ခွင့် ရနေဦးမှာ ဖြစ်ပါတယ်။ အရင် စစ်အစိုးရက ပြဌာန်းခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေမှာ နိုင်ငံသား မိဘ နှစ်ပါးက မွေးတဲ့ နိုင်ငံသား ဖြစ်သူမှသာ အမတ်အဖြစ် ရွေးချယ် ခံပိုင်ခွင့် ရပေမယ့်၊ ကျန်တဲ့ ဧည့်နိုင်ငံသားတွေ၊ နိုင်ငံသားပြုခွင့်ရသူတွေ၊ White Card ကိုင်ဆောင်သူတွေ အားလုံးကိုတော့ မဲပေးခွင့် ပြုထားတာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ အရေးအရာကို ဆုံးဖြတ်တာဟာ နိုင်ငံသားတွေရဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံရေးပါတီ ထောင်တာ၊ ပါတီတွေမှာ ပါဝင်တာ၊ မဲပေးတာ စတာတွေဖြစ်ပါတယ်။ ဒီလို နိုင်ငံ့အရေး အဆုံးအဖြတ် ပေးမယ့်ကိစ္စ ဘယ်နိုင်ငံသားမှန်း မစိစစ်ရသေးသူတွေကို အခွင့်အရေး မပေးသင့်ဘူး ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ မြန်မာနိုင်ငံမှာ White Card ကိုင်ထားတဲ့ ဘယ်နိုင်ငံသားမှန်း မစိစစ်ရသေးသူကလည်း တစ်သန်းနီးပါး ရှိနေသေးတာကလည်း ပြသနာပါ။

ဒီအတွက် White Card ပြသနာကို ပြန်ကောက်ဖို့ လိုပါတယ်။ White Card ပြသနာဟာ အရင် စစ်အစိုးရ လက်ထက် ၁၉၉၃ ကတည်းက စ ခဲ့တာပါ။ တစ်ချို့ အစ္စလာမ်ဘာသာဝင် အတော်များများ အဲဒီ အချိန်က သူတို့ကိုင်ထားကြတဲ့ သုံးခေါက်ချိုး မှတ်ပုံတင်ကဒ်ပြားတွေ အသိမ်းခံရပြီး White Card နဲ့ ပြန်အစားထိုးပေးတာ ခံရတယ်လို့ ဆိုပါတယ်။ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ စိစစ်ပြီးမှ သင့်တော်တဲ့ သက်သေခံ အထောက်အထား ကဒ် တစ်ခုခု ပြန်ပေးမယ် ဆိုတဲ့ သဘောပါ။ ဒါပေမယ့်လည်း နှစ်ပေါင်း ၂၀ ကျော်လာတဲ့အထိ အရင်စစ်အစိုးရနဲ့ လက်ရှိ အစိုးရဟာ White Card ကိုင်ထားသူတွေကို စိစစ်တာမျိုး မလုပ်နိုင်ခဲ့ပါဘူး။ ဒီလိုနည်းနဲ့ ရခိုင်ပြည်နယ်မှာ White Card ကိုင်ဆောင်သူ ၇ သိန်းခွဲ၊ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ဆို ၈ သိန်းခွဲကျော် ရှိလာခဲ့တာပါ။

၂၀၁၀ ရွေးကောက်ပွဲ ကာလ ရောက်တော့လည်း အရင် စစ်အစိုးရဟာ ဥပဒေ ပြဌာန်းပြီး အဲဒီ White Card ကိုင်ထားသူ အားလုံးကို ပါတီထောင်ခွင့်၊ ပါတီဝင်ခွင့်နဲ့ မဲပေးခွင့် အားလုံးပေးခဲ့ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်က ၇ သိန်းခွဲသော ဘင်္ဂလီတွေဆီက မဲတွေ ရဖို့ အဲလို လုပ်ခဲ့လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ကြပါတယ်။ ဒါဟာ မဖြစ်သင့်ဘူး ဆိုပြီး ရခိုင်တိုင်းရင်းသားတွေ အပါအ၀င် နိုင်ငံရေးသမားတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ တကယ့်တကယ် ဖြစ်သင့်တာက မြန်မာနိုင်ငံထဲက လူတစ်ဦးဦးဟာ White Card ကို ကိုင်ဆောင်ရတာဟာ တကယ့်ကို ယာယီ ကာလတို ပဲ ဖြစ်သင့်ပါတယ်။ အခု နှစ်ပေါင်းများစွာ White Card တွေကို မစိစစ်ပဲ ထားလို့ ခုလို ပြသနာ ဖြစ်လာရတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် သိပ်မကြာခင် ၂၀၁၅ ရွေးကောက်ပွဲ ကာလ ရောက်လာပါတော့မယ်။ အဲဒီ ကာလမှာ ဘယ်နိုင်ငံသားမှန်း မစိစစ်ရသေးသူတွေကို မဲပေးဖို့ ခွင့်မပြုသင့်ပါဘူး။ ဒီအတွက် အစိုးရအနေနဲ့ အဲဒီ အချိန်မတိုင်ခင် White Card ကိုင်ဆောင်ထားသူတွေကို အခြား သက်သေခံ ကဒ်ပြား တစ်မျိုးမျိုး ပြောင်းကိုင်ဖို့ စိစစ်ပေးရပါလိမ့်မယ်။ အဲဒီ သက်သေခံ ကဒ်ပြား အထောက်အထား တစ်ခုခု အရသာလျင် မဲပေးပိုင်ခွင့်ပြုသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

XS
SM
MD
LG